ဗီယက်နမ်နိုင်ငံ ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံး ခြေစစ်ပွဲစဉ်တွေမှာ မြန်မာ အမျိုးသမီး အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ အိမ်ရှင် ဗီယက်နမ်၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့အသင်းတွေနဲ့အပြိုင်ကြိုးပမ်းလျက် ရှိပါတယ်။ မြန်မာအမျိုးသမီး အသင်းဟာ ပထမပွဲစဉ်မှာ အိမ်ရှင် ဗီယက်နမ်အသင်းကို ၂ – ၁ နဲ့ အကြိတ်အနယ် ကစားပြီး အနိုင်ရရှိခဲ့သလို ထိုင်ဝမ်အသင်းနဲ့လည်း ၁ – ၁ စီ သရေကျထားတာကြောင့် ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းလျက်ရှိနေပါတယ်။
မြန်မာ ၂ – ၁ ဗီယက်နမ်
ပထမပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲစဉ်မှာ မြန်မာအမျိုးသမီး အသင်းအတွက် ဂိုး- မေဇင်နွယ်၊ နောက်တန်း – အေးအေးမိုး၊ ခင်ဇာဇာဝင်း၊ ငုဝါသဲ၊ လင်းဥမ္မာထွန်း၊ ခင်သန်းဝေ
အလယ်တန်း – ခင်နွေးနွေးရွှေ၊ ဝင်းသိင်္ဂီထွန်း၊ မေစပယ်ဖူး၊ နီလာဝင်း
ရှေ့တန်း – မေသူကျော်တို့ ပါဝင်ကစားသွားပြီး အာဆီယံဒေသတွင်းမှာ ပြိုင်ဖက်တွေဖြစ်တဲ့ ဗီယက်နမ်အသင်းကို ခက်ခက်ခဲခဲကစားကာ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းမှ ခင်သန်းဝေနဲ့ မေသူကျော်တို့ နှစ်ဦးဟာ အာဆီယံ အမျိုးသမီး ချန်ပီယံဖလားတုန်းက ဒုတိယရခဲ့တဲ့ မြန်မာအသင်းမှာ ပါဝင်ခဲ့သူနှစ်ဦးဖြစ်ပြီး အတွေ့အကြုံရင့်တဲ့ ကစားသမား ၂ ယောက်ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ခင်နွေးနွေးရွှေက သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဗီယက်နမ်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာတော့ ဗီယက်နမ်အသင်းက ချေပဂိုးရရေး အတင်း ပြန်လည် တိုက်စစ်ဆင်လာတာကြောင့် မြန်မာနောက်တန်း အငိုက်မိသွားကာ ဗီယက်နမ်အသင်းရဲ့ ကစားသမား မိုင်အန်းက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ အနိုင်ရရှိမှသာ ခြေစစ်ပွဲ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်လို့ အားသွန်ခွန်စိုက် ကစားပြီး ပွဲချိန် ၇၉ မိနစ်မှာ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ အနိုင်ဂိုးကိုတော့ ဝင်းသီင်္ဂီထွန်းက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ ၁ – ၁ ထိုင်ဝမ်
ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ မြန်မာ အမျိုးသမီးအသင်းရဲ့ ဒုတိယပွဲစဉ် အဖြစ် ထိုင်ဝမ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲစဉ်က လူစာရင်းအတိုင်း ပွဲထွက်လာကာ ထိုင်ဝမ်အသင်ကို အနိုင်ရရှိဖို့ဖိကစားပေမယ့် ထိုင်ဝမ်အသင်းက တဦးချင်း အသာရနေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ ကြိုစားအားထုတ်မှုကြောင့် ၁၃ မိနစ်မှာတင် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ အဖွင့်ဂိုးကို ခင်နွေးနွေးရွှေက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမ ပိုင်းအပြီးမှာတော့ နှစ်ဖက်အသင်းလုံး ဂိုးထပ်မသွင်းနိုင်ဘဲ မြန်မာအသင်းက ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ထိုင်ဝမ် အသင်းက ပိုမို အချိတ်အဆက်မိလာပြီး မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာတော့ ထိုင်ဝမ် အသင်းက ချေဂိုးရရှိသွားပြီး ချန်ယီဝင်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ထိုင်ဝမ် အသင်းကိုနိုင်ရင် ခြေစစ်ပွဲအောင်ဖို့ ရာနှုန်းပြည့် ကျိန်းသေမှာမို့ အတင်းပြန်လည် ဖိကစားသော်လည်း အနိုင်ဂိုး မရရှိခဲ့ဘဲ ပွဲဟာ သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ ပွဲကြိုအခြေအနေ
မြန်မာအသင်းဟာ နောက်ဆုံးပွဲစဉ်မှာ အားအနည်းဆုံး အသင်းဖြစ်တဲ့ အိန္ဒိယနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လတ်တလောအချိန်မှာ အိန္ဒိယအသင်းဟာ ထိုင်ဝမ်အသင်းကို ၇ ဂိုးပြတ် ရှုံးနိမ့်ထားသလို ဗီယက်နမ်အသင်းကိုလည်း ၁၀ ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် အိမ်ဖြည့်အသင်းလို့ ပြောလို့ရပါတယ်။
မြန်မာအသင်းကတော့ အုပ်စုတက်ဖို့ အခြေအနေ အကောင်းဆုံးဖြစ်နေပြီး အုပ်စုတက်ရေး ပိုမိုခိုင်မာဖို့ အိန္ဒိယကို ဂိုးများများသွင်းဖို့ လိုအပ်နေပါတယ်။ တဖက်မှာလည်း အုပ်စုတက်ဖို့ အခွင့်အရေးရှိနေတဲ့ ထိုင်ဝမ် အသင်းဟာ ဗီယက်နမ် အသင်းနဲ့ နောက်ဆုံးပွဲစဉ် ကစားရဖို့ ရှိနေတာကြောင့် အကယ်၍ ဒီပွဲသာ သရေကျခဲ့ပါက မြန်မာအသင်းဟာ နောက်ဆုံးရှုံးထွက် ခြေစစ်ပွဲစဉ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အိန္ဒိယအသင်းနဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယခုကျင်းပနေတဲ့ အာရှ ယူ-၁၉ အမျိုးသမီးဖလား ခြေစစ်ပွဲတွေဟာ အုပ်စု ၂ စုခွဲပြီး ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲစဉ်အုပ်စု ၂ စုမှ ပထမ ရရှိတဲ့ အသင်း ၂ သင်းသာ ရှုံးထွက် ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ တနေရာအတွက် တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းသာ အုပ်စု တက်သွားပါက အုပ်စု (A) မှ တက်လာမယ် ထိုင်း သို့မဟုတ် အီရန်အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး ရှုံးထွက်အဆင့်မှာ နိုင်မှသာ ၂၀၁၃ မှာ ကျင်းပမယ့် အာရှ ယူ-၁၉ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်တွေမှာ ထိပ်သင်း ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာ ဘောလုံးပရိသတ်များကတော့ ပြီးခဲ့တဲ့ ဆူဇူးကီးဖလားမှာ ရလဒ်မကောင်းခဲ့တဲ့ မြန်မာ အမျိုးသား ဘောလုံးအသင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေရာကနေ ယခုလို ဗီယက်နမ်နိုင်ငံမှာ နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းရဲ့ သတင်းကို အားရလျက်ရှိနေပြီး အာရှခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နေကြပါတယ်။
အာရှ ယူ-၁၉ အမျိုးသမီး အုပ်စု (B) နောက်ဆုံးပွဲစဉ်များ
မြန်မာ – အိန္ဒိယ (ဒီဇင်ဘာ ၅၊ ဗီယက်နမ် စံတော်ချိန် ၄ နာရီ)
ထိုင်ဝမ် – ဗီယက်နမ် (ဒီဇင်ဘာ ၅၊ ဗီယက်နမ် စံတော်ချိန် ၄ နာရီ)