၂၀၁၂ ဆူဇူးကီး ဖလား အုပ်စု (A) ရဲ့ ဒုတိယပွဲစဉ်များကို ယနေ့ညနေမှာ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပထမပွဲမှာ ဗီယက်နမ်အသင်းကို ၁-၁ ဂိုးနဲ့ သရေကျခဲ့ပြီး အုပ်စုတက်ရေးအတွက် ထိုင်းအသင်းကို အနိုင်ကစားဖို့လိုအပ်နေပါတယ်။ ထိုင်းအသင်းဟာလည်း ပထမပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။
မြန်မာအသင်းရဲ့ နောက်ဆုံးရ သတင်းများ
မြန်မာအသင်းရဲ့ ကစားသမားအားလုံးဟာ ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေပြီး ယနေ့ပွဲအတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ တောင်ကိုရီးယား နည်းပြ ပါ့ဆောင်ဟွာက မြန်မာအသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ရရှိအောင် ပုံဖော်နေပြီး လေ့ကျင့်ခန်းမှာလည်း မီဒီယာတွေနဲ့ မတွေ့ဆုံဘဲ သီးသန့်လေ့ကျင့်နေတယ်လို့ သိရပါတယ်။
မြန်မာအသင်းရဲ့ နည်းပြချုပ် ပါ့ဆောင်ဟွာကတော့ ထိုင်းအသင်းရဲ့ အားနည်းချက်တွေကို သူလေ့လာပြီး ဖြစ်ကြောင်းနဲ့ ဘယ်လိုနည်းဗျူဟာနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားပြီးပြီလို့ဆိုပါတယ်။ မြန်မာအသင်း ဘယ်လိုကစားမလဲဆိုတာ မနက်ဖြန်သိရမှာပါလို့ ၂၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ထိုင်းအသင်းရဲ့ နောက်ဆုံးရသတင်းများ
ထိုင်းအသင်းရဲ့ နည်းပြ ဂျာမန်လူမျိုး ဝင်းဖရက် ရှက်ဖာက မြန်မာအသင်းကို အနိုင်ကစားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါးသွားပါတယ်။ ဒါ့အပြင် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ကစားတဲ့ပွဲစဉ်ရဲ့ ဗီဒီယိုကို အပြန်ပြန် အလှန်လှန် ကြည့်ပြီးဖြစ်ကြောင်း၊ မြန်မာအသင်းရဲ့ တိုက်စစ်အသက်ဟာ ကြည်လင်း ဖြစ်ကြောင်းနဲ့ သူ့ကို ဘယ်လိုရပ်တန့်အောင် လုပ်ရမယ်ဆိုတာသိကြောင်း ပြောသွားပါတယ်။ ထိုင်းအသင်းဟာ သူတို့ရဲ့ အဓိက ဝါရင့်ကစားသမား ဒတ်စာခွန် ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်နေပြီး ကွင်းလယ်မှာ အားနည်းဖွယ် ရှိနေပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်ကြီးအတွက် သတင်းကောင်း
အုပ်စုတက်ရေးအတွက် အရေးကြီးတဲ့ မြန်မာနဲ့ ထိုင်းတို့ရဲ့ ပွဲစဉ်ကို မြန်မာပရိသတ်တွေ များများကြည့်ရှုနိုင်ဖို့ မြန်မာဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေက ဘောလုံးကွင်း ဝင်ပေါက်မှာ လက်မှတ်တွေ အလကား ပေးဝေဦးမယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ အိမ်ရှင်အသင်းနဲ့ကန်ရမှာဖြစ်တာကြောင့် ကွင်းအတွင်းရှိ မြန်မာပရိသတ်တွေ တစုတစည်းတည်း နေကြဖို့လည်း မြန်မာ ပရိသတ်အချင်းချင်း အွန်လိုင်းစာမျက်နှာမှာ လှုံ့ဆော်နေကြကိုလည်း တွေ့ရပါတယ်။ ပရိတ်သတ်တွေ အားလုံးဟာလည်း မြန်မာအသင်းရဲ့ ခြေစွမ်းကို အားရနေကြပြီး အိမ်ရှင်ထိုင်းကို အနိုင်ယူကာ အုပ်စုတက်ဖို့ မျှော်လင့်နေကြပါတယ်။
ယနေ့ကန်မည့် ဆူဇူးကီးဖလား အုပ်စု (A) ပွဲစဉ်များ
ဗီယက်နမ် – ဖိလစ်ပိုင် (၅း၃၀ ထိုင်း စံတော်ချိန်)
မြန်မာ – ထိုင်း (၈း၂၀ ထိုင်း စံတော်ချိန်)