၂၀၁၄ ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခွင့်ရရှိထားတဲ့ ဘရာဇီးအသင်းဟာ အင်္ဂလန်အသင်းနဲ့ ချစ်ကြည်ရေး ပွဲစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းကြီးမှာ ဖေဖော်ဝါရီ ၆ ရက်နေ့ညက ယှဉ်ပြိုင်ဖို့ ရှိတာမို့ ကမ္ဘာ့ ဘောလုံးပရိသတ်တွေ အကြိုက်တွေ့မယ် တပတ်အတွင်း အကောင်းဆုံး နိုင်ငံတကာ ပွဲစဉ်တခုဖြစ်ပါတယ်။
အင်္ဂလန် အသင်းရဲ့ ပြင်ဆင်မှု
အင်္ဂလန် အသင်းမှာ အက်ရှလေကိုးလ်က သူရဲ့ နိုင်ငံတကာ ပွဲ ၁၀၀ မြောက် ကစားဖို့ရှိနေပြီး ၂၀၀၁ ခုနစ်ကတည်းက အင်္ဂလန် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ ဖရန့်လန်းပတ် ဟာလည်း အင်္ဂလန် အသင်းမှာ ပြန်လည်ပါဝင်လာပြီး ဂျက် ဝဲရှိုင်းယား၊ မိုက်ကယ်ကာရစ်၊ တွမ် ကလေဗာလေ၊ လီယွန် အော့စမန်နဲ့ အသင်းခေါင်းဆောင် စတီဗန် ဂျာရတ်တို့နဲ့အတူ ပါဝင်လာပါတယ်။
နောက်ပိုင်း အင်္ဂလန်အသင်းမှာ အဓိက ကစားသမားဖြစ်လာတဲ့ စကော့ပါကားကတော့ ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ကလပ်အသင်းမှာ ပုံမှန်ပွဲထွက် ကစားနေပမယ့် လက်ရွေးစင် အသင်းရဲ့ စာရင်းမှာတော့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ နောက်တန်းမှာတော့ မန်ယူ နောက်ခံလူ စမောလင်းဟာ လက်ရွေးစင် အသင်းမှာ ပြန်လည်အရွေးခံရပြီး သူရဲ့ အသင်းဖော် ဖေးလ်ဂျုန်းစ်ကတော့ အသက် ၂၁ အောက်အသင်းမှာသာ ပါဝင်လာပါတယ်။ ပြီးခဲ့တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမား စတာလင်၊ ရှယ်ဗီ နဲ့ ဇာဟာတို့ဟာလည်း အင်္ဂလန် အသက် ၂၁ အောက်အသင်းမှာသာ ပါဝင်လာပါတယ်။
ရွိုင်းဟော့ဆန်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ လူငယ်ကစားသမား အတော်များများ ပါဝင်လာပြီး ၂၀၁၄ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ယခု ရွေးချယ်ထားတဲ့ လူစာရင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ဖို့ရှိနေတာက ကားရစ်၊ စတားရစ်နဲ့ ဒီဖိုးတို့ဖြစ်ပြီး ဘရာဇီးနဲ့ပွဲမှာ အနိုင်ရရှိဖို့အတွက် ရွိုင်းဟော့ဆန် ခေါင်းစားနေရပြီ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ ဒီဖိုး နဲ့စတားရစ် အစား ဝက်ဟမ်းမှာ အငှားကစားနေတဲ့ ကာရိုးကို ခေါ်ယူဖို့အသံထွက်နေပေမယ့် ရွိုင်းဟော့ဆန်ဟာ ရှိတဲ့လူစာရင်းနဲ့ယှဉ်ပြိုင်သွားမယ်လို့သိရပြီး ဝဲကော့ အနေနဲ့ တိုက်စစ်မှာ ရွန်းနီနဲ့တွဲထွက်လာဖို့ရှိနေပါတယ်။
ဂိုး – ဂျိုးဟတ်၊ ဂျက် ဘန်တလန်
နောက်တန်း – ဘိန်းစ်၊ ကာဟေးလ်၊ အက်ရှလေ ကိုးလ်၊ ဂျာကီယယ်ကာ၊ ဂလင်းဂျွန်ဆင်၊ လက်စကော့၊ စမောလင်း၊ ကိုင် ဝေါကာ
အလယ်တန်း – မိုက်ကယ် ကားရစ်၊ တွမ်ကလေဗာလေ၊ စတီဗင် ဂျာရတ်၊ ဖရန့်လန်းပတ်၊ အာရွန် လန်နွန်၊ ဂျိမ်းစ် မယ်နာ၊ လီယွန် အော့စမန်၊ ချိန်ဘာလိန်၊ သီယို ဝဲကော့၊ ဂျက် ဝဲရွိုင်းယား
ရှေ့တန်း – ဂျာမိန်း ဒီဖိုး၊ ရွန်းနီ၊ စတားရစ်၊ ဝဲဘက်
ဘရာဇီး အသင်းရဲ့ ပြင်ဆင်မှု
၂၀၁၄ ကမ္ဘာ့ဖလားကို ကျင်းပခွင့်ရရှိထားတဲ့ ဘရာဇီးအသင်းဟာ ကြိုတင်ပြင်ဆင်မှုတွေ အနေနဲ့ နည်းပြ ဖိလစ် စကောလာရီကို ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ထားပါတယ်။ နည်းပြ ဖိလစ် စကောလာရီဟာ ၂၀၀၂ တုန်းက ဘရာဇီး အသင်းအား ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလကမှ ဘရာဇီးအသင်းအား ကိုင်တွယ်နေတဲ့ စကောလာရီဟာ သူရဲ့ ပထမဆုံးပွဲမှာ အင်္ဂလန်အသင်းနဲ့ကန်ရမှာမို့ အခက်အခဲတွေ ရှိနေနိုင်ပေမယ့် အနိုင်ကန်ချင်တယ်လို့ဆိုပါတယ်။ စကောလာရီဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား ၄ ယောက်ကို ရွေးချယ်ထားပြီး ဒေးဗစ် လူးဝစ်၊ ရာမီရက်၊ အော်စကာနဲ့ဂျိုလီယို ဆီဇာတို့ဖြစ်ကြပါတယ်။
ဘောလုံး ပရိသတ်ကြီးအတွက် သတင်းကောင်းကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၂ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒင်ဟိုဟာ လူစာရင်းမှာ ပြန်လည်ပါဝင်လာပြီး တက်သစ်စ နာမည်ကြီး ဘောလုံးသမား နေမာနဲ့တွဲကစားဖို့ ရှိနေပါတယ်။
အင်္ဂလန် နဲ့ဘရာဇီးတို့ရဲ့ ပွဲစဉ်ဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ နှစ်ပေါင်း ၁၅၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်တာကြောင့် ဘောလုံးလောကမှာ နာမည်ကြီး ဘောလုံးသမားဟောင်း တော်တော်များများ တက်ရောက် ကြည့်ရှုကြမှာဖြစ်ပြီး ဘရာဇီး ဂန္ထဝင်ကစားသမား ပီလီလည်း ဖိတ်ကြားခြင်း ခံထားရပါတယ်။ ဒါပေမယ့် နောက်ဆုံးရ သတင်းအရတော့ ပီလီဟာ တင်ပါးဒဏ်ရာကို မကြာသေးမီကမှ ခွဲစိတ်မှု ပြုလုပ်ထားတာကြောင့် အင်္ဂလန်နဲ့ဘရာဇီး ပွဲစဉ်ကို လာရောက် မကြည့်ရှုနိုင်တော့ကြောင့် ပြောဆိုခဲ့ပါတယ်။
ဘရာဇီး အသင်းရဲ့ လူစာရင်း
ဂိုး – ဂျုလီယို ဆီဇာ၊ ဒီယေဂို အဲဗက်စ်
နောက်တန်း – ဒန်နီယယ် အဲဗက်စ်၊ အက်ဒရီယာနို၊ ဒေးဗစ်လူးဝစ်၊ ဒန်တေး၊ လီယန်ဒရို၊ မီရန်ဒါ၊ ဖိလစ် လူးဝစ်
အလယ်တန်း – ရာမီရက်၊ အရူကာ၊ ပေါ်လင်ညို၊ ဟာနန်နက်စ်၊ အော်စကာ၊ ရော်နယ်ဒင်ဟို၊ လူးကတ် မော်ရာ
ရှေ့တန်း – ဟော့ခ်၊ နေမာ၊ ဖရက်၊ ဖာဘီယာနို
အင်္ဂလန်နဲ့ ဘရာဇီး အသင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ရလဒ်များ
၂၀၀၉ – အင်္ဂလန် ၀ – ၁ ဘရာဇီး (ချစ်ကြည်ရေး)
၂၀၀၇ – အင်္ဂလန် ၁ – ၁ ဘရာဇီး (ချစ်ကြည်ရေး)
၂၀၀၂ – အင်္ဂလန် ၁ – ၂ ဘရာဇီး (ကွာတားဖိုင်နယ် – ၂၀၁၂ ကမ္ဘာ့ဖလား)
၂၀၀၀ – အင်္ဂလန် ၁ – ၁ ဘရာဇီး (ချစ်ကြည်ရေး)
ပွဲချိန်
အင်္ဂလန် – ဘရာဇီး (ဝင်ဘလေ အားကစားကွင်း၊ အင်္ဂလန်)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃၊ ဗြိတိန်စံတော်ချိန် ၁၉း၃၀
မြန်မာစံတော်ချိန် (၇ ရက်နေ့ မနက်ခင်း – ၂ နာရီ)
ကိုးကား ။ ။ BBC Sport