မြန်မာအားကစား ရွှေမှန်ကင်းခေတ်ကို ဆရာဗိုလ်မှူး ထွန်းငြိမ်းက သွားလေသူ အဖိုးအဖွားများကို သိစေ မြင်စေချင်သဖြင့် မောင်နေထွန်း အမည်ခံကာ အား/ကာ ဂျာနယ်တွင် ဆေင်းပါးရှည်ကြီး ရေးသားခဲ့သည်။
စာရေးသူကတော့ လက်ရှိ အားကစား လောကမှ အထူးသဖြင့် အားကစားသမား မောင်မယ်များ သိစေချင်၍ မြင်စေချင်၍ အားကျစေချင်၍ ထပ်လောင်း ဖော်ပြအပ်ပါသည်။
ရွှေဘောလုံး
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အာရှအားကစားပွဲ ကျင်းပသည့် ၁၉၅၀ – ၅၁ မှပင် စတင် ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ နယူးဒေလီ အာရှ အားကစား ပြိုင်ပွဲ ဘောလုံးပွဲမှာ အသင်း ၆ သင်း တည်းသာ ပါဝင်ယှဉ်ပြိုင်ပြိး ရှုံးထွက် စံနစ်ဖြင့် ကစားရသည်။ မြန်မာ့လက်ရွေးစင် အသင်းက အီရန်အသင်းကို ဝး၂ ဂိုးဖြင့် ရှုံးသည်။ အကောင်းဆုံး ရှုံးသင်းဖြစ် အကြို ဗိုလ်လုပွဲတက်ရန် အာဖဂန်နစစ္စတန်အသင်းနှင့်မဲနှိုက်ရာ ရှုံးခဲ့သည်။
၁၉၅၄ ခုနှစ် ဖိလစ်ပိုင် အာရှအားကစားပွဲတွင် အုပ်စု အမှတ်ပေးပေးစနစ်ဖြင့် ကစားရသည်။ စင်ကာပူ အသင်းနှင့် ၁ ဂိုးစီ သရေကျပြီး ပါကစ္စတန်အသင်းကို ၃း၁ ဂိုးဖြင့် နိုင်ကာ အကြိုဗိုလ်လုပွဲတက်သည်။ တောင်ကိုးရီယား အသင်းနှင့် ၂း၂ ဂိုးစီဖြင့် သရေကျသည်။ မဲနှိုက်ရာ ရှုံးသည်။ တတိယနေရာ လုပွဲတွင် အင်ဒိုနီးရှားအသင်းကို ၅း၄ ဂိုးဖြင့် နိုင်ပြီး တတိယ နေရာ ကြေးတံဆိပ်ရသည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အာရှအဆင့် နိုင်ငံတကာ ပြိုင်ပွဲတါင် ပထမဆုံး တံဆိပ်ရခြင်းပင် ဖြစ်သည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၁၉၅၈ ခုနှစ်၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်း အုပ်စုမှ ထွက်ခဲ့ရသည်။ အင်ဒိုနီးရှားကို ၂း၄ ၊ အိန္ဒိယကို ၂း၃ ဖြင့်ရှုံးကာ ပြိုင်ပွဲမှ ထွက်ခဲရသည်။
၁၉၆၂ ခုနှစ် အင်ဒိုနီးရှာ အာရှအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲတွင် မြန်မာ ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။
ပထမဆုံး ရွှေ
ပဉ္စမအကြိမ်မြောက် အာရှ အားကစား ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပသည်။
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု (က) ၌ အိမ်ရှင် ထိုင်းအသင်း၊ တောင်ကိုးရီးယား အသင်းတို့နှင့် အတူ ကစားရသည်။ ပထမပွဲ အဖြစ် တောင်ကိုးရီးယားနှင့် ကစားရသည်း။ ၁း၀ ဖြင့် နိုင်သည်။ ဒုတိယပွဲ အိမ်ရှင် ထိုင်းအသင်း နှင့် ကစားရသည်။ ၁ ဂိုးစီ သရေကျသည်။ ဒုတယအဆင့် အုပ်စုပွဲတွင် အင်ဒိုနီးရှားနှင့် ၂ ဂိုးစီ သရေကျသည်။ အီရန်ကို ၁း၀ ဖြင့်နိုင်ပြီး အကြိုဗိုလ်လုပွဲ တက်သည်။
အကြိုဗိုလ်လုပွဲ
အကြိုဗိုလ်လုပွဲတွင် စင်ကာပူအသင်းကို ၂း၀ ဖြင့် နိုင်သည်။ လှကြည်နှင့် ဘပု သွင်းသည်။ တဖက် အကြိုဗိုလ်လုပွဲတွင် အီရန်အသင်းက ဂျပန်အသင်းကို ၁း၀ ဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် အီရန်နှင့် ပြန်ကစားရသည်။
၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ကစားရသည့် အာရှအားကစား ပွဲတော်၊ ဘောလုံး ဗိုလ်လုပွဲတွင် မြန်မာအသင်းက အီရန် အသင်းကို ဘပု ပေးသည့် ဘောလုံးကို အောင်ခင်က သွင်းပြီး၊ အီရန်အသင်းကို ၁း၀ ဖြင့် နိုင်ပြီး အာရှအားကစား ပွဲတွင် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ အာရှအားကစားပွဲတွင် ၁၆ နှစ်တိတိ အကြာတွင် မြန်မာတို့ ဘောလုံး ချန်ပီယံဖြစ်ခဲ့သည်။
ဤအောင်မြင်မှုနှင့် ပတ်သက်၍ ဆရာမောင်နေထွန်း (ဗိုလ်မှူးထွန်းငြိမ်း၊ ကွယ်လွန်) က ဤသို့ မှတ်တမ်းပြုခဲ့သည်။
၁၉၆၆ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အာရှအားကစားပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပလျက်ရှိလေသည်။
အားကစားပွဲတော်ကြီး၏ နောက်ဆုံးကွင်းပိတ်ပွဲကို ဘောလုံးဖြင့် အဆုံးသတ်ရန် စီစဉ်ထားသည်။
မြန်မာနှင့် အီရန်
နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အီရန်အသင်းတို့ ကစားရသည်။
အီရန်တို့က ထောင်ထောင်မောင်းမောင်း ကိုယ်လုံးကိုယ်ထည် တောင့်တောင့်၊ မြန်မာတို့က ခပ်ပြတ်ပြတ် ခပ်ပါးပါး။ ကစားချိန် အများစုတွင် ဘောလုံးသည် အီရန်တို့ ခြေထဲ၌ ရှိနေသည်။ မြန်မာကွင်း တဝက်အတွင်း၌သာ ဘောလုံးက ဝဲနေသည်။
ရှေ့တန်းလူ အောင်ခင်သည်း ကစားချိန် တချိန်လုံး သည်တကြိမ်သာ ဂိုးသွင်းခွင့် ရသည်။ ထိုအချိန်ကို ပိုင်ပိုင် နိုင်နိုင် အသုံးချလိုက်ကာ ဂိုးဝင်အေင် သွင်းလိုက်သဖြင့် မြန်မာတို့ အနိုင်ရရှိခဲ့သည်။
မြန်မာဘောလုံး သမိုင်းတလျောက်လုံးတွင် အာရှပြိုင်ပွဲ၌ မြန်မာတိုပ ပြိုင်ခဲ့ရာတွင် ဒုတိယအကြိမ်မြောက် အာရှအားကစား ပွဲ၌ တတိယ ၁ ကြိမ်သာ ရဖူးသည်။ ယခုအကြိမ်သည် အာရှချန်ပီယံအဖြစ် ပထမဆုံး ရရှိခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အလံ လွှင့်
မြန်မာတို့ အီရန်ဘောလုံးအသင်းအား နိုင်လိုက်သော နေ့သည် ကွင်းပိတ်ပွဲဖြစ်သဖြင့် အားကစား ပြိုင်ဝင်းကြီး တခုလုံး ပရိတ်သတ် အပြည့် ရှိနေသည်။ ယင်း ပရိတ်သတ်များထဲတွင် ထိုင်းဘုရင်မင်းမြတ်နှင့်မိဖုရားကြီးတို့ အပါအဝင် အားကစား ပြိုင်ဝင်ကြီး အပြည့်ရှိနေကြသည့် ရွှေပွဲလာ ပရိတ်သတ်များက ထိုင်နေကြရာမှ မတ်တပ်ရပ်၍ ရိုသေသမှု ပြုကြသည့် မြင်ကွင်းကို ဗိုလ်မှူးထွန်းငြိမ်းက မြန်မာလူထုကြီးနှင့် အတူ ဖိုးအေ ဖွားအေများ မြင်စေချင်လှသည်ဟု မှတ်တမ်းတင်ခဲ့ သည်။
ယနေ့မြင်စေချင်
စာရေးသူကတော့ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေပတွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမျိုးသား အားကစားပြိုင်ဝင်းကြီး အတွင်း ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ အပါအဝင် အာရှတိုက် နိုင်ငံအသီးသီးမှ မင်းစိုးရာဇာများ၊ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌများ၊ နိုင်ငံတကာမှ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များက မြန်မာနိုင်ငံတော် အလံနှင့် နိုင်ငံတော် သီချင်းကို ထိုင်ရာမှ ထကာ အရိုအသေ ပေး အလေးပြုနေကြပုံများကို ယနေ့ မြန်မာ အားကစား ပညာရှင်များ၊ အားကစားသမားများ၊ အားကစား စီမံခန့်ခွဲ ဦးဆောင်နေကြသူများကို ပြလိုလှပါသည်။
စာရေးသူ အပါအဝင် မြန်မာပြည်သူ တရပ်လုံး ဘောလုံးအောင်ပွဲကို အာရှအဆင့်တွင် မကြုံတွေ့ကြရသည်မှာ ဆယ်စုနှစ် လေးစု ကျော်လာခဲ့ပါပြီ။
လာမည့် ဆီးဂိမ်းစ် တွင် အားကစားပွဲတော် ပိတ်ပွဲနေ့တွင် နိုင်ငံတော် အလံကို အလေးပြု၍ နိုင်ငံတော် သီချင်းကို အားရပါးရ သီဆိုလိုက်ချင်ပါသည်။