အားကစား

စိမ်းလန်းသော ချစ်ကြည်ရေးနှင့် နေပြည်တော်ဆီးဂိမ်း

This article has been converted from Zawgyi One to Unicode

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံ နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် တို့တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့်  အားကစားနည်း ၃၃ မျိုးကို အရှေ့တောင်အာရှ အားကစားပွဲ ဖက်ဒရေးရှင်း ကောင်စီ အစည်းအဝေးက တရားဝင်သတ်မှတ် ကြေညာလိုက်ပြီ ဖြစ်သည်။

ယခင်က အားကစားနည်း ၂၈ မျိုးမှ ၃၁ မျိုး အတွင်းသာ ထည့်သွင်း ကျင်းပမည့် သတင်း ထွက်ခဲ့သေးသည်။ သို့ရာတွင် လက်တွေ့တွင်မူ အားကစားနည်း ၃၃ မျိုးအထိ ရောက်သွားခဲ့သည်။ ယခင် ကျွန်းဆွယ်ခေတ် မြန်မာနိုင်ငံတွင် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ၂ ကြိမ် ကျင်းပခဲ့သည်။ ၁၉၆၁ ခုနှစ် ကျွန်းဆွယ်ပွဲတွင် အားကစားနည်း ၁၃ မျိုး၊ ၁၉၆၉ တွင် အားကစား နည်း ၁၅ မျိုးသာ ထည့်သွင်းကျင်းပခဲ့သည်။

၁၉၅၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ၈ ကြိမ်တွင် အိုလံပစ်နှင့် နိုင်ငံတကာ အားကစား နည်းများကို ထည့်သွင်း ကျင်းပခဲ့သည်။ ရိုးရာ အားကစားနည်းများကို လုံး၀ (လုံးဝ) ထည့်သွင်း ကျင်းပပေးခြင်း မရှိခဲ့ပါ။ အားကစားနည်း ၁၈ မျိုးမှာ အများဆုံးဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ကျွန်းဆွယ် အားကစားပွဲ ဖက်ဒရေးရှင်း ကောင်စီမှ နုတ်ထွက် သွားသဖြင့် ၁၉၇၅ ခုနှစ်တွင် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ လေးနိုင်ငံတည်းဖြင့် ၈ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကျင်းပခဲ့ရသည်။ လေးနိုင်ငံတည်းဖြင့် အားကစားပြိုင်ပွဲ ကျင်းပရန် မသင့်လျော်သဖြင့် မလေးရှား ဝန်ကြီးချုပ် တွန်ကူလ် အဗ္ဗဒူလ် နာမန်၏ အကြံပြုချက်အရ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း နိုင်ငံတို့ကို အစားထိုး၍ ကျွန်းဆွယ်အမည်ကို ဖြုတ်ကာ ၁၉၇၇ ခုနှစ်တွင် SOUTH EAST ASIA GAMES (SEAG) အမည်ဖြင့် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၆  ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် ကျင်းပခဲ့သည်။ ထိုစဉ်ကမူ အမျိုးအစား မဖောင်းပွသေးပါ။ အိုလံပစ်နှင့် ကမ္ဘာ့အားကစားနည်းများကိုသာ ထည့်သွင်း ကျင်းပခဲ့ကြသည်။ ၁၉၈၅ ခုနှစ် ဘန်ကောက် ဆီးဂိမ်းအထိ အားကစားနည်း ၁၈ မျိုးထက် မပိုပါ။

သို့ရာတွင် ၁၉၈၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှ စကာ အားကစားနည်းများ ထည့်သွင်းကျင်းပမှုမှာ တဟုန်ထိုးနီးပါး ခုန်တက်သွားသည်။ အားကစားနည်း ၂၆ မျိုးအထိဖြစ်သည်။ ယင်း အကြိမ်မှစကာ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပသည့် အားကစားနည်းများ  အောက် မရောက် တော့ပါ။ တစ်ဖန် ၁၉၈၇ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံမှာပင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၃၄ မျိုး အထိ တိုးချဲ့ထည့်သွင်းခဲ့ ပြန်သည်။

၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် ဆီးဂိမ်းမှာ အားကစားနည်း သစ်များ ထည့်သွင်း ကျင်းပမှု စံချိန်တင်သည်။ ဂျာကာတာတွင် ၇ မျိုး၊ ပလင်ဘန်မြို့ (PALEM BANG) တွင်လည်း ၂၇ မျိုးထည့်သွင်း ကျင်းပခဲ့သည်။ စုစုပေါင်း ၅၄ မျိုးဖြစ်သည်။ အားကစားနည်း ဤမျှ များပြားနေခြင်းမှာ အားကစားနည်းကြီး တမျိုး အောက်တွင် ထည့်သွင်းကျင်းပသည့် အားကစား ပွဲငယ်များကိုပါ ထည့်သွင်း ရေတွက်ထားသောကြောင့် ဖြစ်သည်။ ပမာအားဖြင့် ရေ ကစားနည်း “ARUATIC” ခေါင်းစဉ်အောက်တွင် ပြိုင်ပွဲငယ် ၅ မျိုး ရှိသည်။ OWS၊ ဒိုက်ဗင်၊ ရေကူး၊ ဟန်ချက်ညီအလှ “SYNCRONIZED”၊ ဝါတာပိုလို။ စက်ဘီး၌လည်း တာတို (TRACK)၊ တာဝေး (ROAD)၊ MTB (ဘောင်ဆင်းစီးပွဲ)၊ BMX (အခက်အခဲစီးပွဲ) စသည်တို့ဖြစ်သည်။

အားကျမခံ

မြန်မာနိုင်ငံကလည်း အားကျမခံ အားကစား နည်းပေါင်းစုံ ၃၃ မျိုး ထည့်သွင်း ကျင်းပမည် ဟုသိရသည်။ မြန်မာနိုင်ငံက ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၃၃ မျိုးတွင် အားကစား ပြိုင်ပွဲကြီးများ၌ မဖြစ်မနေ ထည့်သွင်းကျင်းပရမည့် ပထမဦးစားပေး ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲ တို့ဖြစ်သည်။

ဒုတိယ ဦးစားပေး အားကစားနည်းများမှာ အိုလံပစ်နှင့် ကမ္ဘာ့ အားကစားနည်းများ ဖြစ်ကြသည့် ၁။ မြားပစ်၊ ၂။ ကြက်တောင်၊ ၃။ ဘီလီယက်နှင့်စနူကာ၊ ၄။ နိုင်ငံတကာလက်ဝှေ့၊ ၅။ ဘက်စကက်ဘော၊ ၆။ ကနူးလှေ၊ ၇။ စက်ဘီး ၈။ အနောက်တိုင်းမြင်းစီး “EQUESTRIAN”၊ ၉။ ဘောလုံး၊ ၁၀။ ဖူဆယ်၊ ၁၁။ ဂေါက်သီးရိုက်၊ ၁၂။ ဂျုဒို၊ ၁၃။ ကရာတေးဒို၊ ၁၄။အနောက်တိုင်းလှေ၊ ၁၅။ ပိုက်ကျော်ခြင်း၊ ၁၆။ သေနတ်ပစ်၊ ၁၇။ ရွက်လှေ၊ ၁၈။ စားပွဲတင်တင်းနစ်၊ ၁၉။ တိုက်ကွမ်ဒို၊ ၂၀။ဘော်လီဘော၊ ၂၁။ အလေးမ၊ ၂၂။ အနောက်တိုင်းနည်း၊ ၂၃။ ဝူရှုး တို့ဖြစ်သည်။

ရိုးရာအားကစားနည်း

ရိုးရာ အားကစားနည်း ထဲမှ ၁။ ကိုယ်ကာယအလှ၊ ၂။ ရိုးရာလှေ၊ ၃။ စစ်တုရင်၊ ၄။ ပင်ကတ်စီလတ်၊ ၅။ ဗိုဗင်နမ် “VOVINAM”၊ ၆။ ပင်တတ် (PINTAQUE)၊ ၇။ မွေ့ထိုင်း နှင့် ၈။ ရှိုယင်ဂျီကင်ပို (SHORINJI ICEMPO) တို့ပါဝင်သည်။

အနေဝေး

ဒုတိယ ဦးစားပေး အားကစားနည်း ၂၃ မျိုးထဲမှ အနောက်တိုင်း မြင်းစီး (EQUESTRIAN)၊ အနောက်တိုင်း နပန်း အားကစား နည်းတို့မှာ မြန်မာနိုင်ငံတွင် အနေဝေးသည့် အားကစားနည်းများ ဖြစ်ကြသည်။ လေ့လာလိုက်စားမှု နည်းသော အားကစား နည်းများ ဖြစ်သည်။ အနောက်တိုင်း နပမ်းဆိုလျှင် ၂၆ ကြိမ်မြောက် အာရှ အားကစားပွဲတော် (ဂျာကာတာ၂၀၁၁) ကျမှ နိုင်ငံတကာ ပြိုင်ပွဲတွင် စတင်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဂျာကာတာတွင် ကျင်းပသည့် ဆီးဂိမ်းတွင် မြန်မာ နပမ်းသမားများ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း ဆုတံဆိပ် မရခဲ့ပါ။ မြန်မာ နပမ်းသမား တယောက်၏ လက်တွင် ဒဏ်ရာအပြင်း အထန် ရခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ နပမ်းပြိုင်ပွဲမှာ အလွတ်တန်း (FREE STYLE) နှင့် GRSCO – ROMAN ဟူ၍ အတန်း ၂ တန်းရှိသည်။ တတန်းလျှင် ကိုယ်အလေးချိန် အလိုက် အတန်း ၈ ခု ရှိသည်။ နှစ်မျိုးပေါင်းလျှင် ရွှေတံဆိပ် ၁၆ ဆုရှိသည်။ အမျိုးသမီးပါ ထည့်သွင်း ကျင်းပခဲ့လျှင် ၃၄ ဆုရှိ သည်။ ဂျာကာတာတွင် ၁၇ ဆုပေးသည်။

မြင်းစီးပြိုင်ပွဲ ကိုလည်း မြန်မာအားကစား ဝါသနာရှင်များ (ကာယကံရှင်များကလွဲ၍) သည် မြန်မာ့မြေပေါ်တွင် လုံးဝမတွေ့ရ၊ မမြင်ရသေးပါ။ EQUESTRIAN မြင်းစီးအောက်တွင် ပြိုင်ပွဲ ၆ပွဲ ရှိပါသည်။ တဦးချင်း သုံးပွဲနှင့် အသင်းလိုက် သုံးပွဲ ဖြစ်ပါသည်။

မြင်းစီးပြိုင်ပွဲ နည်းများမှာ “THREE DAY EVENT”၊ “JUMPING”  နှင့် “DRESSAGE” ပြိုင်ပွဲတို့ ဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲပါ ထည့်သွင်း ကျင်းပလျှင် ရွှေတံဆိပ် ၁၂ ဆုဖြစ်ပါ လိမ့်မည်။

ယခုနောက်ပိုင်းတွင် တာဝေးမြင်းစီး (ENDURANCE) ခံနိုင်ရေး တာဝေးတမျိုးပါ ထည့်သွင်းကျင်းပလာသည်။ ယင်းတွင်လည်း ကျား+မ ပြိုင်ပွဲဆိုလျှင် ရွှေတံဆိပ် ၂ ဆု ထပ်ပေးရပါမည်။ မြင်းစီးက စုစုပေါင်း ၈ ဆု ရှိလာနိုင်ပါသည်။ သို့ဖြစ်ရာ နပန်းက ရွှေတံဆိပ် ၁၇ ဆု၊ မြင်းစီးမှ အမျိုးသမီးပါ ထည့်သွင်းကျင်းပပေးလျှင် ရွှေတံဆိပ် ၁၂ ဆု၊ မြင်းနှင့် နပမ်းမှ ရွှေတံဆိပ် ၂၉ ဆု ဖြစ်ပါသည်။ ယခင်ကတော့ မြန်မာမြင်းစီး အားကစားသမားများ ရွှေတံဆိပ်မည်မျှ ဆွတ်ခူးနိုင် မလဲဟူသည်မှာ စိတ်ဝင်စားစရာကောင်းသည်။

ရေကူး

ပထမ ဦးစားပေး မထည့်မနေရ ထည့်သွင်း ကျင်းပပေးရမည့် အားကစားနည်း ၂ မျိုးရှိသည့်အနက် ရေကူး အားကစားနည်း တွင်လည်း အမျိုးသား၊ အမျိုးသမီး ပေါင်းလျှင် ၃၈  ဆု၊ ဂျာကာတာ ဆီးဂိမ်းတွင် ချီးမြှင့်ခဲ့သည်။ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွင် အလွတ်ကူး ၅ မျိုး၊ နောက် ပြန်ကူး ၂ မျိုး၊ ရင်ဘောင်ကူး ၂ မျိုး၊ လိပ်ပြာကူး ၂ မျိုး၊ မီတာ ၂၀၀ တဦးချင်း ၄ မျိုးကူး၊ မီတာ ၄၀၀ တစ်ဦးချင်း ၄ မျိုးကူး၊ ၄ x ၁၀၀ လက်ဆင့်ကမ်း အလွတ်ကူး၊ မီတာ ၂၀၀ x ၄ ယောက် လက်ဆင့်ကမ်း အလွတ်ကူး ပြိုင်ပွဲ၊ မီတာ ၁၀၀ x ၄ ယောက် လက်ဆင့်ကမ်း ၄ မျိုးကူး ပြိုင်ပွဲတို့မှာ အမျိုးသား ပြိုင်ပွဲများဖြစ်သည်။ ၂၀၁၂ လန်ဒန်အိုလံပစ်တွင်မူ တာဝေး ၆ မိုင်ရေကူးပြိုင်ပွဲ ထည့်သွင်း ကျင်းပပေးခဲ့သည်ကို ကြည့်လိုက်ရဖူးသည်။ မြန်မာရေကူးအဖွဲ့၏ အောင်မြင်မှုမှာ တင်မောင်နီနှင့် စပြီး မိုးသူအောင်တွင် ရပ်တန့်သွားသည်။

ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်းတို့တွင် ရွှေတံဆိပ် ၈၀ ကျော်ရှိသည်။ မြန်မာ အားကစားသမား စစ်စစ်များက နှစ်မျိုးပေါင်း ရွှေတံဆိပ် ၈ ဆု ဆွတ်ခူးနိုင်ခဲ့ကြလျှင် ကျေနပ်ကြရမည့် အနေအထားဖြစ်သည်။

ရိုးရာအားကစားနည်း

ရိုးရာအားကစားနည်းနှင့် ပတ်သက်လာလျှင် ရေးစရာတွေ အများကြီးရှိလာသည်။ ၁၉၈၇ ခုနှစ်မှ စတင်ကာ ရိုးရာ အမည်ခံ၍ အားကစားနည်း မဟုတ်သည့် အားကစားနည်းများ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပခဲ့ကြသော်လည်း မြန်မာ့ရိုးရာ အားကစားနည်း တမျိုးမှပင် ထည့်သွင်း ကျင်းပခြင်း မရှိသည်မှာ “ထူး ထွေ တည့် အံ့ ဖွယ်ရာ” ပင် ဖြစ်သည်။

ရိုးရာအားကစားနည်း ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ နိုင်ငံက အရှေ့တောင်အာရှ အားကစားပွဲ ဖက်ဒရေးရှင်း ကောင်စီ အစည်းဝေးပွဲတွင် တင်ပြတောင်းခံရသည်။ ဆီးဂိမ်း စတင် ကျင်းပခဲ့သည့် ၁၉၇၇ မှစတင် ကာ ၂၀၁၂ အတွင်း ကျင်းပသည့် ဆီးဂိမ်းများတွင် အာဆီယံ ဒေသတွင်းမှ နိုင်ငံတချို့၏ ရိုးရာ အားကစားနည်းများ တမျိုးပြီး တမျိုး ဆီးဂိမ်းတွင် တိုးလာသည်။ တိုးလာသည့် တခြားနိုင်ငံများ၏ ရိုးရာ အားကစားနည်းများတွင် မလွတ်တမ်း ဝင်ပြိုင်ပေးသည်။ တကြိမ် တခါမှ ရွှေတံဆိပ် မရဘူးသေးပါ။ လောင်းလှေပြိုင်ပွဲမှာ နိုင်ငံတနိုင်ငံ၏ ရိုးရာ မဟုတ်ပါ။ အာဆီယံ နိုင်ငံတိုင်းတွင် ရိုးရာ လှေများရှိကြပါသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာက ခြင်းလုံးတမျိုးထဲသာ တွေ့ရသည်။ စစ်တုရင်ကို ရိုးရာထဲ ထည့်ထားသဖြင့် မြန်မာ ရိုးရာ စစ်တုရင် ဖြစ်ဖွယ်ရှိပါသည်။ သို့ဖြစ်ရာ အိမ်ရှင်နိုင်ငံက ရိုးရာအားကစားနည်း ၂ မျိုးသာ ထည့်သွင်း ကျင်းပပြီး ကျန်နိုင်ငံများ၏ ရိုးရာ အားကစားနည်း ၆ မျိုး တွင် ဝင်ပြိုင်ပေးရသည့် သဘောဆောင်နေသည်။

စိမ်းလန်းစိုပြေသော ချစ်ကြည်ရေးကို တည်ဆောက်ရာတွင် အရှုံးပေး၊ အညံ့ခံပြီးတော့ မတည် ဆောက်လိုပါ။ တန်းတူရည်တူ ဆက်ဆံပြီး တည်ဆောက်ရသည့် ချစ်ကြည်ရေးကပိုပြီး စိမ်းလန်းစိုပြေလိမ့်မည်ဟု စာရေးသူ ယုံကြည်မိပါသည်။     ။

Loading