ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၄ မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည့် ၂၀၁၂ ဆူဇူကီးဖလား အရှေ့တောင် အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းမှာ နိုဝင်ဘာ ၂၁ ရက်က လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
တိုက်ဂါးဖလား
ယခုကျင်းပလျက်ရှိသော ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ ပထမဦးစွာ ၁၉၉၆ ခုနှစ်တွင် စတင်စဉ်က စင်ကာပူအခြေစိုက် တိုက်ဂါးဘီယာ ကုမ္ပဏီက စပွန်ဆာပေး ထောက်ပံ့မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ ဘရူနိုင်းနိုင်ငံက အရက်ကုမ္ပဏီမှ ထောက်ပံ့သည့် ပြိုင်ပွဲဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။ ထို့နည်းတူစွာ ထိုစဉ်က အရှေ့တီမောနိုင်ငံ မပေါ်ပေါက်သေးသဖြင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံ ၉ နိုင်ငံသာ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယှဉ်ပြိုင်မနိုင်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် တိုက်ဂါးဖလားအမည်ဖြင့် စတင်ကျင်းပခဲ့သည့် ၁၉၉၆ ခုနှစ်မှ စကာ ၂၀၁၂ အထိ နှစ်စဉ်အကြိမ်တိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ သို့ရာတွင် ၂၀၁၀ အထိ တကြိမ်တခါမှ နောက်ဆုံး ဗိုလ်လုပွဲအဆင့် မရောက်သေးပါ။ တကြိမ်မှလည်း ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါ။ ၁၉၉၆ ခုနှစ်မှ ၂၀၁၁ အထိ ကျင်းပခဲ့သမျှ တိုက်ဂါးနဲ့ ဆူဇူကီးပြိုင်ပွဲတွေမှာတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း မှန်မှန်ဝင်ပြိုင်ခဲ့ပါသည်။
တိုက်ဂါးဖလား
တိုက်ဂါးဖလား ပထမဆုံးအကြိမ် ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၁ မှ ၁၅ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် အသင်းကို ပြိုင်ဖက်နိုင်ငံများနှင့် မြန်မာပြည်သူများက အနိုင်ရ ဗိုလ်စွဲနိုင်သည်ဟု မျှော်လင့်ထားကြသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပါ။
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၉၃ ဆီးဂိမ်းတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။ ထိုင်းအသင်းကို ၃း၄ ဂိုးဖြင့် ရှုံးပြီး ငွေတံဆိပ်ရသည်။ ဆီးဂိမ်းအပြီး ၁၉၉၄ ခုနှစ်တွင် ပြုလုပ်သည့် အာရှအားကစားပွဲ ဘောလုံးပွဲတွင် အုပ်စုအဆင့်၌ ပင်လယ်ကွေ့ဒေသမှ အသင်းကြီးများဖြစ်သည့် ကာတာနှင့် ကစားရာတွင် ၂ ဂိုးစီ သရေကျသည်။ ယူအေအီး အသင်းကိုမူ ခြေရည်တူ ကစားထားပြီး ဝး၂ ဂိုးဖြင့်သာ ရှုံးခဲ့သည်။
၁၉၉၅ ဆီးဂိမ်းတွင် အုပ်စုအဆင့်၌ ဖိလစ်ပိုင်ကို ၄း၂၊ ဘရူနိုင်းကို ၂းဝ၊ လာအိုကို ၁း၀ ဖြင့် နိုင်သည်။ စင်ကာပူအသင်းကိုမူ ၂း၄ ဂိုးဖြင့် ရှုံးသည်။ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ၂ ယောက် အထုတ်ခံရပြီး၊ ဗီယက်နမ်အသင်းကို ၁း ၂ ဖြင့်သာ ရှုံးသည်။
၁၉၉၃/၉၄/၉၅ ခုနှစ် ပြိုင်ပွဲများတွင် ပြသခဲ့သည့် မြန်မာအသင်း ခြေစွမ်းများကြေင့် ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပသည့် တိုက်ဂါးဖလား ဘောလုံးပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနိုင်ဖွယ် ရှိသည်ဟု မျှော်လင့်ထားကြခြင်း ဖြစ်သည်။
၁၉၉၆ ခုနှစ် တိုက်ဂါးဖလား ပြိုင်ပွဲတွင် မြန်မာအသင်းသည် ထင်တိုင်း မပေါက်ခဲ့ပါ။ အုပ်စု (ခ) ပွဲစဉ်တွင် ကမ္ဘောဒီးယားကို ၅းဝ၊ လာအိုကို ၄း၂ ဖြင့် နိုင်သော်လည်း ဗီယက်နမ်ကို ၁း၄၊ အင်ဒိုနီးရှားကို ၁း၆ ဂိုးဖြင့် ရှုံးပြီး အုပ်စု အဆင့်မှပင် ထွက်ခဲ့ရသည်။
ခြေစစ်ပွဲ
၁၉၉၆ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် ၁၉၉၈ ပြိုင်ပွဲအတွက် မြန်မာအသင်း ခြေစစ်ပွဲဝင်ခဲ့ရသည်။
ခြေစစ်ပွဲကို မြန်မာနိုင်ငံတွင် မတ်လအတွင်း ဘရူနိုင်း၊ လာအိုအသင်းတို့နှင့်အတူ ခြေစမ်းပွဲ ကစားခဲ့ရသည်။ မတ်လ ၁၃ ရက်တွင် ဘရူနိုင်းက ၄း၁ ဖြင့်နိုင်သည်။ မတ် ၁၈ ရက်နေ့ပွဲတွင် လာအိုအသင်းကို ၃းဝဖြင့် နိုင်ပြီး၊ ခြေစစ်ပွဲအောင်သည်။ နောက်ဆုံး ဗိုလ်လုပွဲအဆင့်တွင်မူ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထိုင်းအသင်းနှင့် ကစားရာ ၁ ဂိုးစီ သရေကျသည်။ ဒုတိယပွဲတွင် အင်ဒိုနီးရှားကို ၂း၆ ဖြင့်ရှုံးသည်။ တတိယပွဲတွင်မူ ဖိလစ်ပိုင်ကို ၅း၂ ဖြင့်နိုင်သည်။
သုံးပွဲကစားရာတွင် တပွဲနိုင်၊ တပွဲသရေနှင့် တပွဲရှုံးသည်။ ၈ ဂိုးသွင်းပြီး ၉ ဂိုး ပြန်အသွင်းခံရသည်။ အနုတ် ၁ ဂိုးဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ကစားသည့်ပွဲတွင် အင်ဒိုနီးရှားက ၂ ဂိုးပြတ်သွင်းလျှင်ပင် မြန်မာအသင်း အုပ်စုတွင် ဒုတိယ ရမည်ဖြစ်သည်။ သို့ရာတွင် ထိုင်းနှင့် အင်ဒိုနီးရှားတို့ ညှိကစားသွားသဖြင့် မြန်မာတို့ အုပ်စုကပင် ပြန်လှည့်ရပြန်သည်။
၂၀၀၀ ပြည့်နှစ် တိုက်ဂါးဖလား အုပ်စုပွဲစဉ်များကို ဖူးခက်နှင့် ချင်းမိုင်မြို့များတွင် ပြုလုပ်သည်။
မြန်မာ့လက်ရွေးစင်အသင်းက ချင်းမိုင်တွင် အိမ်ရှင် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့နှင့်အတူ ကစားခဲ့ရသည်။ နိုဝင်ဘာ ၆ ရက်တွင် အိမ်ရှင်အသင်းနှင့် ကစားရသည်။ ၁း၃ ဖြင့်ရှုံးသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နှင့် ကစားရာ ၃း၀ ဂိုးဖြင့် နိုင်သည်။ အင်ဒိုနီးရှားအသင်းနှင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကစားရသည်။ သရေကျလျှင်ပင် ဗိုလ်လုပွဲတက်မည် ဖြစ်သော်လည်း ၅း၀ ဖြင့် ရှုံးသည်။ အုပ်စုမှပင် လှည့်ပြန်ရသည်။
၂၀၁၀ တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ မှ ၂၉ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့တွင် ကျင်းပခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့နှင့် ကစားရသည်။
ကမ္ဘောဒီယားနှင့် ဖိလစ်ပိုင်အသင်းတို့ကို ၅း၀ ဂိုး၊ ၆း၁ တို့ဖြင့် နိုင်သည်။ အင်ဒိုနီးရှားနှင့် ၁း၁ ၊ သရေကျသည်။ ဗီယက်နမ်ကိုမူ ၂း၄ ဖြင့် ရှုံးသည်။ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ ပွဲတွင် သရေမကျဘဲ၊ အရှုံးအနိုင်ပေါ်ခဲ့လျှင်၊ အထူးသဖြင့် ဗီယက်နမ်က အင်ဒိုနီးရှားကို နိုင်ခဲ့လျှင် မြန်မာအသင်း အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်သည်။ သို့သော် မြန်မာအသင်း အုပ်စုမှပင် ထွက်ခဲ့ရပြန်သည်။
သုံးနေရာ
၂၀၀၄ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲကို သုံးနိုင်ငံခွဲ၍ ကျင်းပသည်။ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်သည်။ အရှေ့တီမောနိုင်ငံ ပါဝင်လာသဖြင့် ၁၀ နိုင်ငံဖြစ်လာသည်။ မြန်မာနိုင်ငံသည် အုပ်စု (ခ) ၌ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောတို့နှင့် ကစားရသည်။ ဖိလစ်ပိုင်ကို ၁းဝ၊ မလေးရှားအသင်းကို ၁းဝ၊ အရှေ့တီမောကို ၃း၁ ဖြင့် နိုင်ပြီး၊ ထိုင်းအသင်းနှင့် တဂိုးစီသရေကျသည်။ အုပ်စု ပထမရသည်။ တဖက်အုပ်စုမှ ဒုတိယရသည့် စင်ကာပူအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကစားရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကစားဘဲ မလေးရှားနိုင်ငံကို အိမ်ကွင်းအဖြစ် သတ်မှတ်ပြီး စင်ကာပူ အသင်းကို လက်ခံကစားရသည်။ ၃း၄ ဂိုးဖြင့် ရှုံးသည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ တွင် အဝေးကွင်းအဖြစ် စင်ကာပူ၌ ကစားရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ကံဆိုးမိုးမှောင် ကျသည့်နေ့ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တဂိုး၊ ဒုတိယပိုင်းတွင် တဂိုး၊ ၇၂ မိနစ်အချိန်အထိ ထိန်းထားပြီး စင်ကာပူကို နိုင်နေစဉ်၊ ရန်ပိုင်နှင့် ဇော်လင်းထွန်းတို့ ၂ ဝါ တနီ ကျော်ကာ တိုက်ရိုက် အထုတ်ခံရခြင်းတို့ကြောင့်လည်းကောင်း၊ ဇော်လင်းထွန်း ကိုယ့်ဂိုးကိုယ် သွင်းမိခြင်းကြောင့် ၂း၁ ဂိုးဖြင့်သာနိုင်သဖြင့် အချိန်ပို မိနစ် ၃၀ ကို ကစားသမား ၈ ယောက်တည်းဖြင့် ကစားရသည်။ ပွဲအပြီးတွင် ၂း၄ ဂိုးဖြင့် ရှုံးခဲ့ရသည်။ တိုက်ဂါးဖလား ရာဇဝင်တွင် မြန်မာအသင်း ပထမဆုံး အကြိုဗိုလ်လုပွဲ တက်ရသည့် နှစ်ပင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် တိုက်ဂါးဘီယာကုမ္ပဏီက ထောက်ပံမှု ပြန်ရုပ်သိမ်းသွားသဖြင့် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက်ဘောလုံးပြိုင်ပွဲ မကျင်းပဖြစ်တော့ပါ။
၂၀၀၈ ခုနှစ်ကျမှ ဆူဇူကီးက တိုက်ဂါးဖလားနေရာတွင် အစားထိုးဝင်လာပြီး၊ ဆူဇူကီးထောက်ပံ့မှုဖြင့် ပြိုင်ပွဲ ပြန်စပါသည်။ စင်ကာပူကို ၁း၃ ၊ အင်ဒိုနီးရှားကို ဝး၃ ဖြင့်ရှုံးခဲ့ပြီး၊ ကမ္ဘောဒီးယားကို ၃း၂ ဖြင့်နိုင်သည်။ အုပ်စု တတိယဖြင့် ထွက်ခဲ့ရပြန်သည်။ ၂၀၁၀ ပြည့်နှစ် ကျပြန်တော့လည်း ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နှင့် ကစားခဲ့ရသည်။ ဗီယက်နမ်ကို ၁း၇၊ စင်ကာပူကို ၁း၂၊ ဖိလစ်ပိုင်နှင့် ဂိုးမရှိသရေကျသည်။ အုပ်စုစတုတ္ထရသောကြောင့် ၂၀၁၂ ဆူဇူကီးဖလားအတွက် ခြေစစ်ပွဲ ဝင်ခဲ့ရခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ထိုင်းနိုင်ငံတွင် အုပ်စု (က) ၌ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် ဗီယက်နမ်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထိုင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဖိလစ်ပိုင် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ဖူးသည်။ ရှုံးဖူးသည်။ ဖိလစ်ပိုင်ကိုတော့ မရှုံးဖူးပါ။ သို့သော် သရေတော့ ကျထားဖူးသည်။ ပြည်သူတို့၏ နိုင်လိုသည့် ဆန္ဒကို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ဝီရိယ စိုက်ထုတ်ပြီး ဖြည့်ဆည်း ပေးနိုင်၊ မပေးနိုင် ဆိုသည်ကို သိရှိဖို့ မဝေးတော့ပါ။