စာရေးသူ၏ ဆရာတဆူဖြစ်သော အားကစားနှင့် ကာယပညာ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ကွယ်လွန်သူ ဗိုလ်မှူးထွန်းငြိမ်း က “မောင်နေထွန်း” ကလောင်အမည်ဖြင့် မြန်မာနိုင်ငံ အားကစားတိုးတက်မှု အကြောင်း အား/ ကာ ဂျာနယ်တွင် ရေးခဲ့ဖူးသည်။ ဆောင်းပါး ခေါင်းစဉ်က “ဖိုးအေ၊ ဖွားအေတို့ မြင်စမ်း စေချင်သည်” ဟူ၍ ဖြစ်သည်။
ဆောင်းပါးအစတွင် တခေတ် တခါက အင်္ဂလန်နိုင်ငံသို့ သွား၍ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အရေးဆိုခဲ့ ကြသော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) တို့ ဆောင်ရွက်ပုံနှင့် မြန်မာတွေ နိုးကြားလာပုံ၊ အားပါးတရ ရှိလှပုံကို ကွယ်လွန်သွား ပြီဖြစ်သော၊ ရှေ့မှ သွားကြပြီဖြစ်သော လူကြီးများ၊ ဖိုးအေ ဖွားအေများကို မြင်စေချင်စမ်း၊ ပြသ ချင်စမ်း လွန်းလှသော စိတ် စေတနာဖြင့် အမျိုးသား ပညာဝန် ဦးဖိုးကျားက …၊
“ဒို့ ဖိုးအေနှင့် ဖွားအေငယ်မှ ရှေ့သွား လူကြီးများ၊ အားပါးတရ ပြချင်စမ်း လှတယ်၊ မြန်မာတွေ တိုးတက်ပုံ အစုံစုံကို အကုန် ကြည့်လှည့်ကြပါလား၊ အကျွန့်ရှေ့သွားတဲ့ လူကြီးမင်းများလေ … ” ချီ … ကာချင်းဖြင့် ဖွဲ့ဆိုခဲ့သည်။
အမျိုးသား ပညာဝန် ရေးသားစီကုံးသည့် ကာချင်းသို့ပင် ဆောင်းပါးရှင် မောင်နေထွန်းက မြန်မာ့အားကစား ကမ္ဘာသို့တိုင် အောင် ပေါက်မြောက် အောင်မြင်ခဲ့ပုံများကို ဘဝတပါးသို့ ပြောင်းသွားရှာပြီ ဖြစ်သော ဖိုးအေ ဖွားအေများ မြင်စေချင်ဟု အစချီကာ မြန်မာ့အားကစား ရွှေရောင်ခေတ်ဟု မြင်နိုင်သည့် အာရှအားကစားပွဲ၊ ကမ္ဘာ့အိုလံပစ် အားကစားပွဲနှင့် ကမ္ဘာ့ တံခွန်စိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပုံများကို တင်ပြထားသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ကျမှ လွတ်လပ်သော နိုင်ငံတနိုင်ငံအနေဖြင့် ကမ္ဘာ့ အားကစား လောကထဲသို့ တရားဝင် ဝင်ရောက်ခဲ့သည်။
ပထမဆုံး ဝင်ရောက်ခဲ့သည့် အားကစား ပြိုင်ပွဲမှာ ၁၉၄၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲပင် ဖြစ်သည်။
စိန်ဖေ (တာတိုအပြေး)၊ စောကဒီနှင့် မျိုးသန့် (လက်ဝှေ့)တို့ကို စေလွှတ် ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အလံတော်ကို တခြားလွတ်လပ်သော နိုင်ငံများနှင့် တန်းတူရည်တူ အင်္ဂလန်နိုင်ငံ မြို့တော် လန်ဒန်တွင် ဝင့်ကြွား ထည်ဝါစွာ စိုက်ထူနိုင် ခဲ့သည်။
ဗမာကွ
ဖလိုင်းဝိတ်တန်းတွင် မျိုးသန့်က မြောက်အမေရိကတိုက် ကနေဒါ လက်ဝှေ့သမား အိုလက်ဆန်ဒူလိုနှင့် ထိုးရသည်။ လက်ဝှေ့ပွဲ ကြည့်သူတိုင်းလိုလို ကပင် ကနေဒါမှ ဆန်ဒူလိုက သူတို့ ကောင်းကောင်းပင် မသိဘူး၊ မကြားဘူးသည့် မြန်မာနိုင်ငံမှ မျိုးသန့်အား လွယ်လွယ်ပင် နိုင်မည်ဟု မှတ်ယူထားကြသည်။
သို့ရာတွင် မျိုးသန့်သည် ဘယ်တိမ်း၊ ညာစောင်း၊ အထဲဝင်၊ အပြင်ထွက်၊ ပူးတလှည့်၊ ခွာတခါ လက်ဝှေ့ပညာ စုံလင်စွာဖြင့် မနားတန်း ထိုးသတ်ခဲ့သည်။ မျိုးသန့်က လက်ရည်အသာဖြင့် အနိုင်ရခဲ့သည်။
ပထမဆုံး နိုင်ပွဲ
ပူပူနွေးနွေး လွတ်လပ်ရေး ရခါစ မြန်မာနိုင်ငံမှ အားကစား သမားတဦးက ပထမဆုံး နိုင်ပွဲပင်ဖြစ်သည်။ ဆုတံဆိပ်ပင် မရလင့်ကစား ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွင် စတင် အနိုင်ရရှိခြင်းပင်ဖြစ်သည်။
အနိုင်အရှုံး ကြေညာသူက မျိုးသန့်၏ လက်ကို ကိုင်မြှောက်၍ နိုင်သူဟု ကြေညာလိုက် သောအခါ ဦးအောင်မင်း (BBC) ၏ သုံးနှစ်အရွယ်ရှိ သမီးငယ်လေးက “မျိုးသန့် ကွ၊ ဗမာကွ” ဟု မပီကလာ ပီကလာနှင့် အော်သံကို ကြားရသော မြန်မာတိုင်း အဖို့ အဘယ်မှာလျင် ဇာတိသွေး ဇာတိမာန် မတက်ကြွဘဲ နေနိုင်ပါအံ့နည်း။
အဲဒီအချိန် အဲဒီအခါ အဲဒီပွဲမျိုးကို မြင်စေလိုပါသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် အိုလံပစ် လက်ဝှေ့ပြိုင်ပွဲ ကြိုးဝိုင်းဘေးမှ ကလေးငယ်လေး အော်လိုက်သည် “မျိုးသန့်ကွ၊ ဗမာကွ”ဟူသော ဇာတိမာန် ဇာတိသွေး တက်ကြွစေသည့် အသံမျိုးကို ကြားစေချင်သည်။
ဆရာ မောင်နေထွန်း မြင်စမ်းစေချင်သည်က သွားလေသူ ဖိုးအေ ဖွားအေတို့ကို ဖြစ်သည်။
မြင်စမ်းစေချင်
စာရေးသူကတော့ လက်ရှိ ပစ္စုပ္ပန် ကာလတွင် ကျင်လည်လှုပ်ရှားနေသည့် အားကစား နယ်ပယ်မှ ပုဂ္ဂိုလ်များ အားလုံး သိစေချင်သည်။
မြန်မာ အားကစားလောကသည် တချိန်တခါက အာရှနှင့် ကမ္ဘာ့ အားကစား လောကကို မလွှမ်းမိုးနိုင်ခဲ့သော်လည်း ဝင်ဆန့် ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
ဆရာ မောင်နေထွန်း ဆက်လက် ပြသချင်သည်ကတော့ အာရှ အားကစား ပွဲတွင် မြန်မာအလေးမ သမားတဦး၏ အောင်မြင်မှုပင် ဖြစ်သည်။
အချိန်အခါမှာ ၁၉၅၄ ခုနှစ်တွင် တတိယအကြိမ်မြောက် အာရှ အားကစား ပွဲကျင်းပချိန် ဖြစ်သည်။ နေရာမှာ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ဖြစ်သည်။ ပြိုင်ပွဲက အာရှ အားကစားပွဲတော် အလေးမ ပြိုင်ပွဲဖြစ်သည်။ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သူမှာ တပ်ကြပ်ကြီး ထွန်းမောင်ဖြစ်သည်။ တပ်ကြပ်ကြီး ထွန်းမောင်သည် စုစုပေါင်း ပေါင်ချိန် ၇၂၀ ကို မ ပြီး၊ ရွှေတံဆိပ် ဆွတ်ခူးလိုက်သည်။ ရွှေတံဆိပ်မှာ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး ဆွတ်ခူးသည့် ရွှေတံဆိပ်ပင်ဖြစ်သည်။
အနိုင်ရသူများကို ဆုချီးမြှင့်ပေးသည့် နေ့တွင် နိုင်ငံတော်အလံ လွင့်ထူပြီး အမျိုးသား တေးသီချင်းကို တီးမှုတ် ဂုဏ်ပြုခဲ့သည်။
အားကစားကြောင့် နိုင်ငံရပ်ခြား တိုင်းတပါးတွင် ပထမဦးဆုံး နိုင်ငံတော်အလံ လွှင့်ထူ၍ နိုင်ငံတော်တေးသီချင်း သီဆိုတီးမှုတ် ဂုဏ်ပြုခံရခြင်းပင် ဖြစ်သည်။
ထိုအချိန် ထိုအခါ ထိုနေရာ၌ မြန်မာလူထုကြီးအား မြန်မာတို့ ဂုဏ်တက်ပုံ အလုံးစုံကို မြင်စေချင်စမ်းလှပါသည်။ စိတ်နှလုံး ထဲတွင် ခံစားစေချင်ပါသည်။ ကွယ်လွန်သွားကြသော ဖိုးအေ ဖွားအေ တို့အားလည်း မြင်စမ်းစေချင်လှပါသည်။
စာရေးသူကတော့ နိုင်ငံရပ်ခြား တိုင်းတပါးတွင် အာရှအဆင့် အားကစား ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆွတ်ခူးပြီး မြန်မာနိုင်ငံ၏ ဂုဏ် မြှင့်တင်ပေးခဲ့ခြင်းကို ယနေ့ကာလ မြန်မာ့ အားကစား လောကတွင် ကျင်လည် လှုပ်ရှားနေကြသူ အားလုံး မြင်စမ်း စေချင်သည်၊ အတုယူစေချင်သည်၊ အားကျစေချင်သည်။ နိုင်ငံဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြစေလိုသည်။
ကမ္ဘာ့ပြိုင်ပွဲ
၁၉၅၄ ခုနှစ် စက်တင်ဘာထဲတွင် ကမ္ဘာ့အလေးမ ပြိုင်ပွဲကို ဥရောပတိုက်မှ နိုင်ငံတနိုင်ငံ ဖြစ်သည့် သြစတြီးယား နိုင်ငံ ဗီယာနာမြို့တွင် ကျင်းပခဲ့သည်။ ယင်း ကမ္ဘာ့အလေးမပြိုင်ပွဲသို့ တပ်ကြပ်ကြီးထွန်းမောင်နှင့် ကာယဗလ ဦးရှိန်က နည်းပြ အဖြစ် တာဝန်ယူပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ပ၊ ဒု၊ တ ဆုတံဆိပ် တကြိမ်တခါမှ မဆွတ်ခူးဘူးသေးပေ။
ကမ္ဘာ့အဆင့် ပြိုင်ပွဲများတွင် ဆုံတံဆိပ် ရရှိဖို့ မဆိုထားဘိ၊ ပါဝင်ယှဉ်ပြိုင် နိုင်သော အဆင့်၊ ပါဝင်ယှဉ်ပြိုင်နိုင်သော အစွမ်း သတ္တိမျိုးကို နိုင်ငံတိုင်း အားကစား သမားတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ကူလှပါ။ သို့သော် မြန်မာ အလေးမသမား တပ်ကြပ်ကြီး ထွန်းမောင်သည် ပထမ ဒုတိယ ရသွားသည့် ဆိုဗီယက် အလေးမသမား နှစ်ဦးနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး တတိယဆွတ်ခူး နိုင်ခဲ့သည်။ ယှဉ်ပြိုင်သူ အနေဖြင့် တတိယ ဖြစ်သော်လည်း နိုင်ငံအလိုက်မူ ဒုတိယ ဖြစ်သည်။
သြစတြီးယား နိုင်ငံ ဗီယာနာ မြို့တွင် ထွန်းအောင်၏ အောင်မြင်မှုသည် မြန်မာပြည်သူတို့၏ အောင်ပွဲပင် ဖြစ်သည်။
မြန်မာ အားကစား သမား တဦး ကမ္ဘာ့ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် အဖြစ် ဆုတံဆိပ် လက်ခံရယူနေသည့် မြင်ကွင်းကို ယနေ့ မြန်မာ အားကစားသမားများ၊ နည်းပြဆရာများ၊ စီမံခန့်ခွဲသူများ၊ ကြီးကြပ်ညွှန်ကြားသူများ မြင်စမ်းစေချင်လှသည်။
မြန်မာ့ ဂုဏ်ဆောင် အလေးမ သမား ထွန်းအောင်သည် ၁၉၅၄ ဗီယာနာ ကမ္ဘာ့အလေးမ ပြိုင်ပွဲ၌ ဆုတံဆိပ် ရရှိခဲ့ခြင်းသည် ကြက်ကန်း ဆန်အိုးတိုးပြီး ရခဲ့ခြင်း မဟုတ်ကြောင်း ကမ္ဘာ့အလေးမ စင်မြင့်တွင် ထပ်မံပြသခဲ့သည်။ ၁၉၅၅ ခုနှစ်ထဲတွင် အနောက်ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကမ္ဘာ့အလေးမ တံခွန်စိုက်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ထွန်းအောင် ဝင်ရောက် ယှဉ်ပြိုင်သည်။ တတိယပင် ရရှိခဲ့ပြန်သည်။
ကမ္ဘာ့ပြိုင်ပွဲတွင် တတိယဆု နှစ်ကြိမ်ဆွတ်ခူးနိုင်သူ ဟူ၍ မြန်မာနိုင်ငံတွင် အလေးမ သမားကြီး ထွန်းအောင်သာ ရှိသေးသည်။
တခြားသော အားကစားနည်း များစွာဖြစ်သည့် အလေးမ၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်းတိုပတွင်လည်း အာရှနှင့် ကမ္ဘာတွင် မြန်မာ အားကစား စွမ်းရည် ပြသခဲ့ကြသူများ ရှိခဲ့သေးပါသည်။
အားကစား ရွှေခေတ် ဆိုသည်မှာ အကြားနှင့် လွမ်းနေကြရပါသည်။ ရွှေရောင်ခေတ်မှ အားကစား အောင်မြင်မှုများကို သိလိုသူများအတွက် ဆက်လက် တင်ပြသွားပါမည်။