အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) ကို ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအလွန်မှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြန်မာနိုင်ငံဟာ ကိုယ့်အတွက် အကျိုးအရှိဆုံးဖြစ်မယ့် အားကစားနည်းတွေကို ပြိုင်ပွဲမှာ ထည့်ထားတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
“ခမ်ပို (Kempo)၊” “ဗိုဗင်နမ် (Vovinam) နဲ့ “ခြင်းလုံး” စတာတွေက အာဆီယံနိုင်ငံ အနည်းငယ်မှာပဲ ရှိကြတဲ့ ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေပါ။ ဒါပေမယ့် လာမယ့် ဒီဇင်ဘာ ဆီးဂိမ်းမှာ အဲဒီ အားကစားနည်းတွေကို ဆုတံဆိပ်တွေ တမူထူးခြားပြီး ပေးနိုင်ဖို့အတွက် ကိုယ်လက်ကြံ့ခိုင်ရေး (Gymnastics)၊ တင်းနစ် (Tennis) နဲ့ သဲသောင် ဘော်လီဘော (Beach Volleyball) ကစားနည်းတွေကို မြန်မာနိုင်ငံက ဖယ်ထုတ်ထားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံ ၁၁ နိုင်ငံအကြား အစည်းအဝေးတွေဟာ အငြင်းအခုံတွေနဲ့ ပြည့်နေတာပဲလို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ တချို့ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဆုတံဆိပ်ဇယားမှာ ပုံမှန် သာမညောင်ည အဆင့်ကနေ ခုန်ပေါက်ပြီး မြင့်တက်လာဖို့အတွက် ပိုထူးချွန်တဲ့ နိုင်ငံတွေကို အားလျော့သွားအောင် လုပ်နိုင်ဖို့ မြန်မာနိုင်ငံက တချို့နိုင်ငံတွေနဲ့ အပေးအယူ လုပ်ခဲ့တယ်ဆိုတဲ့ သံသယတွေ နက်နက်ရှိုင်းရှိုင်းနဲ့အတူ အခုလို ငြင်းခုံကြတာလို့ သူတို့က ဆိုပါတယ်။
အပြီးသတ် မရေးဆွဲရသေးပေမယ့် ပြိုင်ပွဲအစီအစဉ် အားကစား (၃၃) မျိုးထဲမှာ အများစုကတော့ အိုလံပစ် အားကစားနည်းတွေ ဖြစ်တဲ့ ပြေးခုန်ပစ်၊ လက်ဝှေ့နဲ့ ရေကူးအားကစားနည်းတွေပါ။ ဒါပေမယ့် ဆုတံဆိပ်တွေရဲ့ သုံးပုံတပုံလောက် အထိကို ကိုယ်ခံပညာနဲ့နွှယ်တဲ့ ကစားနည်းတွေအတွက် ဝေပုံခွဲထားပါတယ်။
အခုလို မြန်မာနိုင်ငံက ပြိုင်ပွဲကို ခုတုံးလုပ်ပြီး ကိုယ့်ဖက်ပါအောင် လုပ်နေတာတွေ၊ ကိုယ့်ပြိုင်ဖက်ကို စိတ်ဓာတ် ပျက်ပြားအောင်လုပ်ပြီး အနိုင်ယူဖို့ ဆောင်ရွက်နေတာတွေဟာ ၁၉၆၉ ခုနှစ်ကစလို့ ပထမဆုံး နိုင်ငံထဲမှာ ပြန်ကျင်းပတဲ့ ဆီးဂိမ်းကို အထင်သေးစရာ ဖြစ်စေတယ်လို့ တချို့နိုင်ငံတွေက ပြောကြပါတယ်။
“တကယ့် ဟာသပဲဗျာ။ သူတို့ ထည့်ချင်တဲ့ ကစားနည်းတွေ ထည့်တယ်၊ ပြီးတော့ အဲဒီ ကစားနည်းတွေအတွက် ဆုတံဆိပ်တွေကလည်း သိပ်များတယ်” လို့ ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီဝင် ကျရိန် ဝပ်သနာစင် (Charoen Wattanasin) က ပြောပါတယ်။
“ဒီလိုကိစ္စမျိုးတွေက မဖြစ်သင့်ပါဘူး။ ဆီးဂိမ်းရဲ့ ကျက်သရေက ပြီးခဲ့တဲ့ နှစ်တွေမှာ သိသိသာသာကို ယုတ်လျော့လာခဲ့တာပါ။ အရင်တုန်းကဆိုရင် ဆီးဂိမ်းဆိုတာ တဦးကိုတဦး လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေနဲ့ မိသားစု ပြိုင်ပွဲတခုလိုပါပဲ” လို့လည်း သူက ဆိုပါသေးတယ်။
ဖိလစ်ပိုင်နိုင်ငံက အားကစားရေးရာ တာဝန်ရှိသူတွေကတော့ သူ့ထက်ပို ဒေါသထွက်ကြတဲ့အပြင် ဆီးဂိမ်းကို သပိတ် မှောက်မယ်လို့တောင် တချို့က မကြားတကြား ခြိမ်းခြောက်ကြပါတယ်။ တချို့ကလည်း သပိတ် မမှောက်ရင်တောင် ပြိုင်ပွဲ
စီစဉ်မှုအပေါ် သဘောမတူဘူး ဆိုတာကို ပြတဲ့အနေနဲ့ သိပ်အရာမရောက်တဲ့ အားကစားအဖွဲ့တဖွဲ့ကို လွှတ်လိုက်နိုင်တယ်လို့ ပြောကြပါတယ်။
“ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေအတွက် ဆုတံဆိပ် ၆၀ ရှိလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်၊ ဒီ ဆုတံဆိပ် ၆၀ ထဲမှာ ကျနော်တို့ သုညအကြီးတလုံးပဲ ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ အားကစားနည်းတွေထဲက ဘယ်နည်းမှာမှ ကျနော်တို့ မပါဘဲကိုး” လို့ အမည်မဖော်လိုတဲ့ ဖိလစ်ပိုင် အိုလံပစ် ကော်မတီဝင်တဦးက ဆိုပါတယ်။
“အခုလို ရှင်းရှင်းလင်းလင်း အခွင့်မသာတဲ့ အနေအထားမျိုးမှာ ကျနော်တို့အနေတဲ့ ဘာဖြစ်လို့ အားကစားအဖွဲ့ အကြီးကြီး လွှတ်ပြီး ငွေအများကြီး သုံးရမှာလဲဗျ” လို့ သူက မေးခွန်းထုတ်ပါသေးတယ်။
၂ နှစ်တခါ ကျင်းပပြီး လူသန်းပေါင်းများစွာ စောင့်ကြည့်ကြတဲ့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မှုတွေက အလွန်အမင်း ပြင်းထန်လှပါတယ်။ ပြိုင်ပွဲတွေဟာ အမြဲတမ်းလိုလိုပဲ မပြေလည်မှုတွေ ဖြစ်လုနီးနီးနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ပြိုင်ပွဲကနေ ထွက်သွားတာ၊ ပြိုင်ပွဲကို ဆန္ဒပြတာနဲ့ စည်းကမ်းချိုးဖောက်တယ်လို့ စွပ်စွဲတာ၊ ပြီးတော့ ဒိုင်လူကြီး ဘက်လိုက်တာနဲ့ ပြောင်လိမ်တာတွေဟာ ဆီးဂိမ်းမှာ မဆန်းတော့တာတွေပါပဲ။
ဒါပေမယ့် လူသိနည်းလှတဲ့ ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး အခုလို ကျယ်ကျယ်လောင်လောင် အသံထွက်လာရတာကတော့ ဒီကစားနည်းတွေကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာပဲ ကစားကြလို့ ဖြစ်ပါတယ်။
ဗိုဗင်နမ်ဆိုတာက ဗီယက်နမ် ကိုယ်ခံပညာဖြစ်ပြီး ဒီကစားနည်းကို လက်နက်သုံးပြီး ကစားတာရော လက်နက်မဲ့ကစားတာရော ပါဝင်ပါတယ်။ ခမ်ပိုဆိုတာကတော့ ကွန်ဖူးကနေ ဆင်းသက်လာတဲ့ ကစားနည်းဖြစ်ပြီး လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူကြိုက်များတဲ့ အားကစားပါ။ ဆုတံဆိပ်ဇယားရဲ့ ထိပ်ဆုံး ၃ နိုင်ငံထဲ ပါနိုင်အောင် မြန်မာနိုင်ငံက လုံးပမ်းတဲ့နေရာ မှာ ဒီနိုင်ငံ ၂ နှစ်နိုင်စလုံးက အနှောက်အယှက် နည်းနည်းပဲ ပေးနိုင်ပါလိမ့်မယ်။
ဝိုင်းခြင်းခတ်တဲ့ ကစားနည်းကတော့ မြန်မာနိုင်ငံ တခုထဲမှာပဲ ကစားကြတာမို့ အခြားသူတွေကို အမျက်ရှစေပါတယ်။ ဝိုင်းခြင်း ကစားနည်းက အခြားကစားနည်းတွေနဲ့ အတော်လေးကွဲပြားပါတယ်။ အမှတ်ပေးတဲ့ နေရာမှာလည်း နည်းစနစ်နဲ့ ခြင်းပေါက်ပေါ် မူတည်ပြီး အမှတ်ပေးတာပါ။
ဘယ်လိုပဲဖြစ်နေနေ ၁၉၆၂-၂၀၁၁ စစ်အစိုးရ အုပ်ချုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံတကာရဲ့ ဆယ်စုနှစ်ချီ ဖိအားပေးတာတွေ၊ ဝိုင်းကျဉ်ထားတာတွေကို တောင့်ခံခဲ့တာမို့ ဝေဖန်မှုဆိုတာက မြန်မာနိုင်ငံအတွက် မစိမ်းတော့ပါဘူး။ အခုလည်း အရင်တုန်းကလိုပဲ လုပ်ချင်တာ လုပ်ပါလိမ့်ဦးမယ်။
“ကျနော်တို့အနေနဲ့ ဆီးဂိမ်းအဖွဲ့ချုပ်ရဲ့ ပြန်တမ်း (Charter) အတိုင်း ဆောင်ရွယ်နေတာဆိုတော့ ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး” လို့ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ထိပ်တန်းအရာရှိ ဦးသက်လွင်က ပြောပါတယ်။
တချိန်တည်းမှာလည်း ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတွေ စိတ်သက်သာရာ ရစေဖို့ မြန်မာနိုင်ငံက တစုံတရာ လိုက်လျောခဲ့ပြီး ကြက်တောင်၊ ပင်ပေါင်နဲ့ တချို့အားကစားနည်းတွေကို ပြိုင်ပွဲအစီအစဉ်ထဲမှာ ပြန်ထည့်သွင်း ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ထည့်သွင်းပေးခဲ့တာမို့ အဲဒီနိုင်ငံတွေက ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ရွှေပြည်အေး စကားတွေ ပိုပြောလာကြပါတယ်။
“သူတို့ရဲ့စွမ်းရည်အပေါ် မူတည်ပြီး ဘယ်ကစားနည်းတွေ ကစားမယ်ဆိုတာကို အိမ်ရှင်နိုင်ငံ အနေနဲ့ ရွေးချယ်ခွင့် ရှိပါတယ်။ အဲဒီ ကစားနည်းတွေအတွက် ကိုယ့်ဖက်ကိုယ် ယက်တာလည်း သဘာဝပါ” လို့ အင်ဒိုနီးရှား လူငယ်နဲ့ အားကစားဝန်ကြီး ရွိုင်ဆာရို (Roy Suryo) က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းကို ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ ကျင်းပကြပါလိမ့်မယ်။ ပြိုင်ပွဲကျင်းပမယ့် အဆောက်အအုံနဲ့ နေရာအများစုကိုလည်း မြန်မာအစိုးရရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက အကူအညီ အများအပြားနဲ့ အသစ်တည်ဆောက်ခဲ့တာပါ။
ဆီဂိမ်းအတွက် မြန်မာနိုင်ငံက ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူ အိုလံပစ်ကောင်စီ အထွေထွေ အတွင်းရေးမှူး ခရစ်ချန် (Chris Chan) က မြန်မာနိုင်ငံကို ချီးမွမ်းပါတယ်။ အခုလို ချောချောမွေ့မွေ့ ပြင်ဆင်မှုတွေဟာ အရင် အိမ်ရှင် နိုင်ငံတွေထက်စာရင် “ရှေ့ကို အများကြီး ပိုရောက်တယ်” လို့လည်း သူက ဆိုပါတယ်။
ကမ္ဘောဒီးယား အိုလံပစ်ကောင်စီ အထွေထွေ အတွင်းရေးမှူး ဗက် ချမ်ရူးအန် (Vath Chamroeun) ကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံတွေအကြား အငြင်းပွားနေတာကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပြီး ဆီးဂိမ်းကို သပိတ်မှောက်ဖို့ ပြောဆိုမှုဟာ “ဂုဏ်သိက္ခာမဲ့တဲ့” ပြောဆိုမှုမျိုး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒါ့ပြင် မလေးရှားနိုင်ငံ အိုလံပစ်ကောင်စီ ဥက္ကဌ ရှိတ်ကိုး (Sieh Kok) ကလည်း ဗက် ချမ်ရူးအန်ရဲ့ ပြောဆိုမှုအပေါ် သံယောင်လိုက်ပြီး ဘာနားမား (Bernama) သတင်းဌာနက အခုလို ပြောဆိုခဲ့ပါသေးတယ်။
“သူတို့တွေ ဆီးဂိမ်း မကျင်းပဖြစ်တာ နှစ်ပေါင်း (၄၀) ကျော်ပြီလေ။ အခွင့်အရေး ပေးသင့်တာပေါ့” လို့ သူက ဆိုပါတယ်။