ဂျပန်နိုင်ငံ ၊ ယိုကိုဟားမားမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ကမ္ဘာ့ကလပ်များ ချန်ပီယံလုပွဲမှာ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ တောင်အမေရိကလိဂ် ဖလားချန်ပီယံ ဘရာဇီးကလပ် ကိုရင်သီယန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရမှာ ဘန်နီတက်စ် ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဝ-၁ နဲ့ ရှုံးနိမ့်သွားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဒီကမ္ဘာ့ကလပ်များ ချန်ပီယံရှစ်ပွဲစဉ်မှာ ဖလားရယူနိုင်ဖို့ အင်အားပြည့်နဲ့ ပွဲထွက်လာခဲ့တာကို တွေ့ရပါတယ်။ ပထမ ရှုံးထွက်ပွဲစဉ်တုန်းက မက္ကဆီကို ကလပ် မွန်တာရေး အသင်းကို ၃-၁ နဲ့ အနိုင်ရပြီး ယခုလို ဖိုင်နယ်ပွဲစဉ် တက်ရောက်လာတာ ဖြစ်ပါတယ်။ ကိုရင်သီယန် အသင်းကတော့ အာဖရိက ချန်ပီယံဖလား ချန်ပီယံ အီဂျစ်ကလပ် အယ် အာလီအသင်းကို ခက်ခက်ခဲခဲကစားပြီး ၁-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုလို ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ ကိုရင်သီယန် အသင်းတို့ရဲ့ပွဲစဉ်မှာ လူစာရင်းထွက်လာတာကတော့ ချယ်လ်ဆီးအသင်းမှာ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ ဒေးဗစ် လူးဝစ်၊ ကိုး၊ ရာမီရက်၊ လန်းပတ်၊ မိုးစစ်၊ မာတာ၊ ဟာဇက်၊ တောရက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး (၄-၂-၃-၁) ကစားကွက်နဲ့ ခင်းကျင်းကစားခဲ့ပါတယ်။
ကိုရင်သီယန်အသင်းမှာတော့ (ဂိုး) ကက်ဆီယန်၊ အလက်ဇန်ဒရို၊ ချီကာအို၊ အန်ဒရေ၊ ဖာဘီယို ဆန်းတို့စ်၊ ပေါ်လင်ဟို၊ ဟန်းနရစ်၊ အီမာဆင်၊ ဒန်နီလို၊ ဂွာရီရိုတို့ပါဝင်ကစားခဲ့ပြီး (၄-၂-၃-၁) ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့တာကို တွေ့ရပါတယ်။
ချယ်လ်ဆီးအသင်းမှ လန်းပတ်ဟာ အောက်တိုဘာလ နောက်ပိုင်း ချယ်လ်ဆီးအသင်းအတွက် ပထမဦးဆုံးအကြိမ် ကစားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာမှသက်သာခါစ ဖြစ်ပေမယ့် ကွင်းလယ်ကို ထိန်းကျောင်းသွားခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပုံမှန်အတိုင်း အကောင်းဆုံး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ကွင်းလယ်မှာ အကောင်းဆုံး ထိန်းကစားသွားခဲ့တာကတော့ ဘရာဇီးကလပ် ကိုရင်သီယန်ပါ။ ပွဲဟာ ကြည့်ကောင်းတဲ့ ပွဲတပွဲဖြစ်ခဲ့ပြီး ဂိုးရဖို့နီးစပ်ခဲ့တာက ချယ်လ်ဆီးပေမယ့် တကယ်တမ်း အဖွင့်ဂိုးရသွားတာကတော့ ကိုရင်သီယန် ဖြစ်သွားပါတယ်။ ဥရောပကလပ် အတော်များများ မျက်စိကျနေတဲ့ ပေါ်လင်ဟိုက ၆၈ မိနစ်မှာ တကိုယ်တော် အစွမ်းပြပြီး ချယ်လ်ဆီးနောက်တန်းကို ဖြတ်ကျော်လာရာကနေ အသင်းဖော် ဒန်နီလိုဆီသို့ ပို့အပေး၊ အဲ့ဒီကနေမှ လွတ်ထွက်လာတဲ့ ဘောလုံးကို ချယ်လ်ဆီးနောက်တန်းလူ ၃ ယောက်ကြားကနေ ဂွာရီရိုက ဖြတ်ပိတ်ပြီး အဖွင့်ဂိုး သွင်းယူသွားပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းမှ တောရက်စ်ဟာ ချေပဂိုး ပြန်လည်ရရှိဖို့ အခွင့်အရေးကောင်းအဖြစ် ဂိုးသမားနဲ့ တဦးချင်း ရင်ဆိုင်ရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့် ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာလည်း ချယ်လ်ဆီးကစားသမား ကာဟေးလ်ဟာ အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ကစားသွားတဲ့ လန်းပတ်ကတော့ ဂိုးသွင်းခွင့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို ရှုံးနိမ့်သွားတာပါဆိုပြီး ညည်းတွားပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အခုရလဒ်ကြောင့် ၂၀၀၆ ခုနှစ်နောက်ပိုင်း ဥရောပ ချန်ပီယံဖလား ချန်ပီယံဟာ တောင်အမေရိက ကလပ် ချန်ပီယံကို ပထမဦးဆုံးအကြိမ် ပြန်လည် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးကလပ် ကိုရင်သီယန်ဟာ ၂၀၀၀ ခုနစ်က နောက်ဆုံးအကြိမ် ရရှိခဲ့တဲ့ဖလားကို ထိုက်ထိုက်တန်တန် ပြန်လည် သိမ်းပိုက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြ ဘန်နီတက်စ်အတွက်တော့ ကမ္ဘာ့ကလပ် ပြိုင်ပွဲမှာ ဖိုင်နယ်ပွဲစဉ် ၃ ပွဲ ကစားခဲ့ရာမှာ ၂ ပွဲရှုံး ၁ ပွဲနိုင်နဲ့ ရလဒ်မကောင်း ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက အင်တာမီလန်ကို ကိုင်တွယ်ရင်း ကမ္ဘာ့ကလပ်များ ချန်ပီယံဆုကို ရရှိခဲ့ဖူးပေမယ့် ၂၀၀၅ ခုနစ်တုန်းက လစ်ဗာပူးအသင်းကို ကိုင်တွယ်ရင်း ဆာပေါ်လိုအသင်းကို ရှုံးနိမ့်ခဲ့ဖူးသလို ယခုအကြိမ်မှာလည်း ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရင်း ရှုံးနိမ့်ခဲ့ရပါတယ်။
ကမ္ဘာ့ကလပ် ချန်ပီယံ ဟောင်းများ
၂၀၀၀ – ကိုရင်သီယန် (ဘရာဇီး)
၂၀၀၅ – ဆာ ပေါ်လို (ဘရာဇီး)
၂၀၀၆ – အင်တာနေစီယွန်နယ် (ဘရာဇီး)
၂၀၀၇ – အေစီမီလန်
၂၀၀၈ – မန်ယူ
၂၀၀၉ – ဘာစီလိုနာ
၂၀၁၀ – အင်တာမီလန်
၂၀၁၁ – ဘာစီလိုနာ
၂၀၁၂ – ကိုရင်သီယန် (ဘရာဇီး)