အားကစား

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

This article has been converted from Zawgyi One to Unicode

အာရှ ယူ ၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

အမှန်က မြန်မာ ဘောလုံး လောကနှင့် အတူ မြန်မာ အားကစား လောကတွင် ထူးချွန် ထင်ရှားသည့် မြန်မာအမျိုးသမီး များ ပေါ်ထွက်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်ကပင် ဖြစ်သည်။

၁၉၅၄ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာရှ အားကစားပွဲမှ စတင်ကာ မြန်မာ အမျိုးသမီးများက နိုင်ငံတကာ အားကစားနယ်ထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့သည်။ ပြေးခုန်ပစ် အားကစား သမား နှစ်ဦး ဖြစ်သည့် မခင်ဌေး (သံပြားပစ်) နှင့် လီလီကြာညွန့်တို့က ပထမဆုံး မြန်မာ အမျိုးသမီး အားကစား သမားများအဖြစ် ပြည်ပတွင် ကျင်းပသည့် နိုင်ငံတကာ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မခင်ဌေးက သံပြားဝိုင်းပစ်တွင် ပဉ္စမ၊ လီလီကြာညွန့်က သံလုံးပစ်တွင် ဆဋ္ဌမ ရရှိပြီး မှတ်တမ်းဝင်ခဲ့ ကြသည်။

ပထမဆုံး ရွှေ

၁၉၅၉ ခုနှစ်တွင် ကျင်းပသည့် ပထမ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အားကစား သမား သုံးဦး ဖြစ်သည့် ဂရေစီကား (မီတာ ၆၀ တန်းကျော်ပြေး)၊ ခင်ခင်ထွေး (လှံတံပစ်) နှင့် မေမေရီ (အမြင့်ခုန်) တို့တွင် ရွှေတံဆိပ် အသီးသီး ဆွတ်ခူး ခဲ့ကြသည်။ နိုင်ငံတကာ ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် မြန်မာ အမျိုးသမီးများ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာ အမျိုးသမီး အားကစား သမားများ အတွက် ထူးခြားသည့် နှစ်တနှစ် ပင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပသည့် စတုတ္ထအကြိမ် အာရှအားကစားပွဲတွင် မြန်မာ အမျိုးသမီး ပြေးခုန်ပစ် အားကစားသမား ဖြစ်သူ မြင့်မြင့်အေးက အမြင့်ခုန်တွင် ဒုတိယ ရသည်။ အာရှ အားကစားပွဲတွင် မြန်မာအမျိုးသမီး တဦး ပထမဆုံး ဆုတံဆိပ် ရရှိခဲ့ခြင်းပင် ဖြစ်သည်။

ဥရောပ

၁၉၆၂ ခုနှစ် ကမ္ဘာ့ လူငယ်ပွဲတော် အားကစား ပြိုင်ပွဲတွင် မြန်မာ ပြေးခုန်ပစ် အားကစားသမား အမျိုးသမီး သုံးဦး ဖြစ်သည့် မမိုးအေး (ဂရေစီကား)၊ မခင်ဌေး နှင့် ဒေါက်တာ နော်ရီနာမြ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ် ကမ္ဘာ့ အိုလံပစ် အားကစား ပွဲကို ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီးတွင် ကျင်းပခဲ့သည့် အိုလံပစ် အားကစား ပြိုင်ဝင်းကြီးထဲတွင် ပထမဆုံး ယှဉ်ပြိုင်ခဲ့ဖူးသူ အားကစားသမားများ သာမက ဥရောပတိုက်တွင် ကျင်းပသည့် အားကစား ပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်ဖူးသည့် မြန်မာ အားကစား အမျိုးသမီးများ ဖြစ်သည်။

အာရှအားကစားပွဲ

၁၄ ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်က တောင်ကိုးရီးယား နိုင်ငံ ကူဆန်၌ ကျင်းပခဲ့သည်။ ယင်း အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ဝူရှူး အားကစားမယ် ခိုင်ခိုင်မော်က ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။

ကူဆန် အာရှ အားကစား ပြိုင်ပွဲတွင် ကေသီဝင်း (အလေးမ)၊ ခင်မျိုးနွယ်နှင့် အမျိုးသမီး ပိုက်ကျော်ခြင်း အဖွဲ့က ငွေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။

အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ပင် မရလင့်ကစား ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် အားကစား သမားများမှာ ပြေးခုန်ပစ် အားကစားနည်းပင်ဖြစ်သည်။ ခင်ခင်ထွေးသည် အာရှ အားကစားပွဲ မီတာ ၁၅၀၀ ပြေးပွဲတွင် တတိယပင် ရလင့်ကစား အာရှ တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ မီတာ ၁၅၀၀ ပြေးပွဲတွင်မူ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ ခင်ခင်ထွေး၏ ထူးခြားချက်မှာ ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာ အမျိုးသမီး ၂ ဦး အနက်မှ ၁ ဦးဖြစ်သည်။ ကျန် တဦးမှာ မာမာမင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်တွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်သည်။ ဆိုးလ် အိုလံပစ် အားကစား ပြိုင်ပွဲဝင် ၂ ဦးထဲသော အားကစားအဖွဲ့ကို အုပ်ချုပ်၊ နည်းပြ အဖြစ် လိုက်ပါ သွားခဲ့ကြသည် မှာလည်း အမျိုးသမီးများပင် ဖြစ်သည်။ ဒေါ်ခင်ဌေး (သံပြားဝိုင်း) ပင်ဖြစ်သည်။

ခင်ခင်ထွေးသည် ၁၉၉၂ ခုနှစ်တွင် စပိန်နိုင်ငံ ဘာစီလိုနာ အိုလံပစ်၊ ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စု အတ္တလန်တာ အိုလံပစ် အထိ အိုလံပစ် အားကစား ပြိုင်ပွဲ ၃ ကြိမ် ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် ပထမဆုံး မြန်မာ အမျိုးသမီး ပြေးခုန်ပစ် အားကစားသမားပင် ဖြစ်သည်။ ခင်ခင်ထွေးသည် အရှေ့တောင်အာရှ အားကစားပွဲ၊ အာရှ တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ၊ ဖိတ်ခေါ်ပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၂ ဆု၊ ငွေတံဆိပ် ၆ ဆု၊ ကြေးတံဆိပ် ၅ ဆု ဆွတ်ခူး နိုင်ခဲ့သည့် အမျိုးသမီး ပြေးခုန်ပစ် အားကစား သမားလည်း ဖြစ်သည်။

သန်းသန်း

သန်းသန်းသည် ခင်ခင်ထွေး ကဲ့သို့ ကမ္ဘာ့ အိုလံပစ် အားကစား ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသော်လည်း ကမ္ဘာ့ တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ၊ မီတာ ၄၀၀ ပြေးပွဲတွင် အာရှတိုက် ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် မြန်မာ အမျိုးသမီး အားကစား သမား ဖြစ်သည်။ သန်းသန်းသည် အရှေ့တောင် အာရှ အားကစားပွဲ၊ ပြေးခုန်ပစ် ပြိုင်ပွဲများတွင်မူ အထူးပင် အောင်မြင်ကျော်ကြား ထင်ရှားခဲ့သူဖြစ်သည်။ သန်းသန်းသည် ၁၉၇၇ ကွာလာလမ်ပူ ဆီးဂိမ်းတွင် အမျိုးသမီး မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း (၄x ၁၀၀) ပြေးပွဲတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ တဖန် ၁၉၇၉ ဂျကာတာ ဆီးဂိမ်းတွင်လည်း မီတာ ၄၀၀ တန်းကျော်ပြေး၊ မီးတာ ၄၀၀၊ မီတာ ၈၀၀ နှင့် မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူး နိုင်ခဲ့သည်။

ဆီးဂိမ်း နှစ်ပွဲဆက် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးနိုင်သည့် အမျိုးသမီး ပြေးခုန်ပစ် အားကစား သမားအဖြစ် သန်းသန်း တဦးတည်းသာ ရှိခဲ့သည်။ ၁၉၆၉ ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်သူ ချင်းအမျိုးသမီး မခင်ပု တယောက်တည်း သာ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀ x၄ လက်ဆင့်ကမ်းနှင့် လှံတံပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆု ရရှိခဲ့ဖူးသည်။

သန်းသန်းသည် ၁၉၇၄ ခုနှစ် တီဟီရန် အာရှ အားကစားပွဲတွင် မီတာ ၄၀၀ x ၄ ယောက် လက်ဆင့်ကမ်း ပြေးပွဲ၌ ကြေးတံဆိပ် ၁ ခု၊ ၁၉၇၆ ခုနှစ် စင်ကာပူ Open ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ မီတာ ၄၀၀ ပြေးပွဲ၌ ၅၅ စက္ကန့်ဖြင့် စံချိန်သစ် တင်ပြီး ပထမ ရွှေတံဆိပ် ရခဲ့သည်။

သန်းသန်းသည် ပြေးခုန်ပစ် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၆ ခု နှင် ကြေးတံဆိပ် ၉ ခု ဆွတ်ခူးခဲ့သူ ဖြစ်သည်။

မာမာမင်း

မာမာမင်းမှာ ခင်ခင်ထွေးနှင့် အတူ ကမ္ဘာ့ အိုလံပစ် အားကစားပွဲတွင် ပထမဆုံး ဝင်ရောက်ခွင့် ရသည့် မြန်မာ အမျိုးသမီး ပြေးခုန်ပစ် အားကစား သမား တဦးဖြစ်သည်။ မာမာမင်းသည် ကမ္ဘာတွင် ရှိဖို့ ရှားသည့် မီတာ ၄၀၀၊ မီတာ ၆၀၀၊ မီတာ ၁၅၀၀၊ မီတာ ၃၀၀၀၊ မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀ နှင့် မာရသွန်ပြေးပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သူ တဦး ဖြစ်သည်။ နိုင်ငံတကာမှာ ထို အပြေး အားကစားနည်း တမျိုးတည်းကိုသာ သီးသန့်လေ့ကျင့် ယှဉ်ပြိုင်ခဲ့လျှင် ကမ္ဘာ့အဆင့်မီ ပြေးခုန်ပစ် အားကစားသမား တဦး ဖြစ်လာနိုင်သည်။ မာမာမင်းသည် ၁၉၇၁ ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှ စကာ ၁၉၈၉ ခုနှစ် ဆီးဂိမ်း အထိ ရွှေတံဆိပ် ၉ ခု၊ ငွေ တံဆိပ် ၆ ခု နှင့် ကြေးတံဆိပ် ၃ ခု ဆွတ်ခူးနိုင်ခဲ့သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဖိတ်ခေါ် မာရသွန်ပြိုင်ပွဲ (၁၉၈၇) တွင် ရွှေတံဆိပ် တခု ဆွတ်ခူး နိုင်ခဲ့သည်။ မာမာမင်းသည် ရွှေတံဆိပ် ၁၀ ခု၊ ငွေ တံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၅ ခု ကို နိုင်ငံတကာ ပြိုင်ပွဲများမှ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

ဂျနီဖာတင်လေး

အရှေ့တောင်အာရှတိုက်တွင်သာမက ကမ္ဘာမှာပင် မရှိနိုင်သော ပြေးခုန်ပစ် အားကစား အမျိုးသမီး တယောက် မြန်မာနိုင်ငံ တွင် ရှိခဲ့ဖူးသည်။ သူကား ဂျနီဖာတင်လေး ဖြစ်သည်။ ဂျနီဖာတင်လေးသည် ၁၉၆၇ ခုနှစ် ဆီးဂိမ်း မှ စကာ ၁၉၇၆ ဆီးဂိမ်း အထိ အကြိမ်အားဖြင့် ၉ ကြိမ်၊ နှစ်အားဖြင့် ၁၈ နှစ်တိတိ သံလုံးပစ် (၁၉၆၉ – ၇၁) နှင့် ၁၉၇၃ မှ ၁၉၈၃ အထိ သံလုံး နှင့် သံပြားပစ် တို့တွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃၊ ၁၉၇၅၊ ၁၉၇၇ နှင့် ၁၉၇၉ တို့တွင် စံချိန်သစ်များ တင်နိုင်ခဲ့သည်။ ကျွန်းဆွယ်နှင့်ဆီးဂိမ်း တို့တွင် ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၇၆ ခုနှစ် စင်ကာပူ တံခွန်စိုက် အားကစားပြိုင်ပွဲတွင် သံလုံးပစ် ရွှေ ၁၊ သံပြားပစ် ရွှေ ၁ ဆွတ်ခူးခဲ့ရာ စုစုပေါင်း ရွှေတံဆိပ် ၁၅ ခု ဆွတ်ခူးခဲ့သည်။ တဦးချင်း အားကစား သမား တဦးအဖြစ် ရွှေတံဆိပ် ၁၅ ခု အထိ ဆွတ်ခူးနိုင်သူမှာ ကမ္ဘာမှာပင် ရှိနိုင်မည် မထင်ပါ။ ဂျနီဖာတင်လေး မှာ ၁၉၆၉ ကျွန်းဆွယ် အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ၁ ခု ဆွတ်ခူးခဲ့သေးသည်။

အောင်ငှိမ်း

နောက်ထပ် ထူးချွန် ထင်ရှားသည့် အမျိုးသမီး အားကစားသမား တဦးမှာ ၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် မြန်မာ အားကစားအဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ် သာမက မြားပစ်ပြိုင်ပွဲတွင် အမျိုးသမီး တဦးချင်း ပထမ၊ အမျိုးသမီး ၂ ယောက်တွဲ ပထမ၊ ကျား+မ ၂ ယောက်တွဲ ပထမဖြင့် ရွှေတံဆိပ် ၃ ခု ဆွတ်ခူးခဲ့သည့် အမျိုးသမီး မြားပစ်မယ် အောင်ငှိမ်း ပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထူးချွန်ထင်ရှားသည့် မြန်မာ အမျိုးသမီး အားကစား သမားများ အကြောင်း အမျိုးသမီး အားကစား သမားများအား ဂုဏ်ပြုသောအားဖြင့် တင်ပြခြင်းဖြစ်ပါသည်။

Loading