အားကစား

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဆာအဲလက် ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ယခုပွဲမတိုင်ခင် နော်ဝစ် အသင်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ကစားထားပြီး အောင်မြင်မှုကို ဆာလောင်နေကြောင်း ပြသထားပါတယ်။ အလားတူပဲ မော်ရင်ညိုရဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ဘာစီလိုနာ အသင်းအား ၄ ရက်အတွင်းမှာတင် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး အကောင်းဆုံး ခြေစွမ်းရရှိနေကြောင်း ပြသထားပြန်ပါတယ်။

ပထမ အကျော့မှာတုန်းကတော့ ရီးယဲလ်-မန်ယူ ပွဲရလဒ်ဟာ ၁-၁ နဲ့ ပြီးဆုံးခဲ့ပြီး ဒန်နီ ဝဲဘက်ရဲ့ ဦးဆောင်ဂိုးကို ရော်နယ်ဒိုက လိုက်လံချေပခဲ့ပြီး ဘာနေဘောင်း ကွင်းထဲရှိ ပရိသတ် ၇ သောင်းကျော်ဟာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကြိုသတင်း

ဒီပွဲမှာ မန်ယူပရိသတ်တွေ မျှော်လင့်နေတဲ့ ဖေးလ် ဂျုန်း ဒဏ်ရာမှ သက်လာလာပြီး ပြန်လည် ကန်နိုင်ဖို့က အသင်းနိုင်ပွဲအတွက် အရေးကြီးနေပါတယ်။ တဖက်အသင်းရဲ့ တိုက်စစ်ကို လိုက်ဖျက်ရာမှာ ထူးချွန်တဲ့ ဂျုန်းစ်ဟာ ပထမပွဲစဉ်တုန်းက ရော်နယ်ဒိုကို အသေကပ် ကစားခဲ့ပြီး လှုပ်မရအောင် လိုက်ကစားခဲ့ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်ရဲ့ အဆိုအရ ဂျုန်းစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်လာပြီး ဝင်ကစားနိုင်လိမ့်မယ်လို့ ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျုန်းစ် မကန်နိုင်လျှင် ဖြစ်နိုင်ချေ ရှိတာကတော့ ပေါ စခိုးလ်၊ အန်ဒါဆင်၊ တွမ် ကလေဗာလေတို့ ၃ ယောက်ထဲမှ တယောက် ဝင်ကန်ရဖွယ် ရှိနေပါတယ်။ အန်ဒါဆင် ခြေစွမ်းဟာ နော်ဝစ်နဲ့ ပွဲစဉ်မှာ အတော်ညံ့နေခဲ့တာကြောင့် ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာဖွယ်မရှိဘဲ ရုန်းအားကောင်းတဲ့ ကလေဗာလေ နေရာ ရဖို့ရှိနေပါတယ်။ ပေါစခိုးလ် ကတော့ ရီးယဲလ်လို ပြင်းထန်တဲ့ပြိုင်ဖက်နဲ့ ပွဲစဉ်မျိုးမှာ ပါဝင်လာဖွယ်မရှိဘဲ ပထမ ပွဲတုန်းကလို အရန်မှာတောင် ပါဝင်လာဖွယ် မရှိပါဘူး။

ဖာဂူဆန်ဟာ အလှည့်ကျ စနစ်နဲ့ကစားသမားတိုင်းကို အခွင့်အရေးပေးနေပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေဟာ အဓိက ပွဲစဉ်တွေမှာ ပါဝင်လာတတ်ပါတယ်။ ပထမအကျော့မှာတုန်းက ဘာမှမလုပ်နိုင်ခဲ့တဲ့ ကာဂါဝါဟာ ပရီးမီးယား လိဂ်မှာတော့ ခြေစွမ်းထက်နေပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ နော်ဝစ် အသင်းကို ၃ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြထားနိုင်တာကြောင့် ပထမ လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပြန်ပါတယ်။

ပထမအကျော့ လူစာရင်းမှာ အံ့သြဖွယ် ပါဝင်လာခဲ့တဲ့ ဒန်နီ ဝဲဘက်ဟာ ယခုပွဲမှာပါလည်း ဖာဂူဆန်ရဲ့ နည်းဗျုဟာအရ လိုအပ်နေတာနေကြောင့် ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။ အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့်လို့ တောင်ပံမှာလည်း အဖျက်နဲ့တိုက်စစ်ကို ကြံ့ခိုင်မှုအားကိုးပြီး ကစားတတ်တာကြောင့် ဖာဂူဆန်ရဲ့ ဝှက်ဖဲတချပ် ဖြစ်လာဖွယ်ရှိပြီး ဗလင်စီယာနဲ့ ယန်းတို့ကို ကျော်ဖြတ်ပြီး အရွေးခံရဖို့ များနေပါတယ်။

နော်ဝစ်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး နောက်တန်းမှာ ရာဖေးလ်နဲ့ ဖာဒီနန်တို့ ပြန်လည် ပါဝင်လာဖွယ်ရှိပြီး ဗီဒစ်ဟာ အရန်မှာသာ ပါဝင်လာဖို့ များနေပါတယ်။ ဖာဂူဆန်ရဲ့ အဆိုအရ ဖာဒီနန်နဲ့ဗီဒစ်တို့ ၂ ဦးကို ယှဉ်တွဲပြီး အသုံးမပြုဘူးလို့သိရပြီး ဖာဒီနန်အနေနဲ့ပထမ အကျော့မှာတုန်းက ခြေစွမ်းပြထားနိုင်တာကြောင့် ဒီပွဲမှာလည်း ပွဲဦးထွက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

(ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ဝဲယ်ဘက်၊ ကာရစ်၊ ဂျုန်းစ်၊ ကာဂါဝါ၊ ရွန်းနီ၊ ဗန်ပါစီ

ရီးယဲလ် မက်ဒရစ်ရဲ့ ပွဲကြိုသတင်း

ရီးယဲလ် မက်ဒရစ် အသင်းအတွက် အခုအချိန်ဟာ စိတ်ဓာတ် တက်ကြွမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိနေခိုက် ဖြစ်ပါတယ်။ အဓိကပြိုင်ဘက် ဘာစီလိုနာကို ၄ ရက်အတွင်း ၂ ကြိမ်ဆက်တိုက် အနိုင်ရလိုက်မှုဟာ အသင်းသားတွေရဲ့ အနိုင်ရလိုစိတ် ဘယ်လောက် ပြင်းထန်နေသလဲဆိုတာ ပြသလိုက်သလိုပါပဲ။ ကိုပါဒယ်ရေး ဒုတိအကျော့ ပွဲစဉ်ကို ဘာကာကွင်းမှာ ကစားခဲ့ရပေမယ့် ၃ ဂိုး သွင်းယူနိုင်ခဲ့လို လာလီဂါမှာလည်း အိမ်ကွင်း ဘာနေဘောင်းမှာ အဓိက ကစားသမားတွေကို အနားပေးပြီး ၂-၁ ဖြင့် အနိုင်ယူထားပါတယ်။

ဒီပွဲမှာ ရီးယဲလ် အသင်းခေါင်းဆောင် ကာဆီးလက် ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အင်္ဂလန်သို့ လာမယ့်လူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။ ဒါပေမယ့် ဇန်နဝါရီတုန်းက အရေးပေါ် ခေါ်ယူထားတဲ့ ဒီယေဂို လိုးပက် ဟာ လက်မှန်နေတာကြောင့် မော်ရင်ညိုအနေနဲ့ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါ့အပြင် ဘရာဇီးကစားသမား မာဆယ်လို ဟာလည်း ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အားအနိုင်ယူခဲ့တဲ့ အသင်းထဲက ကာကာ၊ အက်ဆီယန်၊ မော်ဒရစ်၊ ပီပီ၊ ကယ်လီဟွန်၊ မိုရာတာတို့အားလုံးဟာ အရန်ခုံမှာသာ ထိုင်ရဖွယ်ရှိနေပြီး အနားရထားတဲ့ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ဒီမာရီယာ၊ အိုဇေးလ်နဲ့ ရော်နယ်ဒိုတို့အားလုံးဟာ ပထမ လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာပါ။

၂ ဖက်အသင်း ဘယ်လိုနည်းဗျူဟာတွေ သုံးမလဲ

လက်ရှိအချိန်မှာ ခြေစွမ်းအကောင်းဆုံး ရရှိနေတဲ့ ရီးယဲလ် အသင်းဟာ ခံစစ်ကို အားပြုကစားပြီး ကောင်တာနဲ့ ထိုးဖောက် တိုက်စစ်ဆင်ကာ ဘာစီလိုနာ အသင်းအား အနိုင်ယူထားတဲ့ နည်းဗျူဟာကိုသာ ဆက်လက် အသုံးပြုဖွယ်ရှိနေပြီး မန်ယူအသင်းရဲ့ အားနည်းတဲ့ တောင်ပံ ခံစစ်တွေကို ရော်နယ်ဒိုနဲ့ဒီမာရီယာရဲ့ လျှင်မြန်မှုတွေနဲ့ ထိုးဖောက်ကစားဖွယ် ရှိနေပါတယ်။ မန်ယူအသင်းမှာလည်း တလုံးဆိုတလုံး ဂိုးသွင်းသေချာတဲ့ ဗန်ပါစီ ရှိနေခြင်းဟာ အားသာချက်ဖြစ်နေပြီး ဒုတိယပိုင်းမှာ လူစားလဲ ဝင်လာနိုင်တဲ့ ဂစ်နဲ့ ယန်းတို့ရဲ့ တိုက်စစ်ဟာလည်း ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မန်ယူ အသင်းရဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ပိုမိုထက်မြက်လေ့ရှိတာကြောင့် မန်ယူအသင်းဟာ နောက်တဆင့်တက်ဖို့ နှာတဖျားသာနေပါတယ်။ အလားတူ ဂိုးသွင်းအား တက်နေတဲ့ ရီးယဲလ်အသင်းဟာလည်း မော်ရင်ညိုရဲ့ မထင်မှတ်တဲ့ နည်းဗျုဟာတွေနဲ့ချန်ပီယံလိဂ်ကို အတင်းအားသွန် ကစားနေတာကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေသာမက ဘောလုံးပရိသတ် အားလုံး နှစ်ခြိုက်မယ့် ပွဲစဉ်တခု ဖြစ်စေမှာပါ။

ပွဲချိန်

မန်ယူ – ရီးယဲလ် မက်ဒရစ်
မြန်မာစံတော်ချိန် မတ် ၅ ရက် အင်္ဂါနေ့ည (၂း၁၅)

Did you find apk for android? You can find new Free Android Games and apps.
Loading