ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်သူရမလဲ
This article has been converted from Zawgyi One to Unicode
ဘောလုံးလောကမှာ အထွတ်အထိပ်ထားတဲ့၊ ဘောလုံးသမားတွေ တပ်မက်တဲ့ဆု တဆုကို ပြပါဆိုရင် Fifa Ballon d’Or ကနေပြီး ၂၀၁၀ မှာ ဖီဖာရဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ပူးပေါင်းပေါ်ထွက်လာတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုပဲ ပြရပါလိမ့်မယ်။ ပြင်သစ် ဘောလုံး မဂ္ဂဇင်း တခုကနေ ၁၉၅၆ ခုနှစ်က စတင်ပြီး ထူးချွန်တဲ့ ဥရောပ ဘောလုံးသမားတွေကို စတင်ပေးခဲ့ရာကနေပြီး ယခုလို ကြီးကျယ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုအဖြစ် အချိန်နဲ့အမျှပြောင်းလဲမြှင့်တင်ပြီး ဆုချီးမြှင့်လာနိုင်တာ ဖြစ်ပါတယ်။

ယခုပေးအပ်နေတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဟာ ၂၀၁၀ ခုနှစ်မှာ Ballon d’Or နဲ့ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတို့ ပူးပေါင်းပြီး တနှစ်မှာ ဆုတဆုတည်းကို ပေးအပ်တဲ့စနစ်ကို စတင်ကျင့်သုံးခဲ့တာပါ။ ဘောလုံး ဂျာနယ်လစ်၊ နိုင်ငံတကာ အသင်းနည်းပြများ ၊ အသင်းခေါင်းဆောင်များရဲ့ မဲတွေကိုရေတွက်ပြီး စနစ်တကျ ပေးအပ်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုဟူ၍ တခုတည်းသာ ချီးမြှုင့်ပါတယ်။
၂၀၁၂ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်ဖို့ရာမှာ ဆန်ကာတင် ၃ ယောက်ကို ရွေးချယ်ထားပြီး အန်ဒရေ အင်နီယေစတာ၊ ခရစ္စတီယာနို၊ လိုင်အိုနယ် မက်ဆီတို့ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပမယ့် ဆုချီးမြှင့်ပွဲမှာ တက်ရောက် ယူမယ့်သူ ဘယ်သူပါလဲ။
အန်ဒရေ အင်နီယေစတာ (ဘာစီလိုနာနဲ့စပိန်)
အသက် ၂၈ အရွယ်ရှိပြီးဖြစ်တဲ့ အင်နီယေစတာဟာ ဘာစီလိုနာ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလား၊ ဥရောပ ဖလား၊ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားတို့ကို ရရှိထားတဲ့ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရဖို့အတွက် အင်နီယေစတာဟာ အသင်းဖော် မက်ဆီရဲ့ နောက်မှာသာ ဒုတိယ နေရာနဲ့ ၂၀၁၀ တုန်းက ဖြေသိမ့်ခဲ့ရပါတယ်။
အင်နီယေစတာဟာ ဘာစီလိုနာ အသင်းမှာသာ ခြေစွမ်းပြနိုင်တာမဟုတ်ဘဲ စပိန်အသင်းအတွက် ယူရိုဖလားရရှိဖို့ အဓိက နေရာကနေ စွမ်းဆောင်ထားပါတယ်။ အင်နီယေစတာဟာ ၂၀၁၂ ယူရိုပွဲစဉ်တွေမှာ Man-of-the-match ၃ ကြိမ်ရရှိခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ကလပ်ပြိုင်ပွဲတွေမှာ အင်နီယေစတာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ပွဲတိုင်းကစားတဲ့ ဘောလုံးသမား မဟုတ်ပေမယ့် အသင်းရဲ့ အဓိက အဆုံးအဖြတ် ဂိုးတွေကို သွင်းယူပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ အိမ်ကွင်း ၅၅ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်မှာ အင်နီယေစတာဟာ အဓိက ဖြစ်သလို ၂၀၁၁-၂၀၁၂ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ဘောလုံးသမားဆုရရှိခဲ့ပြီး ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်မှာ မထင်မှတ်ဘဲ ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
စပိန်နည်းပြ ဒယ် ဘော့စကေး ကတော့ အင်နီယေစတာကို နာမည်ကျော် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာနဲ့ တင်စားပြီး အင်နီယေစတာရဲ့ ဘောလုံးကစားဟန်ဟာ ညင်ညင်သာသာလေးနဲ့တဖက်ကစားသမားတွေရဲ့ အားနည်းချက်ကို အခွင့်အရေး ယူနိုင်တဲ့ ဦးနှောက်ပြေးတဲ့ကစားသမားလို့ဆိုပါတယ်။
လိုင်အိုနယ် မက်ဆီ (ဘာစီလိုနာနဲ့အာဂျင်တီးနား)
မက်ဆီ ဆိုတာနဲ့ကမ္ဘာ့ဘောလုံး ပရိသတ်တွေက ဘောလုံးလောက သက်တမ်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားလားဆိုတဲ့ မေးခွန်းနဲ့အမြဲယှဉ်တွဲပြီး နာမည်ကျော် ပီလီ၊ မာရာဒိုနာ၊ ရော်နယ်ဒို၊ ဇီဒန်း တို့ကို ပြေးမြင်ကြပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ စသည်ဖြင့် ၃ နှစ်ဆက်တိုက်ရရှိထားပြီး ၄ ကြိမ်မြောက် ဆက်တိုက်ရရှိဖူးတဲ့ ဘောလုံးသမား ဖြစ်လာဖို့ရေပန်းစားနေပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူး တဦးဖြစ်တဲ့ မက်ဆီဟာ ယခုဘောလုံးလောကမှာ အကောင်းဆုံး လိမ်ခေါက်ကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး ဒီယေဂို မာရာဒိုနာရဲ့ ၁၉၈၀ ရဲ့ ရွှေရောင်နှစ်များကလို ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ စွမ်းဆောင်ရည်ဟာ ၂၀၁၂ မှာ အံ့မခန်း ပိုမိုကောင်းမွန်လာပြီး စံချိန်တခုပြီး တခုချိုးကာ သွင်းဂိုးပေါင်း ၉၀ ကျော် သွင်းတဲ့အထိ ခြေစွမ်းပြလာပါတယ်။
မတ်လတုန်းက ချန်ပီယံလိဂ် ပွဲစဉ်တခုမှာ မက်ဆီဟာ တပွဲတည်း ၅ ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ် သမိုင်းတလျှောက် ပထမဆုံး တပွဲတည်းမှာ ၅ ဂိုးသွင်းတဲ့ ကစားသမား ဖြစ်လာပါတယ်။ အဆိုပါပွဲမှာ မက်ဆီဟာ ဘိုင်ယန် လေဗာကူဆင် အသင်းကို ၇-၁ နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလမှာပဲ ဂရန်နာဒါ အသင်းနဲ့စပိန်လိဂ်ပွဲစဉ်မှာ ဟက်ထရစ် ထပ်မံရရှိခဲ့ပြီး ဘာစီလိုနာ ကလပ်သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားတယောက် ဖြစ်လာခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ ချန်ပီယံလိဂ်မှာလည်း ၁၄ ဂိုးသွင်းယူခဲ့ပြီး တနှစ်တည်းမှာ ဂိုးသွင်းအများဆုံး သွင်းယူတဲ့ စံချိန်တင် ကစားသမားဖြစ်လာခဲ့ကာ မန်ယူတိုက်စစ်မှူးဟောင်း ဗန်နစ်စတယ်ရွိုင်း ရဲ့ ၁၂ ဂိုးစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ထပ်မံပြီး ၂၀၁၂ မေလမှာပဲ ဥရောပလိဂ် ပြိုင်ပွဲတွေရဲ့ တနှစ်တည်း ဂိုးသွင်းစံချိန်ကို ၇၃ ဂိုးနဲ့ ချိုးဖျက်ခဲ့ပြီး ဘိုင်ယန် မြူးနစ် ကစားသမားဟောင်း ဂျာတ် မူလာ တင်ထားတဲ့ ၆၇ ဂိုးစံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။
၂၀၁၂ ဒီဇင်ဘာလမှာတော့ မက်ဆီရဲ့ တနှစ်အတွင်း ဂိုးပေါင်းဟာ ၉၁ ဂိုးအထိရှိခဲ့ပြီး တနှစ်အတွင်း ကလပ်နဲ့နိုင်ငံအတွက် ဘောလုံးလောက သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြဟောင်း ဂါဒီယိုလာကတော့ မက်ဆီလို ကစားသမားတစ်ယောက်ကို ထပ်မံမြင်ရဖို့မရှိပါဘူးဆိုပြီး ချီးကျူးထားသလို ဘောလုံး ဂျာနယ်လစ် အများစုကလည်း မက်ဆီဟာ ဘောလုံးစွမ်းရည် တခုတည်းသာ မဟုတ်ဘဲ အသင်းအတွက် အားသွန်ခွန်စိုက် ကစားပြီး ကစားဖော်တွေ ဂိုးသွင်းဖို့ပါ အမြဲကြိုးပမ်းနေတတ်တဲ့ စိတ်ဓာတ်ကောင်းတဲ့ ဘောလုံးသမားတဦး ဖြစ်ကြောင်း ချီးကျူးနေကြပါတယ်။
စီ ရော်နယ်ဒို (ရီးရဲယ်မက်ဒရစ်နဲ့ ပေါ်တူဂီ)
အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ့ စီ ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ်ကို ရောက်ရှိချိန်ကတည်းက မက်ဆီနဲ့အပြိုင်ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပါတယ်။ ယမန်နှစ်ရာသီတုန်းက ရီးရဲယ်မက်ဒရစ် အသင်းအတွက် ၂၀၀၈ နောက်ပိုင်း လာလီဂါ လိဂ် ဖလားကို ဘာစီလိုနာလက်ထဲကနေ ပြန်လည်ရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို ၂၀၁၁-၂၀၁၂ ရာသီမှာ ဂိုးပေါင်း ၆၀ ကျော် သွင်းယူထားနိုင်ပါတယ်။ ၂၀၀၈ ခုနစ်တုန်း ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရရှိဖူးတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိဖို့နှစ်စဉ် ဆန်ကာတင် ၃ ယောက်ထဲဝင်ပေမယ့် မက်ဆီကို မကျော်နိုင်ဘဲ ဒုတိယ၊ တတိယ ဖြင့်သာ ကျေနပ်နေခဲ့ရပါတယ်။
မက်ဆီနဲ့မတူဘဲ ရော်နယ်ဒို တမူထူးစွာ စွမ်းဆောင်နိုင်တာကတော့ နိုင်ငံအသင်းအတွက် အောင်မြင်မှုရအောင် စွမ်းဆောင်ထားနိုင်တာဖြစ်ပြီး ယူရို ၂၀၁၂ မှာ ပေါ်တူဂီ အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပြီး ၃ ဂိုးသွင်းခဲ့ပါတယ်။ အသင်းအတွက်အဓိက နေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ကာ စပိန်အသင်းကို ဆီမီးဖိုင်နယ်မှာ ပယ်နတီနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
အောက်တိုဘာလမှာတော့ ရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျတဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ် သမိုင်းတလျှောက် ဘာစီလိုနာ အသင်းဖက်သို့၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။
ပေါ်တူဂီလူမျိုး ၊ ရီးရဲယ်မက်ဒရစ် နည်းပြ မော်ရင်ညိုကတော့ အကယ်၍ မက်ဆီသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုလျှင် ရော်နယ်ဒိုဟာ စကြာဝဠာအတွင်း အကောင်းဆုံး ဘောလုံးသမားတယောက်ဆိုပြီး ချီးကျူးထားတာကြောင့် ဘောလုံးဂျာနယ်လစ်တွေကလည်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့သရော်ဖူးပါတယ်။
စပိန်ရှိ ဘောလုံးဂျာနယ်လစ်တွေကတော့ ရော်နယ်ဒိုဟာ မန်ယူမှာကစားခဲ့တုန်းကလို မဟုတ်ဘဲ ပိုမိုရင့်ကျက်ပြီး ပြည့်စုံတဲ့ ကစားသမားဖြစ်လာသလို အရင်ကလို တကိုယ်ကောင်းဆန် ကစားခြင်း၊ ဟန်ဆောင်ဒိုက်ဗင် ထိုးတာတွေ နည်းလာပြီး ကလပ်အတွက်ရော နိုင်ငံအတွက်ပါ တချိန်တည်းမှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် ဒီနှစ်မှာတော့ ရော်နယ်ဒိုအနေနဲ့ဆုရရှိသင့်ကြောင်း ဝေဖန်ထောက်ပြထားပါတယ်။
ကဲ … ဧရာဝတီ ဘောလုံးပရိသတ်ကြီးရော ဘယ်သူဆုရရှိလိမ့်မယ်လို့ထင်ပါသလဲ။ အားလုံးပဲ ပျော်ပျော်ပါးပါး ခန့်မှန်းကြည့်ရအောင်လား ။
Ref – BBC