အားကစား

နန်းခင်ဇေယျာကို မြန်မာဘောလုံး အဖွဲ့ချုပ် သံတမန် ခန့်အပ်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သည့် Miss International 2012 တွင် ထင်ရှားလာပြီး “ပရိသတ်ရွေးချယ်မှုဆု” နှင့် “မစ္စ အင်တာနက် ဆု” ရခဲ့သူ အလှမယ် နန်းခင်ဇေယျာကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) ၏ သံတမန်တဦးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

MFF အနေဖြင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို အားပေးသည့် ပရိသတ် လျော့ကျနေမှုကို ပြန်လည် မြင့်တက်လာစေရန် အဓိကထား၍ နန်းခင်ဇေယျာကို ခန့်အပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ပစ်မှတ်ကတော့ ကျနော်တို့လုပ်တဲ့ Promotion တွေကို လက်တွဲပြီး လုပ်ဆောင်ဖို့ ပရိတ်သတ်တွေကို ဖိတ်ခေါ်မှုကို ပိုထိရောက်တယ်။ သူ့ပရိသတ် ၁ သန်းလောက်ရှိတဲ့ အထဲက ကျနော်တို့ဆီကို ၂ ရာခိုင်နှုန်းလောက် ရောက်လာရင်လည်း ကျနော်တို့ရဲ့အားပေါ့” ဟု ဦးစိုးမိုးက ဆိုသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) ၏ သံတမန်ဖြစ်လာသော အလှမယ် နန်းခင်ဇေယျာ (ဓာတ်ပုံ – Nang Khin Zay Yar / Facebook)

နန်းခင်ဇေယျာသည် မနက်ဖြန် ရန်ကုန်မြို့တွင် စတင်တော့မည့် အာရှဘောလုံး အဖွဲ့ချုပ်မှ ကျင်းပသည့် AFC Challenge Cup 2014 ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များတွင် စေတနာ့ ဝန်ထမ်းအဖြစ် စတင် တာဝန်ထမ်းဆောင်တော့မည်ဟု ဆိုသည်။

ထို့အပြင် နန်းခင်ဇေယျာက မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) ၂၀၁၃ တွင်လည်း ဆက်လက်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ် လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်နိုင်စေရန်အထိ MFF က ရည်ရွယ်ထားကြောင်းသိရသည်။

MFF သံတမန်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း၊ ဘောလုံး အားကစား အပါအဝင် မြန်မာနိုင်ငံ၏ အားကစား အဆင့်အတန်း မြင့်မားရေးအတွက် ၎င်းအနေနှင့် တက်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း နန်းခင်ဇေယျာက သူ၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားပြီး ပရိတ်သတ်များကိုလည်း မြန်မာ့လက်ရွေးစင်အသင်းကို လာရောက်အားပေးရန် ဖိတ်ခေါ်ထားသည်။

“မြန်မာဘောလုံးအသင်းဟာ ညီမတို့နိုင်ငံရဲ့ တသင်းတည်းသော လက်ရွေးစင်အသင်းပါ။ နိုင်ငံသားတိုင်းလည်း ညီမလိုမျိုး ကိုယ့်နိုင်ငံ လက်ရွေးစင်အသင်းကို နိုင်စေချင်မယ်ဆိုတာ အကြွင်းမရှိ ယုံကြည်ပါတယ်။ ဒီအတွက်လည်း ညီမအနေနဲ့ ဒီအလုပ်ကို အခကြေးငွေ တပြားမှ မယူဘဲ လက်ခံထားခဲ့တာပါ။ ကစားသမားတွေ ယှဉ်ပြိုင်ရာမှာ နိုင်တာ၊ ရှုံးတာကတော့ တပိုင်းပါ၊ နိုင်ငံ့လက်ရွေးစင်အသင်း အောင်မြင်နေမှ အားပေးမယ် ဆိုတာမျိုးထက် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ညီမတို့တွေ အတူတူ အားပေးကြရအောင်” ဟု ရေးသားဖော်ပြထားသည်။

မြန်မာ့ဘောလုံး သမိုင်းတလျှောက်တွင် သံတမန် ခန့်အပ်တာဝန်ပေးအပ်မှု မရှိဖူးသေးသော မြန်မာနိုင်ငံတွင် နန်းခင်ဇေယျာသည် ပထမဆုံး သံတမန်ဖြစ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များထဲတွင် နိုင်ငံတကာပွဲများ၌ ဆက်တိုက် အရေးနိမ့်မှုများ ရှိခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု ပိုမို လျော့ကျလာစေခဲ့သည်။ အလားတူ ပြည်တွင်းရှိ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များမှာလည်း ပရိသတ်အင်အား သိသိသာသာ ကျဆင်းနေသည်ကို တွေ့ရသည်။

မြန်မာအသင်း ပွဲစဉ်များကို မြန်မာ ပရိသတ်များ စိတ်ဝင်စားမှု ရှိလာစေရန် နန်းခင်ဇေယျာအား သံတမန်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းသည် ပရိသတ်ကို ဆွဲဆောင်မှု အချက်တချက်ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာပရိသတ်များ ပွဲကြည့်စင်သို့ ရောက်လာစေရေး အဓိကအချက်မှာ မြန်မာအသင်းအနေဖြင့် အရည်အချင်း ပြည့်မီစွာဖြင့် အောင်ပွဲများ ယူပေးရန်သာ ဖြစ်ကြောင်း ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။

“ရှင်းရှင်းလေးပဲဗျ၊ မြန်မာ ဘောလုံးပရိသတ် လာကြည့်စေချင်ရင် ဘောလုံးသမားတွေ ဘောလုံးကောင်းကောင်း ကန်ပြ၊ ဒါဆိုကြည့်မှာပဲ။ အခုဟာ မြန်မာဘောလုံးအသင်းကိုက အရင်ခြေ မမီသေးလို့သာ ပွဲကြည့်ပရိသတ်က မကြိုက်ကြတာကိုး။ ခြေစွမ်းကောင်းကောင်းနဲ့ နိုင်ငံတကာပွဲတွေ ကစားပြမယ်ဆိုလို့ရှိရင် ကြည့်ကြမှာပါ။ တကယ့်မူရင်း လုပ်သင့်တာကတော့ ဘောလုံးအဆင့်အတန်း တိုးတက်အောင် လုပ်ဖို့လိုတယ်” ဟု ဦးခင်မောင်ထွေးက ဧရာဝတီသို့ ပြောသည်။

Loading