မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့တဲ့ AFC Challenge Cup ရဲ့ အုပ်စု (က) ခြေစစ်ပွဲ နောက်တဆင့်တက်ရေး အဆုံးအဖြတ် ပွဲစဉ်မှာ အိန္ဒိယအသင်းကို ၁ ဂိုး – ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့ အတွက် မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပမယ့် 2014 AFC Challenge Cup အဆုံးအဖြတ် ပြိုင်ပွဲကို မြန်မာအသင်း တိုက်ရိုက် ဝင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။
ခြေစစ်ပွဲ အောင်မြင်သွားတဲ့အတွက် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) နာယက ဦးအောင်ကိုဝင်း၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်း ပြိုင်ပွဲဝင်အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်တို့က မြန်မာ့လက်ရွေးစင်အသင်းကို ဂုဏ်ပြု ဆုကြေးငွေ ကျပ် သိန်း ၅၀၀ ကို ချီးမြှင့်ကြောင်း သိရပါတယ်။
“တိုင်းပြည် ဂုဏ်သိက္ခာအတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတခုဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဦးဇော်ဇော်ရဲ့ ပြောဆိုမှုကို MFF ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီပွဲမကစားခင်မှာ ပြိုင်ဘက် အိန္ဒိယ အသင်းက ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေတဲ့အတွက် မြန်မာအသင်းအတွက် ဖိအားဖြစ်နေခဲ့ပြီး ယခုပွဲ သရေကျရုံဖြင့် AFC Challenge Cup နောက်တဆင့်တက်ရေးကို ကျောခိုင်းရမှာ ဖြစ်သလို ဒီပွဲဟာလည်း မြန်မာအသင်း အတွက် နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုးတမျှင် ဖြစ်ပါတယ်။
ဒီပွဲမှာ အိန္ဒိယအသင်းကို မြန်မာ အသင်းအနေနဲ့ ပွဲချိန်ပြည့် ခြေစွမ်းပြ တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ဂိုးကံခေမှုတွေ ရှိခဲ့သလို အိန္ဒိယအသင်းရဲ့ တခါတရံ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကိုလည်း မြန်မာအသင်း နောက်ခံလူတွေနဲ့ ဂိုးသမား သီဟစည်သူတို့ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ပထမပိုင်း ပွဲချိန်အတွင်းမှာ နှစ်သင်းလုံး ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်း ၇၄ မိနစ်မှာ မြန်မာအသင်းရဲ့ တလုံးတည်းသော အနိုင်ဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး စိုးမင်းဦးက သွင်းယူပေးခဲ့ပါတယ်။
အိန္ဒိယအသင်း အနေနဲ့လည်း ပွဲပြီးချိန် အချိန်ပို ၄ မိနစ်အထိ ချေပဂိုးရရှိရေး အားထုတ်ခဲ့ပေမယ့် မြန်မာနောက်တန်း ကစားသမားတွေနဲ့ ဂိုးသမား သီဟစည်သူတို့က ကာကွယ်နိုင်ခဲ့ကြတဲ့ အတွက် အိန္ဒိယ အသင်းအနေနဲ့ တိုက်ရိုက် နောက်တဆင့်တက်ရေး အိမ်မက် မှေးမှိန်ခဲ့ရပါတယ်။
အနိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ လက်ရွေးစင်အသင်းကြီး အနိုင်ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ခဲ့ရပေမယ့် ပွဲကစားနေချိန်မှာ မြန်မာအသင်း ရှုံးမှာကို စိုးရိမ်စိတ်တွေနဲ့ စိတ်လှုပ်ရှားခဲ့ရကြောင်း အဲဒီ့ပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး ပျဉ်းမနားက ဧရာဝတီကို ပြောပါတယ်။
“ပွဲကြည့်ရတာတော့ ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ လက်ရွေးစင်အသင်းကလည်း လူတကာက လက်ညိုး အထိုးခံနေရတော့ဗျာ၊ နိုင်လိုက်တော့ အတိုင်းမသိကို ဝမ်းသာတာပေါ့ဗျာ။ အိန္ဒိယအသင်းကလည်း အရမ်းကောင်းတော့ မြန်မာ ကစားသမားတွေလည်း အသေအလဲ ကစားရတာ။ ဒီပွဲက ဘာမှ အပြစ်ပြောစရာမရှိ သန့်သန့်လေးနိုင်တဲ့ပွဲပါ” လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာ့ လက်ရွေးစင်အသင်းဟာ အုပ်စုအတွင်း ပထမပွဲစဉ်မှာ ဂူအမ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် ဂူအမ်အသင်းကို ဂိုးပြတ်ရှုံးထားတဲ့ ထိုင်ဝမ်အသင်းကို သရေကျသွားတဲ့အတွက် မြန်မာပရိသတ်တွေ အားမလိုအားမရ ဖြစ်ခဲ့ကြရပါသေးတယ်။ နောက်ဆုံး အိန္ဒိယ အသင်းနဲ့ ပွဲစဉ်ကိုတော့ အိမ်ရှင် မြန်မာပရိသတ် တသောင်းကျော် လာရောက် ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယ နည်းပြချုပ် မစ္စတာ ကိုဗားမန်းစ်က မြန်မာအသင်းနဲ့ ပွဲဟာ နှစ်သင်းလုံးအတွက် ခက်ခဲ့မယ့် ပြိုင်ပွဲဖြစ်မယ်ဆိုတာ သိထားတဲ့အတွက် သူ့အနေနဲ့ ဂိုးမပေးရရေး အတွက် အဓိကထား ပြင်ဆင်ခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့တဲ့အကြောင်း MFF ဝဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
“ဒီနေ့ပွဲဟာ ခက်ခဲမယ် ဆိုတာကို နှစ်သင်းစလုံး သိထားခဲ့ပါတယ်။ မြန်မာအသင်းက အနိုင်ရမှ တက်မှာ ဖြစ်ပြီး ကျနော်တို့ အသင်းကတော့ သရေရရှိရုံနဲ့ နောက်တဆင့်ကို တက်ရောက်မှာပါ၊ ဒါကြောင့်လည်း ခံစစ်လုံအောင် ကစားပြီး တိုက်စစ်ကနေ ဂိုးရရှိဖို့ ဗျူဟာ ချမှတ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ထိထိရောက်ရောက်တော့ တိုက်စစ် မဆင်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အကောင်းဆုံး အခွင့်အရေး တကြိမ် ရရှိခဲ့ပေမယ့် ဂိုးသမား ကာကွယ် သွားနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
AFC Challenge Cup အုပ်စု ခြေစစ်ပွဲက လွတ်မြောက်စေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နိုင်ပွဲဟာ မြန်မာအသင်း အနေနဲ့ ယုံကြည်မှုတွေ ရရှိပြီး ယခုနှစ် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Games) ၂၀၁၃ အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း MFF ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောပါတယ်။
“အခုပြိုင်ပွဲမှာ ကစားနေတဲ့ ၇၀ ရာခိုင်နှုန်း ကစားသမားတွေဟာ ဆီးဂိမ်းမှာ ကန်ခွင့်ရမယ့် ကစားသမားတွေဖြစ်တဲ့ အတွက်ကြောင့် ဒီအနိုင်ရလဒ်ရဟာ သူတို့အတွက် ယုံကြည်မှုအားတွေ ရသွားစေမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တိုင်ပေ (ထိုင်ဝမ်) လို အသင်းမျိုးကို သရေကျသွားလို့ မြန်မာအသင်းကို စိတ်ပျက်သွားတဲ့ ပရိသတ်တွေအတွက်လည်း ဒီနိုင်ပွဲဟာ ယုံကြည်မှုတခု ပြန်ပေးနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဦးစိုးမိုးက ဧရာဝတီကို ပြောပါတယ်။
AFC Challenge Cup ဟာ အာရှအတွင်းရှိ ဘောလုံးအားကစားမှာ ဖွံ့ဖြိုးမှု အားနည်းတဲ့ နိုင်ငံတွေက ဘောလုံးအသင်းတွေကို ယှဉ်ပြိုင်စေပြီး အာရှဖလားကို ဝင်ခွင့်ရစေရန် ရည်ရွယ်ပြီး ၂၀၀၆ ခုနစ်မှာ စတင် ကျင်းပခဲ့တဲ့
ပြိုင်ပွဲ ဖြစ်ပါတယ်။ အနိုင်ရတဲ့ အသင်းဟာ အာရှဖလားသို့ ခြေစစ်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက် ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
AFC Challenge Cup ပြိုင်ပွဲမှာ မြန်မာအပါအဝင် အာရှနိုင်ငံများထဲက ဘောလုံးအားကစား ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေထဲက နိုင်ငံပေါင်း၂၀ ပါဝင်ပြီး ၄ သင်း တစ်အုပ်စုဖြင့် အုပ်စု ၅ စုခွဲကာ ယှဉ်ပြိုင်စေခဲ့ပြီး လက်ရှိအချိန်တွင် အုပ်စု(က) မြန်မာ၊ အုပ်စု (ဂ) အာဖဂန် နစ္စတန်နဲ့ အုပ်စု (ဃ) ပါလက်စတိုင်း စတဲ့ အသင်းတွေဟာ ခြေစစ်ပွဲ အောင်မြင်သွားကြပြီ ဖြစ်ပါတယ်။
ကျန်တဲ့ အုပ်စု (ခ) နဲ့ (င) တို့မှာ ဒီလ တတိယအပတ်မှ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တဲ့အတွက် အဖြေမထွက်သေးပါဘူး။
မော်လ်ဒိုက်နိုင်ငံမှာ ကစားရမှာဖြစ်တဲ့ နောက်ဆုံး Final Round ပြိုင်ပွဲမှာ ဒီအုပ်စု ၅ စုက တိုက်ရိုက် တက်လာတဲ့ အသင်းပေါင်း ၅ သင်းအပြင် အိမ်ရှင်အနေဖြင့် တိုက်ရိုက် ဝင်ပြိုင်ခွင့်ရတဲ့ မော်လ်ဒိုက်အသင်းနဲ့ အုပ်စု ၅ စုထဲကမှ ဒုတိယ ရရှိခဲ့ကြတဲ့ အသင်းတွေထဲက အမှတ်အများဆုံးနဲ့ အရည်အသွေး အကောင်းဆုံး ၂ သင်းကို ထည့်ပေါင်းပြီး စုစုပေါင်း ၈ သင်းကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။
ထိုအထဲကမှ အုပ်စု တစုလျှင် ပထမ၊ ဒုတိယ နှစ်သင်းစီ တက်လာမှာဖြစ်ပြီး ယင်း ၄ သင်းယှဉ်ပြိုင်ရာမှ အနိုင်ရတဲ့ အသင်း နှစ်သင်းက ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်တဲ့ အသင်းက ၂၀၁၅ အာရှဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းကတော့ အုပ်စုဗိုလ်အဖြစ်နဲ့ အနိုင်ရရှိသွားတာကြောင့် မော်လ်ဒိုက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် 2014 AFC Challenge Cup နောက်ဆုံး အဆုံးအဖြတ် အဆင့်ပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်သလို မြန်မာအသင်းကို ရှုံးနိမ့်သွားခဲ့တဲ့ အိန္ဒိယအသင်းမှာလည်း အကောင်းဆုံး အုပ်စု ဒုတိယ အသင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေးလည်း ရှိနေပါသေးတယ်။