အားကစား

ရှုံးကြွေးကို ဘယ်သူတွေ ပေးဆပ်ကြမလဲ

This article has been converted from Zawgyi One to Unicode

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ တိုက်ဂါးဖလားမှ စကာ ၂၀၁၃ ခုနှစ် ဆူဇူကီး ဖလားပွဲအထိ တကြိမ်တည်းသာ အကြိုဗိုလ်လုပွဲ အဆင့် ရောက်ခဲ့သည်။ ကျန်ပြိုင်ပွဲ အားလုံးတွင် အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်မှာ တော်တော် ထူးဆန်းနေသည်။

၁၉၉၆

ပထမဆုံးအကြိမ် တိုက်ဂါးဖလား အားဆီယံ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို တိုက်ဂါးဘီယာရုံးချုပ်တည်ရာ အာဆီယံဒေသမှ ၁၀ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုအသင်းတို့က အုပ်စု (က) တွင် ကစားရသည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့က အုပ်စု (ခ) တွင် ကစားကြရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၄ ပွဲကစားရာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

မြန်မာအသင်းသည် ကမ္ဘောဒီယားအသင်းကို ၅း၀ ဂိုး၊ လာအိုအသင်းကို ၄း၂ ဂိုးတို့ဖြင့် နိုင်သည်။ အင်ဒိုနီးရှားအသင်းကို ၁း၆ ဂိုး၊ ဗီယက်နမ်အသင်းကို ၁း၄ ဂိုးတို့ဖြင့် ရှုံးခဲ့ရခြင်း ဖြစ်သည်။

ပထမဆုံး တိုက်ဂါးဖလား ဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားများမှာ စိုင်းမောင်မောင်ဦး (မီးရထား)၊ ဇော်ဝင်း (ဘဏ္ဍာ/အခွန်)၊ နောက်တန်း- စောမြသွေး (ဘဏ္ဍာ/အခွန်)၊ မင်းဇော်ဦး (စည်ပင်)၊ မြင့်ဌေး (ကြည်းတပ်)၊ ဇော်လေးမောင် (ကြည်းတပ်)၊ စန်းဦး (လယ်/စိုက်)၊ အလယ်တန်း- မောင်မောင်ဦး (ပို့ဆောင်ရေး)၊ ချစ်နိုင် (ကြည်း)၊ တင့်ဇော် (ကြည်း)၊ တင်မျိုးအောင် (ပြည်ထဲရေး)၊ သန်းဝေ (ဆောက်လုပ်ရေး)၊ ရှေ့တန်း – တင်ထွေး(ကြည်း)၊ ဝင်းအောင် (ဘဏ္ဍာ/အခွန်)၊ မောင်မောင်ဌေး (စည်ပင်)၊ ဇော်ဝင်းထွန်း (စည်ပင်)၊ မျိုးလှိုင်ဝင်း (ဘဏ္ဍာ/အခွန်)နှင့် ကျော်မင်းဦး (မီးရထား)တို့ ဖြစ်သည်။ နည်းပြအဖွဲ့မှာ မစ္စတာရာတိုဒိုမာဗစ်ချ် (ယူဂို)နှင့် ဦးမျိုးဝင်းညွန့် (မြန်မာ)၊ အုပ်ချုပ်သူအဖြစ် ဦးလှတင်၊ အသင်းခေါင်းဆောင် ဦးကိုကိုလေးတို့ ဖြစ်ကြသည်။

ယင်း ၁၉၉၆ ခုနှစ်မှ စတင်ခဲ့သည့် အရှုံးသံသရာမှာ ၂၀၁၂ အထိ မဆုံးနိုင်သေးပဲ ရှိသည်။

ခြေစစ်ပွဲ

၁၉၈၃ ခုနှစ် တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရေးအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ဘရူနိုင်း၊ လာအို လက်ရွေးစင် ဘောလုံး အသင်းများနှင့် အတူ ခြေစစ်ပွဲ ကစားခဲ့ရသေးသည်။ မတ်လ ၁၄ ရက်တွင် ရန်ကုန် သုဝဏ္ဏ အားကစား ပြိုင်ဝင်း၌ ဘရူနိုင်းအသင်းနှင့် ပထမပွဲ ကစားရာ ၄း၁ ဂိုးဖြင့် နိုင်သည်။ မျိုးမြင့်ထွေး၊ မျိုးလှိုင်ဝင်း၊ ထွန်းထွန်းစိုးနှင့် အောင်ခိုင်တို့က တဂိုးစီ သွင်းသည်။

မတ်လ ၁၈ ရက်နေ့တွင် လာအိုအသင်းနှင့် ကစားရပြီး ၃း၁ ဂိုး (ထွန်းထွန်းစိုး-၂၊ မျိုးလှိုင်ဝင်း-၁)ဖြင့်နိုင်သည်။ ဗီယက်နမ် နိုင်ငံတွင်  ပြလုပ်သည့် တိုက်ဂါးဖလား နောက်ဆုံးဗိုလ်လုပွဲအဆင့်တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့် အတူ ကစားရသည်။ ဖိလစ်ပိုင် အသင်းကို ၅း၂ ဂိုးဖြင့်နိုင်သည်။ ထိုင်းနှင့် ၁း၁ ဂိုးစီ သရေကျသည်။ အင်ဒိုနီးရှားကို ၂း၆ ဖြင့် ရှုံးသည်။ အုပ်စု အဆင့်ကပင် ထွက်ခဲ့ရပြန်သည်။ သို့သော် အုပ်စု တတိယ ရသဖြင့် ၂၀၀၀ ပြည့်နှစ် တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ မဝင်ရပါ။

၂၀၀၀ ပြည့်နှစ်

၂၀၀၀ ပြည့်နှစ် တိုက်ဂါးဖလားပွဲ အုပ်စ (က)တွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့နှင့် ကစားရသည်။ ဖိလစ်ပိုင်အသင်းကို ၃း၁ ဖြင့်နိုင် သည်။ အင်ဒိုနီးရှားအသင်းကို ၁း၅ ဖြင့် ရှုံးပြီး တတိယအဆင့်ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြန်သည်။

၂၀၀၂

၂၀၀၂ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က ပူးတွဲကျင်းပသည်။ မြန်မာအသင်းမှာ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် အုပ်စု (က)တွင်  အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့နှင့် အတူ ကစားရသည်။ ဖိလစ်ပိုင် အသင်းကို ၆း၁ ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၅း၁ ဂိုးဖြင့် နိုင်သည်။ အင်ဒိုနီးရှားနှင့် တဂိုးစီ သရေကျသည်။ ဗီယက်နမ်ကို ၂း၄ ဖြင့် ရှုံးသည်။ ၂ ပွဲနိုင်၊ ၁ ပွဲ သရေဖြင့် (၇)မှတ်ရသော်လည်း အုပ်စုမှပင် ထွက်ခဲ့ရသည်။ ဗီယက်နမ်က သုံးပွဲနိုင် တပွဲသရေဖြင့် (၁၀) မှတ်ရသည်။ အင်ဒိုနီးရှားက ၂ ပွဲနိုင်၊ ၂ ပွဲသရေဖြင့် (၈) မှတ်ရသည်။

၂၀၀၄

ခြောက်ကြိမ်မြောက် တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၈ မှ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် ကျင်းပသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော အသင်းတို့နှင့် ကစားရသည်။ ဖိလစ်ပိုင် အသင်းကို ၁းဝ၊ မလေးရှားအသင်းကို ၁းဝ၊ အရှေ့တီမောကို ၃း၁ ဖြင့် နိုင်ပြီး ထိုင်းနှင့် ၁ ဂိုးစီ သရေကျသည်။ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ဒုတိယ ရသည်။

မြန်မာ့လက်ရွေးစင် အသင်း တိုက်ဂါးဖလားပြိုင်ပွဲတွင် ပထမဆုံး အကြိုဗိုလ်လုပွဲ တက်ရောက်ခြင်းပင် ဖြစ်သည်။

အကြိုဗိုလ်လုပွဲများကို အိမ်ကွင်း၊ အဝေးကွင်းအဖြစ် ကစားရသည်။ မြန်မာဘောလုံးအဖွဲ့ချုပ်က ရန်ကုန်တွင် လက်ခံခြင်း မပြုဘဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အိမ်ကွင်းအဖြစ် ရွေးချယ် သတ်မှတ်ခဲ့သည်။ တဖက်အုပ်စုမှ ဒုတိယရသည့် စင်ကာပူ အသင်းနှင့် ပထမပွဲ အဖြစ် ကွာလာလမ်ပူတွင် ကစားရာ ၃း၄ ဖြင့် ရှုံးသည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့၌ စင်ကာပူသို့  သွားကစားရသည်။ မြန်မာ အသင်းမှ ရန်ပိုင်၊ ဇော်လင်းထွန်း၊ မင်းသူတို့ အထုတ်ခံရပြီး အချိန်ပိုကျမှ စင်ကာပူတို့က ၂ ဂိုးနိုင်ပြီး ၄း၂ ဖြင့် နိုင်သွားသည်။ တတိယနေရာ လုပွဲ၌လည်း မလေးရှားကို ၁း၂ ဖြင့် ရှုံးပြီး စတုတ္ထသာ ရသည်။

၂၀၀၆ ပြည့်နှစ်တွင် တိုက်ဂါးဘီယာ ကုမ္ပဏီမှ ပြိုင်ပွဲထောက်ပံ့မှုကို ပြန်လည်ရုပ်သိမ်းသွားသည်။ ၂၀၀၈ ခုနှစ်ကျမှ ဆူဇူကီးကုမ္ပဏီက ထောက်ပံ့ပြီး ဆူဇူကီးဖလားပွဲဆိုပြီး ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့သည်။ ဆူဇူကီးဖလားပွဲဦးထွက် ပြိုင်ပွဲမှာမူ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းသည် ကမ္ဘောဒီးယားကို ၃း၂ ဖြင့်နိုင်ပြီး၊ အင်ဒိုနီးရှားကို ဝး၃၊ စင်ကာပူကို ၁း၃ ဖြင့် ရှုံးသည်။ အုပ်စုအဆင့် တတိယဖြင့် အုပ်စုမှပင် ထွက်ခဲ့ရသည်။

၂၀၁၀ ခုနှစ် တိုက်ဂါးဖလားပွဲတွင်မူ မြန်မာ့ လက်ရွးစင် ဘောလုံးအသင်းသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ အသင်းတို့နှင့် တအုပ်စု တည်း ကစားရသည်။ ၃ ပွဲကစားရာတွင် ၁ ပွဲသာ သရေ ရရှိပြီး ၂ပွဲရှုံးကာ၊ ၂ ဂိုးသွင်းပြီး ၉ ဂိုး ပြန်အသွင်းခံရသည်။ အနုတ် ၇ ဂိုးဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဆူဇူကီးဖလား ပြိုင်ပွဲတါင် စတုတ္ထရသဖြင့် ၂၀၁၂ ပြိုင်ပွဲအတွက် လာအို၊ အရှေ့တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား အသင်းတို့ နှင့်အတူ ခြေစစ်ပွဲကစားရသည်။ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှန် ၁၀ ဖြင့် ခြေစစ်ပွဲအောင်သွားသည်။
၂၀၁၂ ခုနှစ် ဆူဇူကီးဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲတွင်မူ ဗီယက်နမ်နှင့် ၁ ဂိုးစီသရေကျပြီး၊ ထိုင်းအသင်းကိုမူ ဝး၄၊ ဖိလစ်ပိုင် အသင်းကို ဝး၂ ဖြင့် ရှုံးသည်။ ၃ ပွဲ ကစားရာ ၁ ဂိုး (ပယ်နယ်လ်တီ)သာ သွင်းနိုင်ပြီး ၇ ဂိုး ပြန်အသွင်းခံရသည်။ တိုက်ဂါးနှင့် ဆူဇူကီး ဘောလုံးပြိုင်ပွဲများတွင် အဆိုးရွားဆုံး ရှုံးနိမ့်မှုပင် ဖြစ်သည်။

အကောင်းဆုံး ပြင်ဆင်ထားပါလျက်နှင့် အဆိုးဆုံးရှုံးနိမ့်ခဲ့ရခြင်းမှာ ထူးဆန်းပြီး အံ့သြစရာကောင်းသည်။ တချိန်က အကောင်းဆုံး ပြိုင်ဘက်အသင်းတွင် မပါသည့် ဖိလစ်ပိုင်အသင်းကို သရေမှ အရှုံးသို့ ကျဆင်းလာသည်မှာ အဘယ်ကြောင့်နည်းဟု မေးစရာ မေးခွန်းများ ရှိလာနေပြီ ဖြစ်သည်။

၁၉၇၂ ခုနှစ် မြူးနစ် အိုလံပစ် ဘောလုံးပြိုင်ပွဲ အသန့်ရှင်းဆုံးဆု ရရှိသည့် အသင်း၊ အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ် နှစ်ကြိမ်ရ အသင်း၊ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဘောလုံးရွှေတံဆိပ် ၅ ကြိမ်ရ အသင်း၊ ပတ်ချုံဟီး (ကိုးရီးယား)၊ မာေဒေးကား (မလေးရှား) ဂျကာတာဖလား (အင်ဒိုနီးရှား)၊ အာရှလူငယ်ဘောလုံးပွဲများတွင် အောင်မြင်မှု တံခွန်လွှင့်ထူနိုင်ခဲ့သည့် မြန်မာဘောလုံးအသင်း၏ ဂုဏ်သိက္ခာကို စောင့်ထိန်းပေးရန်မှာ ယနေ့ ဘောလုံးအသိုင်းအဝန်းတွင် မဟာတာဝန်ကြီးရှိနေသည်။

မည်သူတွေက မည်ကဲ့သို့ တာဝန်ကျေအောင် ထမ်းဆောင်ကြမည် ဆိုသည်မှာလည်း တွေးရခက်ကြီး ရှိနေပါသေးသည်။  ။

Loading