နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်အပြီး နောက်တရက်မှာ ကျင်းပတဲ့ Boxing Day ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ အသင်းကြီးတွေ အတွက် အမြဲတမ်းခက်ခဲတဲ့ နေ့တွေဖြစ်ပေမယ့် မန်ယူအသင်းကတော့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ဖို့ ပွဲပြီးချိန်အထိ တိုက်ပွဲဝင်ခဲ့တာကြောင့် မန်ယူနဲ့ နယူးကာဆယ် ပွဲဟာ ပရိသတ်တွေအတွက် ရင်ခုန်သံမြန်စေခဲ့တဲ့ ဘောလုံးရသကို ပေးစွမ်းခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းကို အနောက်ကနေ ချေပဂိုးလိုက်သွင်းပြီး ပွဲပြီးခါနီးမှာ ချီချာရီတိုရဲ့ အနိုင်ဂိုးနဲ့ အနိုင်ရရှိပြီး အဖိုးတန် ၃ မှတ်ရယူကာ မန်စီးတီးအသင်းကို ၇ မှတ်ဖြတ်ကာ ရှေ့ကနေ ဦးဆောင်နေပြီ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းအတွက် အဖွင့်ဂိုးကို ဂျိမ်းစ် ပါ့ချ်က ပထမပိုင်း ၄ မိနစ်မှာတင် ဂိုးသမား ဒီဂီယာဆီကနေ ပြန်အံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဦးဆောင်ဂိုး သွင်းယူပေးပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာတော့ မန်ယူအသင်း ခြေပဂိုးရခဲ့ပြီး ချီချာရီတိုရဲ့ ကန်ချက်ကို နယူးကာဆယ် ဂိုးသမား တင်ကရူးလ် ပုတ်ထုတ်ရာမှ ပြန်အံထွက်လာတဲ့ ဘောလုံးကိုအီဗန်က အခွင့်ကောင်းယူပြီး ချေပဂိုးသွင်းယူပါတယ်။
နယူးကာဆယ် အသင်းဟာ ၃ မိနစ်အကြာမှာပဲ နောက်တဂိုး ရရှိသွားပြီး နောက်ခံလူဆင်ဆန် ကန်ချက်က အီဗန်နဲ့ထိပြီး ဝင်သွားခဲ့ပါတယ်။ ဒီဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက စည်းကြပ်ဒိုင်နဲ့ စကားပြောအပြီးမှာ ဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဂိုးသွင်းယူတဲ့အချိန်မှာ နယူးကာဆယ် တိုက်စစ်မှူး ဆစ်စီနဲ့ ထိတယ်ဆိုပြီး စည်းကြပ်ဒိုင် အလံထောင်ခဲ့ပေမယ့် အနှေးပြကွက်တွေမှာ အီဗန်နဲ့သာထိပြီး ဝင်သွားခဲ့တာကို တွေ့ရပါတယ်။
မန်ယူအသင်းဟာ ချေပဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးပြန်လည်မသွင်းနိုင်ဘဲ ရှုံးနိမ့်နေခဲ့သလို ဒုတိယပိုင်း ၅၈ ကျမှ အီဗရာက ဂိုးဧရိယာထပ်ကနေ မြေရှပ်ဘော အပြင်းကန်သွားရာမှာ ဝင်သွားတာကြောင့် မန်ယူအသင်း ချေပဂိုး ရရှိပြန်ပါတယ်။ တဆက်တည်းမှာပဲ နယူးကာဆယ် အသင်းက တချက်တချက် ပြန်လည် တိုက်စစ်ဆင်ရာကနေ ၁၀ မိနစ်အကြာမှာ အိုဘာတန် ဖန်ပေးတဲ့အလုံးကို ဆစ်စီက လှလှပပ ဘယ်ဖြင့်ပိတ်သွင်းပြီး ဦးဆောင်ဂိုး ထပ်မံသွင်းယူပါတယ်။ ပွဲဟာပိုမိုကြည့်ကောင်းလာပြီး ဗန်ပါစီက သူရဲ့ ဒီရာသီအတွက် ၁၆ ဂိုးမြောက်ကို ၇၁ မိနစ်မှာ ကန်သွင်းယူတာကြောင့် မန်ယူအသင်း ချေပဂိုးထပ်မံရပြီး အနိုင်ရဖို့ ကြိုးစားလာပါတယ်။ မန်ယူအသင်းဟာ လူစားလဲမှုအဖြစ် ပေါစခိုးလ်အစား ကလေဗာလေကို ထည့်ကစားပြီး အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ ပွဲပြီးခါနီး ၃ မိနစ်အလိုမှာတော့ ကွင်းလယ်ကနေ မိုက်ကယ် ကာရစ် အသာလေး တင်ပေးလိုက်တဲ့အလုံးကို လူကပ်ထားခံရခြင်းမရှိတဲ့ ချီချာရီတိုက နေရာအသင့်ယူပြီး ပိတ်သွင်းသွားတာကြောင့် နယူးကာဆယ် ဂိုးသမားမည်သို့မျှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးကြောင့် ပွဲအပြီးမှာ မန်ယူအသင်းက ၄ – ၃ နဲ့ နယူးကာဆယ်ကို အနိုင်ရရှိသွားခဲ့ပါတယ်။
နည်းပြဖာဂူဆန် ကတော့ ဒီနိုင်ပွဲအတွက် ကစားသမားတွေကို ချီးကျူးသွားပါတယ်။ မန်ယူအသင်းမှာ ရွန်နီ၊ ဝဲဘက် တို့ ဒဏ်ရာကြောင့် အရန်မှာတောင် မပါဝင်ခဲ့ဘဲ အက်ရှလေယန်းဟာလည်း အဖျားဝင်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ယခုနှစ်ရာသီမှာ ၄၆ မှတ် ရရှိထားချိန်မှာ အဲ့ဒီအမှတ်ရဲ့ ထက်ဝက်နီးပါးက နောက်ကျဂိုးတွေနဲ့ပြန်လည် အနိုင်ရရှိထားတာကြောင့် ပွဲသိမ်းဘုရင်လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။
Boxing Day ပရီးမီးယားလိဂ် အခြားပွဲစဉ်များ အခြေအနေ
ဒုတိယနေရာက မန်စီးတီးအသင်းဟာ ဆန်းဒါးလန်းကွင်းမှာ သရေမရတဲ့အပြင် ရှုံးပွဲပါကြုံခဲ့ပါတယ်။ အထူးသဖြင့် မန်စီးတီး ကစားသမားဟောင်း အဒမ်ဂျွန်ဆန်ရဲ့ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီး ပရိသတ်တွေ တွက် ခါးသက်သက် ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။
တတိယနေရာက ချယ်ဆီးကတော့ နော်ဝစ်အသင်ကို အနိုင်ရပြီး ထိပ်ဆုံးကအသင်းတွေကို ပြန်လည် ကပ်လိုက်နေပါတယ်။ အရင်အပတ်က အက်စတွန်ဗီလာကို ၈ ဂိုးသွင်းခဲ့ပေမယ့် နော်ဝစ်ကိုတော့ အင်မတန် အားသွန်ကစားခဲ့ရပြီး ၁ ဂိုးနဲ့ ကပ်နိုင်ခဲ့ကာ နည်းပြ ဘန်နီတက်စ်ကလည်း နော်ဝစ်အသင်းရဲ့ ခံစစ် ကစားပုံကို ချီးကျူးသွားခဲ့ပါတယ်။
စပါးအသင်းကတော့ အက်စတွန်ဗီလာ အသင်းကို ဂါရက် ဘေးလ်ရဲ့ ဟက်ထရစ် ဂိုးနဲ့အတူ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ နိုင်ပွဲဆက်တိုက် ရရှိလာတာကြောင့် အဆင့် (၄) နေရာကို တောင်ရောက်လာပြီ ဖြစ်ပါတယ်။ တခြား အဲဗာတန်နဲ့ ဝက်ဘရွန်းတို့ ကလည်း နိုင်ပွဲကိုယ်စီရတာကြောင့် အဆင့် ၅ နဲ့၆ မှာ ကိုယ်စီ ရည်တည်လျက်ရှိပါတယ်။ လစ်ဗာပူးအသင်းကတော့ စတုတ်အသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်း ၁ မိနစ်မှာတင် ပယ်နတီနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် စတုတ်အသင်းကို ဂိုးတွေပြန်ပေးခဲ့ရပြီး ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၈ ကနေအဆင့် ၁၀ သို့ ပြန်လည်ကျသွားပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ရလဒ်များ
အဲဗာတန် ၂ – ၁ ဝီဂန်
ဖူဟမ် ၁ – ၁ ဆောက်သမ်ပတမ်
မန်ယူ ၄ – ၃ နယူးကာဆယ်
နော်ဝစ် ၀ – ၁ ချယ်ဆီး
ကျူပီအာ ၁ – ၂ ဝက်စ်ဘရောင်း
ရီးဒင်း ၀ – ၀ ဆွမ်ဆီး
ဆန်းဒါးလန်း ၁ – ၀ မန်စီးတီး
အက်စတွန်ဗီလာ ၀ – ၄ တော့တမ်ဟမ်
စတုတ် ၃ – ၁ လစ်ဗာပူး