ရိုရီ မက်အယ်ရွိုင်း ဆိုတဲ့နာမည်ဟာ မြန်မာ အားကစား ပရိသတ်ကြီးနဲ့စိမ်းရင် စိမ်းနေပါလိမ့်မယ်။ ဒါပေမယ့် အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး မကြာသေးမီက ကမ္ဘာ့နံပါတ် (၁) ဖြစ်လာတဲ့ ဂေါက်ရိုက် အားကစားသမား ရိုရီဟာ အမေရိကန် အားကစား ကုမ္ပဏီ နိုက်ကီ (Nike) နဲ့စာချုပ်ချုပ်အပြီးမှာ ကမ္ဘာ့ကြေးအများဆုံး အားကစားသမားစာရင်း ဝင်သွားပြီဖြစ်ပါတယ်။
ရိုရီဟာ အဘူဒါဘီမြို့သို့ ရောက်ရှိနေပြီး အမေရိကန် နာမည်ကြီး အားကစားကုမ္မဏီ နိုက်ကီရဲ့ အမှတ်တံဆိပ် သံအမတ်အဖြစ် သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ စာချုပ်မှာ တန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာကို အတိအကျ သတင်းမထုတ်ပေမယ့် ၅ နှစ်အတွက် ဒေါ်လာ သန်း ၁၀၀ နဲ့ ၁၂၅ သန်းကြား ရှိလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီပမာဏအရဆိုရင် ရိုရီဟာ တရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅ သောင်း ရရှိတဲ့ ဂေါက်ကစားသမား ဖြစ်လာမှာပါ။
အရင်တုန်းကတော့ နိုက်ကီရဲ့ အဓိက အမှတ်တံဆိပ် သံအမတ်ဟာ တိုက်ဂါး ဝုဒ် ဖြစ်ခဲ့ပြီး ၁၆ နှစ်ကြာအထိ စာချုပ်ထပ်ခါ ထပ်ခါ ချုပ်ဆိုခဲ့ဖူးပါတယ်။
ရိုရီက နိုက်ကီနဲ့ လက်တွဲဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး “နိုက်ကီဟာ သူတိုရဲ့ အရည်အသွေးကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသလို ကျနော်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပါပဲ။ နိုက်ကီနဲ့စာချုပ် ချုပ်လိုက်တာဟာ ကျနော့် အိမ်မက်ကို အကောင်အထည်ဖော်ဖို့ခြေလှမ်းနောက်တဆင့် လှမ်းလိုက်တာပါပဲ” ဆိုပြီး အယ်ဘာဟိုတယ် မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုက်ကီ ကုမ္မဏီရဲ့ ဂေါက်အားကစားရေးရာ ဥက္က္ကဌ စင်ဒီ ဒေးဗစ်ကတော့ “ရိုရီဟာ သာမန်ထက် ထူးခြားတဲ့ အားကစားသမားတဦးပါ။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်လှုပ်ရှားဖို့ ကောင်းသလို လာကြည့်တဲ့ ပရိသတ်နဲ့လည်း ထူးကဲတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ” ဆိုပြီး အမွှမ်းတင်သွားခဲ့ပါတယ်။
ရိုရီဟာ နိုက်ကီနဲ့စာချုပ်အသစ်ကြောင့် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား အဆင့် (၁၀) အတွင်း ဝင်သွားပြီး လက်ဝှေ့သမား ဖလွိုက် မေဝယ်သာ၊ ဂေါက်ကစားသမား တိုက်ဂါး ဝုဒ်၊ ဖေးလ် မက်ခဲယ်ဆန် တို့နည်းတူ ဝင်ငွေကောင်းတဲ့ အားကစားဖြစ်လာပါတယ်။
ဝင်လာမဆဲ တသဲသဲ ဒေါ်လာတွေနဲ့ ရိုရီ
လက်ရှိအချိန်မှာ မက်အယ်ရွိုင်းဟာ အသက် ၂၃ နှစ်သာရှိသေးပြီး ၂၀၁၂ အတွင်းမှာလည်း ဒေါ်လာ ၁၃ သန်းကျော်မျှ ပြိုင်ပွဲတွေကနေ အနိုင်ရရှိထားပါတယ်။ ရိုရီဟာ ၂၀၁၃ မေလမှသာ ၂၄ ပြည့်မှာဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး၊ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် လက်ရှိအချိန်မှာ ရပ်တည်နေပါတယ်။
ဝင်ငွေ အားကောင်းလာတဲ့ ရိုရီက “ကျနော်ဟာ ဒီလို ဆုကြေးငွေ အများအပြားရရှိတဲ့ အားကစားလောကမှာ ကျင်လည် ကျွမ်းကျင်တာဟာ အင်မတန် ကံကောင်းလို့ပါ” ဆိုပြီး မနှစ်က အမေရိက ဖက်အက်စ် ပြိုင်ပွဲမှာ ဒုတိယချိတ်ကာ ဒေါ်လာ ၃ သန်း ရအပြီး ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ရိုရီက “ငွေဟာ ကျနော့်အတွက် တစိတ်တပိုင်းသာ အရေးကြီးပါတယ်။ ကျနော့်ရဲ့ အဓိက အိမ်မက်ကတော့ နာမည်ကြီး ဂေါက်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ပါပဲ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ရိုရီဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ အဓိက ဂေါက်ဖလား ၂ ခုကို ရရှိထားပြီး ဒီလို ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဖြစ်လာတဲ့ နိုက်ကီနဲ့ စာချုပ်ကြောင့် ၂၀၁၃ မှာ ပိုမိုအောင်မြင်ဖို့ဖိအားတွေဝင်လာပြီ ဖြစ်ပါတယ်။
၂၀၁၂ ရဲ့ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အားကစားသမား ၅ ဦး
၁။ လက်ဝှေ့- ဖလွိုက် မေဝယ်သာ (ပေါင် ၅၃ သန်း)
၂။ လက်ဝှေ့ – မန်နီ ပါ့ကယောင် (ပေါင် ၃၉ သန်း)
၃။ ဂေါက် – တိုက်ဂါး ဝုဒ် (ပေါင် ၃၇ သန်း)
၄။ ဘက်စကက်ဘော – လီဘရွန် ဂျိမ်းစ် (ပေါင် ၃၂.၈ သန်း)
၅။ တင်းနစ် – ရော်ဂျာ ဖက်ဒါရာ (ပေါင် ၃၂.၅ သန်း)