ကွယ်လွန်သူ အငြိမ်းစား အား/ကာ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးထွန်းငြိမ်းသည် မောင်နေထွန်း ဟူသော ကလောင် အမည်ဖြင့် မြန်မာ့အားကစား တခေတ်တခါက အောင်မြင်မှုများကို အား/ကာ ဂျာနယ်တွင် ရေးသားခဲ့သည်။ ယခင်တပတ်က ၅၄ အာရှ အားကစားပွဲတွင် အလေးမ အားကစားသမား ထွန်းမောင် ရွှေတံဆိပ်ရယူခဲ့ပုံကို ဖော်ပြခဲ့သည်။
တပ်ကြပ်ကြီး ထွန်းမောင်နှင့် အတူ ၅၄ မနီလာ အာရှအားကစားပွဲတွင် မောင်မောင်လွင် (၅၀ အာရှအားကစားပွဲတွင် အလေးမပြိုင်ပွဲ၌ ကြေးတံဆိပ်ရခဲ့သူ) ကလည်း ရွှေတံဆိပ် ဆွတ်ခူးခဲ့သေးသည်။
လက်ဝှေ့
အာရှအားကစားပွဲတွင် အလေးမပြီးသည့်နောက် ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် အားကစားနည်းမှာ လက်ဝှေ့ အားကစားနည်းပင် ဖြစ်သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှအားကစားပွဲတွင် ဖြစ်သည်။ မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် တခုထဲသာ ဆွတ်ခူးနိုင်သည်။ ယင်းရွှေတံဆိပ်ကို လက်ဝှေ့အားကစားနည်းကသာ ရရှိခဲ့ခြင်း ဖြစ်သည်။ တခုတည်းသော ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည့် လက်ဝှေ့သမားမှာ သိန်းမြင့် ဖြစ်သည်။ သိန်းမြင့်သည် ၁၉၆၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် ရောမ (အီတလီ) အိုလံပစ်တွင်လည်း ကွာတားဖိုင်နယ် အဆင့်သို့ရောက်ခဲ့ပြီး ပဉ္စမအဆင့် သတ်မှတ် ခံခဲ့ရသေးသည်။
ရေကူး
မြန်မာရေကူးလောက၏ အဆင့်မြင့် အအောင်မြင်ဆုံးနှစ်မှာ ၁၉၆၂ ခုနှစ်ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။ အာရှအားကစား လောကတခုလုံး တုန်လှုပ်သွားအောင် မြန်မာရေကူးသမား တင်မောင်နီက အစွမ်းပြသနိုင်ခဲ့သည်။
ဂျပန်ရေကူးသမားတို့သည် ရေကူးအားကစားနည်းတွင် အာရှသာမက ကမ္ဘာ့အဆင့်မှာပင် ထိပ်တန်းမှ နေရာယူခဲ့သူများ ဖြစ်ကြသည်။ အာရှအားကစားပွဲ၊ ရေကူးပြိုင်ပွဲတိုင်းတွင် ရေကူးပြိုင်ပွဲ၌ ချီးမြှင့်သည့် ရွှေတံဆိပ်၊ ငွေတံဆိပ်တို့ကို ဂျပန် ရေကူးသမားများကသာ ဆွတ်ခူးလေ့ရှိကြသည်။ ကျန်နိုင်ငံများက ကြေးတံဆိပ်သာ ရယူနိုင်ကြသည်။
“သို့သော် လူဆိုသောသတ္တဝါကား ပုံသေတွက်ကိန်းနှင့် တွက်ချက်၍ အမြဲတမ်း မရစကောင်းပေ၊ လူ၏စိတ်စွမ်းအင် ကိုယ်တွင်း၌ အောင်းနေသော ကာယစွမ်းအင်တို့သည် တခါတရံတွင် မမျှော်လင့်သော အကြိုအကြားမှ ပေါ်ပေါက်လာလျှက် မဖြစ်နိုင်ဟု ယူဆထားသော အရာများသည် ဖြစ်နိုင်လာလျှက်၊ နိုင်မည်မဟုတ်ဟု ယူဆထားသော ပြိုင်ပွဲများတွင် အောင်နိုင်မှုများ ရတတ်လေသည်” ဟု အစချီကာ ဆရာမောင်နေထွန်းက မြန်မာရေကူးသမား တင်မောင်နီ၏ အောင်မြင်မှုကို မှတ်တမ်းတင်ထားခဲ့သည်။
မြန်မာရေကူးသမား တင်မောင်နီသည် မီတာ ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ဂျပန်တို့အားအနိုင်ယူလျက် ရွှေတံဆိပ် ဆွတ်ခူးခဲ့လေသည်။
ထိုပြိုင်ပွဲတွင် အနိုင်ရလိုက်ခြင်းမှာ မတော်တဆ ကံစွပ်၍ အနိုင်ရခြင်းမဟုတ်ကြောင်းကို နောက်တနေ့ မီတာ ၄၀၀ အလွတ်ကူး ပြိုင်ပွဲတွင်လည်း တင်မောင်နီသည် ထပ်ဆင့်၍ ဂျပန်ရေကူးသမားတို့အား အနိုင်ယူကာ ရွှေတံဆိပ် ဆွတ်ခူးပြ လိုက်သည်။
ဂျကာတာမြို့တော် ရေကူးပြိုင်ပွဲတွင် တင်မောင်နီ ဆုတံဆိပ်ရပြီးနောက် မြန်မာနိုင်ငံတော် အလံတော်လွှင့်ထူလျှက် အမျိုးသားသီချင်း တီးမှုတ်လိုက်သည့်အခါတွင် “ဒါ ဗမာကွ၊ အာရှတိုက်မှာ ဗိုလ်စွဲနေတဲ့ ဂျပန်တွေကို သူတို့အစွမ်းပြတဲ့ ရေကူးပြိုင်ပွဲမှာတောင် ငါတို့ အနိုင်ယူပြခဲ့ပြီ မဟုတ်လား” ဟု ရင်ကော့လျှက် ဂုဏ်ယူခဲ့သော အဖြစ်မျိုးကို ယနေ့ မြန်မာ အားကစားသမားများ၊ နည်းပြဆရာများ၊ စီမံခန့်ခွဲ အုပ်ချုပ်သူများအပါအဝင် မြန်မာအားကစားရှင် ပြည်သူလူထုကြီး တရပ်လုံးအား မြင်တွေ့စေလိုပါသည်။
ကမ္ဘာ့အိုလံပစ်
၁၉၆၄ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကြီး ကျင်းပခဲ့သည်။ တိုကျိုအိုလံပစ်သို့ ရှင်ဗွေဂန် (မာရသွန်)၊ တင်မောင်နီ (ရေကူး)၊ တင်ထွန်းနှင့် ဂျိတ်ဘာဝါး (လက်ဝှေ့)၊ ကျော်ရှိန်နှင့် ကျော်အေး (သေနတ်ပစ်)၊ ချစ်မြ၊ မြသိန်းနှင့် ဖေအေး (အလေးမ) တို့ ဖြစ်သည်။
လက်ဝှေ့ပွဲအတွက် မဲနှိုက်၍ လူတွဲရာတွင် အင်္ဂလန်မှ ဂျွန်စမစ်နှင့် ထိုးရသည်။ အင်္ဂလန်မှ ဂျွန်စမစ်မှာ ဗြိတိသျှ ချန်ပီယံ ပူပူနွေးနွေးဖြစ်သည်။ အင်္ဂလိပ် အားကစားအဖွဲ့ကမူ ဂျွန်စမစ်တယောက် မြန်မာလက်ဝှေ့သမားလေး တင်ထွန်းနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဆိုသောကြောင့် စိတ်သက်သာမှု ရရှိနေကြသည်။
မြန်မာဆိုသောလူမျိုးသည် တခါတုန်းက အင်္ဂလိပ်တို့ လက်အောက်ကျွန်ဘဝသို့ ရောက်ခဲ့ဖူးသည် မဟုတ်ပါလား။ အထင် သေးလျှင်လည်း သေးလောက်ပါသည်။ အနောက်တိုင်း လက်ဝှေ့ထိုးနည်းကို အင်္ဂလိပ်တို့ကပင် သင်ပေးခဲ့ခြင်း မဟုတ်ပါလား။ အင်္ဂလန် အားကစားအဖွဲ့က လွယ်လွယ်နှင့်အနိုင်ရမည်ဟု ယူဆလျှင်လည်း ယူဆလောက်ပါသည်။
တွေ့ကြပြီ
မြန်မာနိုင်ငံမှတင်ထွန်းနှင့် အင်္ဂလန်နိုင်ငံမှ ဂျွန်စမစ်တို့သည် တိုကျိုမြို့ရှိ ကာရာကူမွန်ရေခဲပြင် အားကစားရုံကြီး၌ရှိသော လက်ဝှေ့ကြိုးဝိုင်းထဲတွင် တွေ့ကြပါပြီ။
တင်ထွန်းကညာသန်၊ ဂျွန်စမစ်ကဘယ်သန်။ ဂျွန်စမစ်၏ မျက်နှာပေါ်တွင် နိုင်ရမည်ဟူသော ယုံကြည်ချက် အပြည့်အ၀ ရှိကြောင်း ပေါ်လွင်နေသည်။ သူသည် တိုကျိုအိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်ရနိုင်သူဟု အင်္ဂလန်အားကစားအဖွဲ့က ယုံကြည်ထားသူလည်း ဖြစ်သည်။ သူတို့နှစ်ဦး၏ ထိုးသတ်ယှဉ်ပြိုင်ပွဲကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရသည့် ဆရာမောင်နေထွန်းက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
ဂျွန်စမစ်သည် ညာခြေညာလက်ရှေ့ထိုးခင်း၍ သူကပင် စတင်တိုက်စစ်ဆင်သည်။ တင်ထွန်းသည် ခြေရွှေ့ပြောင်းရာတွင် ကမ္ဘာကျော် ရှူးဂါးရေး ရော်ဘင်ဆင်တို့လောက် အရွှေ့အပြောင်း ညက်နေသူဖြစ်၍ ဂျွန်စမစ်၏ တိုက်စစ်ကို အလွယ်တကူ ဆုတ်ကာ၊ တိမ်းကာ၊ ယိမ်းကာ ရှောင်နိုင်လေသည်။
မိမိ၏တိုက်စစ်ကို မိမိရရလိုက်၍ မရသည့်အခါ ဂျွန်စမစ်သည် အနည်းငယ် လောကြီးလာလျှက် သူ၏ အားအထားဆုံး ဖြစ်သော ဘယ်လက်သီးဖြင့် အတင်းဖြတ်၍ ထိုးလွှတ်လိုက်သည်။
ဤအချက်ကို စောင့်နေသော တင်ထွန်းသည် နောက်သို့အသာ ယိုင်လိုက်ပြီး စမစ်၏လက်သီးထက် ပို၍မြန်သော ညာဖြတ် လက်သီးကို ထိုးလွှတ်လိုက်သည်။ နှစ်ဦးပြိုင်ထိုးလွှတ်ရာ၌ မြန်သူကစားစမြဲ၊ အဝင်နှင့် အထိုး နှစ်အားပြိုင်သော အထိမျိုးဖြင့် ဂျွန်စမစ် အထိုးခံရပြီး ဖင်ထိုင်လျက်သား လဲကျသွားသည်။
အင်္ဂလိပ်အဖွဲ့မှ ဆူညံစွာ အားပေးနေသော အသံများသည် မီးကိုရေဖြင့် ငြိမ်းသတ်လိုက်သလို ရှဲကနဲဖြစ်ပြီး တိတ်ဆိတ် သွားတော့သည်။
ဂျွန်စမစ်သည် ကြိုးဝိုင်းဒိုင်လူကြီးက တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်နေခြင်းကို ဂရုမပြု၊ ဥပဒေကခွင့်ပြုထားသော အမှတ် ရှစ်အထိ ရေတွက်ခြင်းကို မစောင့်တော့ဘဲ ရှေ့လောတကြီး ဒရီးဒယိုင်ထ၍ ရပ်လိုက်သည်။
အမှန်မှာ စမစ်သည် အတော်ကြီးလည်း အံ့အားသင့်သွားပုံရသည်။ ရှက်လည်း ရှက်သွားပုံရသည်။ ထို့ကြောင့် အမူးပြေအောင်ပင် မစောင့်တော့ဘဲ ဒယီးဒယိုင် ထ၍ရပ်လိုက်ခြင်းဖြစ်သည်။
အမှတ် ရှစ် ထိအောင် ရေတွက်ပြီးနောက် ဆက်ထိုးရန် အချက်ပေးလိုက်သည်။ တင်ထွန်းသည် ဂျွန်စမစ်အနီးသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။ ဂျွန်စမစ်သည်ပင်လျှင် ဘယ်လက်သီးဖြင့် စတင်ထိုးလွှတ်ပြန်သည်။ သို့သော် တင်ထွန်း၏ ညာဖြတ် လက်သီးက ဦးနေလေပြီ။ ဂျွန်စမစ်သည် ဒုတိယအကြိမ်လဲကျသွားပြန်သည်။
ယခုအကြိမ်တွင်မူ ဒိုင်လူကြီးက အမှတ်စဉ် ၁၀ အထိ ရေတွက်ပါသော်လည်း ထမလာတော့ပါ။ ပထမအချီ တမိနစ် လေးစက္ကန့် (ဝါ) ၆၄ စက္ကန့်တွင် မြန်မာနိုင်ငံမှ တင်ထွန်းသည် အင်္ဂလန်နိုင်ငံသား လက်ဝှေ့ကျော် ဂျွန်စမစ်ကို အလဲထိုး၍ အနိုင်ယူလိုက်နိုင်သည်။
ဆရာထွန်းငြိမ်း (စာရေးဆရာမောင်နေထွန်း) က ယင်းသို့သော အောင်မြင်မှုမျိုးကို မြန်မာပြည်သူတရပ်လုံးအား မြင်တွေ့ သွားစေချင်သည်။
အင်္ဂလိပ်လူမျိုးများအပေါ်တွင် မစ္ဆေရစိတ် မည်သို့မျှမရှိသော်လည်း၊ တခါကအုပ်စိုးသူလူတန်းစားကို လှလှကြီးတရားမျှတစွာ အနိုင်ယူခဲ့ခြင်းကိုမူ ဂုဏ်မယူဘဲ မနေနိုင်ပါဟု သွားလေသူ အဘိုးအဘွားများကို တမ်းတပြောဆိုခဲ့သည်။
စာရေးသူကတော့ ၁၉၆၄ ကမ္ဘာ့အိုလံပစ်လက်ဝှေ့ပွဲတွင် ဂရိတ်ဗြိတိန်ချန်ပီယံ အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားကို မြန်မာလက်ဝှေ့သမား တင်ထွန်းက အလဲထိုးအနိုင်ယူခဲ့ပုံကို မြင်တွေ့စေချင်ပါသည်။ ကြားသိစေချင်ပါသည်။
မြန်မာလက်ဝှေ့သမား တင်ထွန်းသည် တိုကျိုအိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် မည်သည့်ဆုတံဆိပ်မှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါ။ သို့သော် ယှဉ်ပြိုင်ဘက် အင်္ဂလိပ်လက်ဝှေ့သမားကို ၆၄ စက္ကန့် အတွင်း အလဲထိုးအနိုင်ယူခဲ့ခြင်းက ဆုတံဆိပ် တဆု ရသည်ထက် ပိုမို၍ နိုင်ငံ့ဂုဏ်ကို နိုင်ငံတကာအလယ်တွင် မြင့်တက်လာခဲ့စေပါသည်။