မြန်မာနိုင်ငံရေး ခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင် များထဲတွင် မြန်မာလူမျိုးတိုင်း ကျန်းမာကြံ့ခိုင် သန်စွမ်းရေးကို စိတ်အဝင်စားဆုံး ပုဂ္ဂိုလ်မှာ ကျဆုံးသွားရှာပြီ ဖြစ်သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အထက်တန်း ကျောင်းသား မောင်ထိန်လင်း၊ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ တို့ဗမာ အစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူး ဘ၀ တို့တွင် ကျန်းမာကြံ့ခိုင်ရေး (သို့) အားကစား လေ့လာ လိုက်စားသည့် မှတ်တမ်း မှတ်ရာများ မတွေ့ရှိရပါ။ သို့ရာတွင် နတ်မောက်မှ တဆင့် ရေနံချောင်း အစိုးရ အထက်တန်း ကျောင်းတွင် ပညာဆည်းပူး စဉ်ကမူ ပိန်းတန်းဖိနပ်စီး လုံချည်တိုတိုဝတ်ကာ တင်းနစ်ရိုက်တံကို ကိုင်စွဲ ပြီး တခါတရံ တင်းနစ်ကွင်းသို့ လာတတ်သည်ဟု မှတ်တမ်း တခုတွင် ဖတ်မိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အားကစားကို လက်တွေ့ လိုက်စား ဟန်မရှိ သော်လည်း အားကစား သဘော တရားများကိုမူ ထဲထဲဝင်ဝင် သိရှိပြီး ကျွမ်းကျင် နှံ့စပ်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ဗိုလ်ချုပ်၏ “နိုင်တဲ့လှေက နိုင်မယ်မှ မကြံသေးဘူး၊ တက်ထောင်ပြတယ်၊ ရှုံးတဲ့လှေကလည်း ညီညီညာညာ အားထုတ်လှော် ကြရင် နိုင်နိုင်သေးပေမယ့် မကြိုးစား အားမထုတ်တော့ဘဲ တက်ချ အရှုံးပေးတယ်” ဟူ၍ လည်းကောင်း၊ “ဘောလုံး ကစားကြရင်လည်း တဂိုး နှစ်ဂိုးသွင်းပြီး နိုင်နေတော့ ဆောင့် ကြွားကြွား ဖြစ်ကုန်တယ်။ အဲ တဘက် အသင်းက ဂိုးပြန်သွင်းတော့ ရှုံးမယ်လည်း ဖြစ်ရော လူချ ကစားကြတယ်” ဟူသည့် မိန့်ခွန်းများမှာ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်သည်။
ဆွေးနွေးတိုင်ပင်
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက် မြန်မာပြည်ကို ပြန်လည်ထူထောင်ရေး လုပ်ရမည့် စီမံကိန်းထဲတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျန်းမာကြံ့ခိုင် သန်စွမ်းရေး လုပ်ဆောင်ရမည့် စီမံချက်ကို လည်း ထည်သွင်းရေးဆွဲစေခဲ့သည်။
ထိုသို့ မြန်မာ တမျိုးသားလုံး ကျန်းမာကြံ့ခိုင် သန်စွမ်းရေး စီမံကိန်း ရေးဆွဲရာ၌လည်း ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ ကာယဗလ ဘခင်ကြီး ဖြစ်သည့် ကာယဗလ ဦးရှိန်နှင့် ဆရာ ဦးဇော်ဝိတ်တို့ကို သူ၏ အိမ်သို့ ဖိတ်ခေါ် ကာ နေကုန်နေခမ်း ဆွေးနွေးတိုင်ပင်ခဲ့သည်။
ထို့အပြင် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံတွင် ပထမဆုံး မြန်မာအိုလံပစ် ကော်မတီကို ဖွဲ့စည်းခဲ့သည်။
ပထမဆုံး ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဆာဂျေအေ မောင်ကြီး (ဥက္ကဋ္ဌ)၊ ဆရာကြီး ဦးရာဇတ် (ဒုတိယဥက္ကဋ္ဌ)၊ မစ္စတာ ဟာ့စကင်း (အတွင်းရေးမှူး)၊ ကာယဗလ ဦးသော်ဇင် (တွဲဖက်အတွင်းရေးမှူး)၊ ဘဏ္ဍာရေးမှူး ဦးထင်ဘွား၊ ဦးထွန်းတင် (ဥပဒေအကြံပေး)၊ ဦးဘသော် (စာရင်းစစ်) တို့ဖြင့် လည်းကောင်း၊ အမှုဆောင်များ အဖြစ် ဦးဘကလေး၊ ဦးသိန်းကျော်၊ ဗိုလ်ကြီး ဘအုန်း၊ ဦးပိုင်၊ မြန်အောင်ဦးတင်၊ ဦးဝင်းဖေ၊ ဦးချို၊ ဦးဇော်ဝိတ်၊ ဗိုလ်မှူးကြိး မင်းစိန်၊ မစ္စတာ စီစီခူး၊ ဦးသန်းဖေ (ရုပ်ရှင်နှင့် ပြဇာတ်)၊ ဦးတင်မောင် (သတင်းစာ)၊ မစ္စတာလီယိုဒီဗဲလားရစ် (လက်ဝှေ့)၊ ဦးမောင်မောင်လွင် (အလေးမ)၊ မိုးဇက်အောင်သွင် (ရေကူး)၊ ဦးဘညွန့် (ပြေးခုန်ပစ်)၊ တော်ဘုရားကြီး (ကျွမ်းဘား) တို့ဖြစ် ကြသည်။
နာယက
ပထမဆုံး အကြိမ် ဖွဲ့စည်းသည့် မြန်မာ အိုလံပစ် ကော်မတီတွင် နာယက တင်မြှောက်ရေးအတွက် မြန်မာအိုလံပစ် ကော်မတီ အတွင်း သဘောထား ၂ ရပ်ကွဲလွဲခဲ့သည်။ ပထမ အုပ်စုက ထိုစဉ်က မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ကို နာယက အဖြစ် တင်မြှောက်ချင်ကြသည်။ ဒုတိယ အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကို နာယက တင်လိုကြသည်။ နောက်ဆုံး ဒုတိယ အုပ်စုက အနိုင်ရပြီး ဗိုလ်ချုပ်အောင်ဆန်းအား နာယကအဖြစ် တင်မြှောက်ရန် ဆုံးဖြတ်နိုင်ခဲ့ကြသည်။
ကာယဗလ ဦးရှိန်၊ ဦးဇော်ဇင်နှင့် မြန်မာအိုလံပစ်ကော်မတီ အတွင်းရေးမှူး မစ္စတာ မာစကင်းတို့ သုံးဦးက ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံကာ မြန်မာအိုလံပစ် ကော်မတီ နာယက အဖြစ် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားရာ ဗိုလ်ချုပ်အောင်ဆန်းက ကျေကျေနပ်နပ် လက်ခံခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက တဆက်တည်းမှာပင် မြန်မာနိုင်ငံ ဘုရင်ခံချုပ်ကို ပူးတွဲ နာယကအဖြစ် ထားရန် အကြံပေးခဲ့သည်။
ဤသည်မှာ မြန်မာ့ အားကစား လောက လှုပ်ရှားမှုများ စတင်ခဲ့ခြင်းပင်ဖြစ်သည်။ အစိုးရဘက်မှ အားကစား လှုပ်ရှားမှုများကို အကူအညီပေးရန် စတင်လမ်းခင်း လိုက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး ညီလာခံကို ပြည်လမ်းရှိ ဆိုရန်တိုဗီလာ အဆောက်အဦးတွင် ကျင်းပရာ အားကစား တိုးတက်ဖွံ့ဖြိုးရေး ရေးဆွဲတင်ပြရန် မြန်မာနိုင်ငံ အိုလံပစ်အဖွဲ့ကို တာဝန်ပေးခဲ့သည်။
သူ့ကျွန်ဘဝ
မြန်မာနိုင်ငံကို အင်္ဂလိပ် အစိုးရ အုပ်စိုးစဉ် ကာလ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီတွင် အားကစား လှုပ်ရှားမှုများ မယ်မယ်ရရ မရှိခဲ့ပါ။ ထိုသို့ မရှိရခြင်း အကြောင်းမှာ အားကစား အဖွဲ့ချုပ်များ မယ်မယ်ရရ ဖွဲ့စည်းထားမှု မရှိခြင်း၊ ရှိသည့် အားကစား အဖွဲ့များကလည်း နိုင်ငံတကာ အားကစား အဖွဲ့ချုပ်များနှင့် တရားဝင် မဆက်သွယ်နိုင်ခြင်း၊ ထိုစဉ်ကပင် ရှိနေပြီဖြစ်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အဖွဲ့ မဖွဲ့စည်းနိုင်ခြင်းနှင့် အင်္ဂလိပ် အစိုးရက မြန်မာပြည်သူတို့၏ ကျန်းမာကြံ့ခိုင် သန်စွမ်းရေး လုပ်ငန်းများကို လုံးဝနည်းပါး အားမပေးခြင်း တို့ကြောင့် ဖြစ်သည်။
အင်္ဂလိပ် အစိုး၏ စီမံအုပ်ချုပ်မှုကလည်း မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ် တခု အဖြစ်သာ သတ်မှတ်ထားခဲ့သည်။
၁၉၃၆ ခုနှစ် ဘာလင် အိုလံပစ်တွင် မြန်မာ အလေးမ ချန်ပီယံ (ဦး)ဇော်ဝိတ်မှာ အိန္ဒိယ နိုင်ငံသားအဖြစ်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရခြင်းမှာ သာဓက တခုပင် ဖြစ်သည်။
ခွဲထွက်
၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနှင့် ခွဲထွက်ခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီး အရိပ်ဆိုး အောက်တွင် မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများသည် မှေးမှိန်နေခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီနှင့် မဆက် သွယ်နိုင် သေးခြင်းနှင့် အားကစား အဖွဲ့ချုပ်များ မဖွဲ့စည်းနိုင်ခြင်း၊ ဖွဲ့စည်းထားရှိသည့် အားကစား အဖွဲ့ချုပ်များကလည်း သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ချုပ်များနှင့် ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။ ယင်း အပြင် ပြေးခုန်ပစ်လို အားကစား ပြိုင်ပွဲများကိုပင် တရုတ်အမျိုးသား ပြိုင်ပွဲ၊ အိန္ဒိယ အမျိုးသားပြိုင်ပွဲ ဟူ၍ ကျင်းပခြင်းမျိုးပင် ရှိခဲ့သည်။
၁၉၃၉ ခုနှစ်ကျမှ အမ်အေ ဦးမောင်ကြီး အမှူးထားပြီး မြန်မာပြည် ပြေးခုန်ပစ် အားကစားအသင်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ် ထိုအခါမှ BAA (Burma Athletic Association) ကလည်း အဓိက ထားကျင်းပခဲ့သည့် အားကစားမှာ ဘောလုံး၊ ဟော်ကီ၊ ခရစ်ကက်၊ ပြေးခုန်ပစ် စသည်တို့သာ ဖြစ်သည်။ ထို ကစားနည်းများကိုလည်း နိုင်ငံခြားနှင့် ဆက်သွယ်မှု မရှိဘဲ ပြည်တွင်း ၌သာ ကျင်းပနေခဲ့ခြင်း ဖြစ်သည်။
တခေတ်ဆန်းပြီ
သို့ဖြစ်၍ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်၌ ဖွဲ့စည်းနိုင်ခြင်း၊ ထိုအိုလံပစ်အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ဂုဏ်ထူးဆောင် နာယကအဖြစ် တာဝန်ယူခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ အားကစား ကဏ္ဍသစ်ကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ မြန်မာ အားကစားလောက တခေတ်ဆန်းပြီဟုပင် ဆိုရပေလိမ့်မည်။
မြန်မာ အမျိုးသား အိုလံပစ် ကော်မတီ ဖွဲ့စည်းပြီးနောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီတွင် အသင်းဝင်နိုင်ငံဖြစ်ခြင်း၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်နှင့် ပြေးခုန်ပစ်အဖွဲ့ချုပ်တို့က သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ်များနှင့် ဆက်သွယ်မှု ရခြင်းတို့ကို ဂုဏ်ပြုသည့် အနေဖြင့် ဧည့်ခံပွဲတရပ် ပြုလုပ်ခဲ့ သည်။ ယင်း ဂုဏ်ပြု ဧည့်ခံပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သည်။ နောက် ၁၁ လ အကြာ၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်။
သခင်နု
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက မြန်မာ အမျိုးသား အိုလံပစ် ကော်မတီ နာယက အဖြစ် တာဝန်ယူခဲ့သည်။ ဝန်ကြီးချုပ် သခင်နုကလည်း ဗိုလ်ချုပ်ကဲ့သို့ပင် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျန်းမာ ကြံ့ခိုင် သန်စွမ်းရေးကို အထူးစိတ်ဝင်စားသည်။ ၁၉၄၈ ခုနှစ် တွင် ဦးမောင်မောင်ကလေး၊ ဦးဇော်ဝိတ်နှင့် ဦးထွန်းငြိမ်းတို့ကို ဆွီဒင်၊ ဆွစ်ဇာလန်နှင့် နော်ဝေးနိုင်ငံများသို့ လူထုကျန်းမာရေး ကိုယ်ကာယ ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်ငန်းများကို လေ့လာရန် စေလွှတ်ခဲ့သည်။
မြန်မာပြည် အိုလံပစ် အသင်းကြီး၏ နာယက ဝန်ကြီးချုပ် ဦးနုသည်လည်း မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးကို အထူး အာရုံထားသည့် အလျောက် မြန်မာနိုင်ငံ၏ အားကစား ခေါင်းဆောင်များကို ခေါ်ယူ ဆွေးနွေးလျက် အားကစား အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် စည်းမျဉ်းများ ရေးဆွဲတင်ပြရန် တာဝန်ပေးခဲ့သည်။
ရည်ရွယ်ချက် အထမြောက် အောင်မြင်စေရန် အတွက် ကော်မတီတခု ဖွဲ့စည်းခဲ့သည်။ ယင်း ကော်မတီက အားကစားနှင့် ကာယပညာ နယ်ပယ်မှ ခေါင်းဆောင်များ ပါဝင်မည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရး ဗဟိုကောင်စီ (National Fitness Council) ဖွဲ့စည်းနိုင်စေရန် ကာယပညာနှင့် စိတ်အပန်းဖြေဥပဒေကြမ်း (Physical Education and Recreation Bill) ကို ရေးဆွဲခဲ့သည်။
ချောင်ထိုးထား
သို့ရာတွင် တိုင်းပြည် ငြိမ်းချမ်းရေး ပျက်ပြားလာခဲ့သဖြင့် အားကစားဘက် စိတ်မဝင်စားနိုင်ခဲ့သဖြင့် အားကစား ပညာရှင်များ ရေးဆွဲထားသည့် ဥပဒေကြမ်းမှာ ချောင်ထိုးထားခြင်း ခံခဲ့ရသည်။ ၁၉၅၀ ခုနှစ်ကျမှ မြန်အောင် ဦးတင် ကျန်းမာရေးဝန်ကြီး ဖြစ်လာမှ ယင်းဥပဒေမူကြမ်းကို ပြင်ဆင်ကာ ယင်းနှစ် ပါလီမန်၏ ဘတ်ဂျက်အစည်းအဝေးတွင် တင်သွင်း အတည်ပြုခဲ့သည်။
ယင်းနေ့သည် ယနေ့ခေတ် မြန်မာ အားကစား လောကကို စတင်လိုက်သည့် နေ့ပင် ဖြစ်ပေသည်။