အားကစား

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် အသင်းများအား သုံးသပ်ချက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဘောလုံးပရိသတ်တွေ ရင်ခုန်စွာ စောင့်စားကြည့်ရှုတတ်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေရဲ့ မဲခွဲမှုကို နီယွန်မြို့မှာ သောကြာနေ့က ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၉၆ နောက်ပိုင်း ပထမဦးဆုံး အကြိမ်အနေနဲ့ အင်္ဂလန် အသင်းတွေ ကွာတားဖိုင်နယ် တက်ရောက်လာခြင်း မရှိဘဲ အင်္ဂလန်ကလပ် အသင်းတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံပေါင်း ၅ နိုင်ငံမှ အသင်း ၈ သင်း တက်ရောက်လာလို့ ခါတိုင်းလို နိုင်ငံကြီးတွေ ကြီးစိုးတဲ့ အရိပ်လက္ခဏာ ကျဆုံးလာပြီး ယူအီးအက်ဖ်အေ ဥက္ကဌ မစ်ချယ် ပလာတီနီ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတယ်လို့လည်း ဆိုရပါမယ်။

အင်္ဂလန် အသင်းကြီးတွေ မပါဝင်ပေမယ့်လို့ အစဉ်အလာရှိတဲ့ ပီအက်စ်ဂျီအသင်းက အင်အားကြီး ဘာစီလိုနာ၊ စပိန်ကလပ် မာလာဂါနဲ့ ဘရုရှားဒေါ့မွန်၊ ရီးယဲလ်မက်ဒရစ်နဲ့ တူရကီကလပ် ဂလက်တာစာရေး၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျုဗင်တပ်အသင်းတို့ထပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်တွေဟာ ပရိသတ်အတွက် ရင်ခုန်စရာကောင်းတ ဲ့ပွဲစဉ်တွေ ဖြစ်လာမှာပါ။

ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အုပ်စုတွင်းမှာ ဆဲယ်တစ် အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၁၆ သင်းစာရင်းအထိ အေးအေးဆေးဆေး တက်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ အေစီမီလန် အသင်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာတော့ ၄-၀ နဲ့အနိုင်ရရှိပြီး ကွာတားဖိုင်နယ် တက်လာတဲ့အသင်းပါ။ ဘာစီလိုနာအသင်းဟာ လာလီဂါမှာ အကောင်းဆုံးစံချိန် ရရှိထားပါတယ်။ လိဂ်စအပြီး ပထမ ၁၉ ပွဲမှာ ၁၈ ပွဲ အနိုင်ရရှိပြီး ၁ ပွဲသာ သရေကျထားတဲ့ စံချိန်ဟာ ဂါဒီယိုလာလက်ထက်မှာတောင် မရရှိခဲ့ပါဘူး။

၄-၃-၃ နဲ့ ၃-၄-၃ ကစားကွက်တွေကို ခင်းကျင်းပြီး ကစားတတ်တဲ့ ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုထက် ဂိုးသွင်းဖို့ ပိုပြီးကြိုးစားလာတာကို နည်းပြဗီလာနိုဗာ လက်ထက်မှာ တွေ့ရပါတယ်။ အမြဲတမ်းဂိုးရဖို့ကြိုးစားနေတတ်ပေမယ့် ခံစစ်ပိုင်းမှာ ချို့ယွင်းချက်တွေ ရှိတာကြောင့် ကောင်တာတိုက်စစ် အသင်းနဲ့တွေ့ရင် ဂိုးပေးရတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ ၂၀၁၁ ခုနစ်မှာ မန်ယူအသင်းကိုနိုင်ပြီး ချန်ပီယံဖြစ်ထားတဲ့ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ၅ ခုမြောက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ဖို့ စိတ်ဓာတ်အားသန်နေကြပါတယ်။

ရီးယဲလ် မက်ဒရစ်

ရီးယဲလ် မက်ဒရစ်ဟာ ဒီအဆင့်ရောက်ဖို့ အခက်ခဲဆုံးအဆင့်တွေကို ကျော်ဖြတ်ခဲ့ရပြီး အကျပ်ဆုံးပွဲစဉ်တွေ ကစားခဲ့ရတဲ့ အသင်းလို့ဆိုရပါမယ်။ အုပ်စုအဆင့်မှာတင် ဒေါ့မွန်၊ မန်ချက်စတာစီးတီး၊ အိုင်းယက်တို့နဲ့ကစားခဲ့ရပြီး မန်ယူအသင်းနဲ့ ရှုံးထွက်အဆင့်မှာ အသည်းအသန် ကန်ခဲ့ရတာ ဖြစ်ပါတယ်။ ရီးယဲလ် မက်ဒရစ်ဟာ မော်ရင်ညိုရဲ့ လက်အောက်မှာ ပိုမိုစည်းလုံးလာပြီး တိုက်စစ်၊ ခံစစ်မျှတဲ့အသင်း ဖြစ်လာနေပါတယ်။ လာလီဂါ ရာသီအစမှာတော့ ရုန်းကန်ခဲ့ရတဲ့ ရီးယဲလ် အသင်းဟာ လက်ရှိချန်ပီယံ ဆုဖလားကို လက်လွတ်ရဖွယ် ရှိနေတာကြောင့် စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ် ဖလားတွေမှာ မော်ရင်ညိုရဲ့ အဓိကထိုးစစ်တွေကို တွေ့မြင်လာရဖွယ် ရှိပါတယ်။ မော်ရင်ညိုရဲ့ ၄-၂-၃-၁ ကစားကွက် အခင်းအကျင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ရတဲ့ပွဲစဉ်တွေမှာ နည်းဗျုဟာပိုင်း အားထားတယ်ဆိုတာ သိသာပါတယ်။ ပိတ်ဆို့ကစားနေပေမယ့် တဖက်အသင်းအလစ်မှာ အငိုက်ဖမ်းပြီး ဂိုးသွင်းတတ်တဲ့ ရီးယဲလ် မက်ဒရစ်ဟာ မော်ရင်ညို စပိန်ကနေ မထွက်ခွာခင် လိုချင်နေတဲ့ဖလား ဖြစ်နေတာမို့ စပယ်ရှယ်ဝမ်းရဲ့ စပါယ်ရှယ် နည်းဗျူဟာတွေ မြင်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မာလာဂါ

စပိန် အင်အားကြီး ရီးယဲလ်နဲ့ဘာကာနည်းတူ ကွာတားဖိုင်နယ် တက်ရောက်လာတဲ့ နောက်ထပ် စပိန်အသင်းပါ။ ပိုင်ရှင် အသစ်တွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး တရိပ်ရိပ်တက်လာတဲ့ မာလာဂါဟာ အသင်းလိုက် စုစည်းမှုနဲ့ ကစားတတ်တဲ့အသင်းဖြစ်ပြီး အစဉ်အလာရှိတဲ့ ပေါ်တိုအသင်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါ့အပြင် အုပ်စုအဆင့်တုန်းကလည်း ၄ ပွဲပြီးကတည်းက နောက်တဆင့်ကို တက်ရောက်ခဲ့တဲ့ ပထမဆုံးအသင်းလည်း ဖြစ်ခဲ့ပါတယ်။ မာလာဂါအနေနဲ့ ဒေါ့မွန်အသင်းနဲ့ တွေ့ရမှာမို့ ကွာတားဖိုင်နယ် ပွဲစဉ်ဟာ နောက်တဆင့်တက်ဖို့သူရဲ့ တကယ့် အစမ်းသပ်ခံရမယ့်ပွဲစဉ် ဖြစ်လာမှာပါ။

ဘိုင်ယန်မြူးနစ်

ယခင်နှစ်က ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီနှစ်မှာလည်း အင်ပြည့်အားပြည့်နဲ့ ဂျာမန်လိဂ်မှာပါ ဦးဆောင်နေပြီးဖလားရဖို့ ပင်နီးစပ်နေပြီ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ဗလင်စီယာနဲ့အပြိုင် အုပ်စုတက်ဖို့ကြိုးစားခဲ့ရပါတယ်။ အာဆင်နယ် အသင်းနဲ့နောက်ဆုံး ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ခဲ့ရပြီး ပထမအကျော့မှာ ၃ – ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သော်လည်း ဒုတိယအကျော့မှာတော့ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ခြေငြိမ်တဲ့အသင်းလို့တော့ ပြောလို့မရဘဲ အားနည်းချက်တွေ ရှိနေပါတယ်။ ဘိုင်ယန် အသင်းဟာ လူအင်အားပိုင်း တောင့်တင်းပေမယ့် တချက်တချက်မှာ ခြေမငြိမ်တတ်ဘဲ နောက်တန်းမှာ အားနည်းချက်တွေကို တွေ့ရပါတယ်။ ဂျုဗင်တပ်စ်နဲ့ကွာတားဖိုင်နယ် ပွဲစဉ်ဟာ ဘိုင်ယန်အတွက် ဆီမီးဖိုင်နယ်တက်ဖို့တကယ့်အဟန့်အတားတခု ဖြစ်လာမှာပါ။

ဒေါ့မွန်

လက်ရှိဂျာမန် လိဂ် ချန်ပီယံ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဂျာမန်လိဂ်မှာ ဒုတိယဖြင့်သာ ကျေနပ်ရမယ့် အနေအထား ရှိနေပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ်မှာ ထက်မြက်နေပြီး မန်စီးတီး၊ ရီးယဲလ်၊ အိုင်းယက်တို့လို့အုပ်စုကြပ်ထဲကနေ ရုန်းထွက်လာနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်မှာ ရှက်တာဒိုးနက် အသင်းကို ၂ ကျော့ပေါင်းရလဒ် ၅-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ယခုလို ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဒေါ့မွန် အသင်းဟာ အသင်းလိုက် ကစားပုံ အကောင်းဆုံးအသင်းလို့ချီးကျူးခံထားရပြီး ကွာတားဖိုင်နယ်မှာ စပိန်ကလပ် မာလာဂါနဲ့ ကန်ရမှာမို့ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်လိမ့်မယ်လို့မီဒီယာတွေက တစ်ပေးနေကြပါတယ်။

ဂျုဗင်တပ်စ်

၂၀၀၀ ခုနစ်ပိုင်းတုန်းက ချန်ပီယံလိဂ်မှာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဂျုဗင်တပ်စ်ဟာ အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ အသင်းဖြစ်ပြီး အုပ်စုအဆင့်မှာ ချယ်ဆီး၊ ရှက်တာဒိုးနက်တို့နဲ့အပြိုင် ကစားကာ ရှုံးပွဲမရှိဘဲ အုပ်စုတက်လာတဲ့အသင်း ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်မှာ ဆဲယ်တစ်အသင်းကို သက်သက်သာသာနဲ့ အနိုင်ယူပြီး တက်လာကာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ကြိုးစားနေတဲ့ တသင်းတည်းသော အီတလီအသင်း ဖြစ်ပါတယ်။ ယခင်နှစ်က အီတလီစီးရီးအေမှာ ရှုံးပွဲမရှိပေမယ့် ဒီနှစ်မှာတော့ ၄ ပွဲ ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။

၃-၅-၂ ကစားကွက်နဲ့ကစားတဲ့ တသင်းတည်းသောကလပ် ဖြစ်ပါတယ်။ စွဲဆောင်မှုကောင်းတဲ့ ကစားဟန်နဲ့တဖက် အသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားတတ်တဲ့ ဂျူဗင်တပ်စ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အီတလီကိုယ်စားပြုကလပ် နောက်တဆင့် တက်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ

အင်္ဂလန်က ချယ်ဆီးနဲ့မန်စီးတီးအသင်းလို ပိုက်ဆံများများသုံးပြီး တိုးတက်လာတဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ရနိုင်တဲ့ အသင်းတွေထဲက တသင်းပါ။ စပိန်ကလပ် ဗလင်စီယာကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်မှာလည်း ဦးဆောင်နေပြီး အီဗရာဟီမိုဗစ်ရဲ့ မှော်ဝင်ဂိုးတွေနဲ့ ပြိုင်ဖက်အသင်းတွေကို ခြိမ်းခြောက်နေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ထပ်တိုက်တွေ့ဆုံရလို့ အခက်အခဲ ရှိနိုင်ပေမယ့်လို့ လူစာရင်းအရ ယှဉ်နိုင်စွမ်း ရှိနေပါတယ်။  ၄-၂-၂ ကစားကွက်နဲ့ ပွဲထွက်ကစားတတ်တဲ့ အန်စလော့တီရဲ့ နည်းဗျူဟာဟာ အလုပ်ဖြစ်နေပြီး သူရဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အတွေ့အကြုံတွေနဲ့ဘာစီလိုနာအသင်းကို အနိုင်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ဂလက်တာစာရေး

ဂလက်တာစာရေး အသင်းဟာ မန်ယူအသင်းနဲ့အတူအုပ်စုထဲကနေ ရုန်းထွက်လာတဲ့ အသင်းဖြစ်ပြီး ဂျာမန်ကလပ် ရှော်ကေးကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရလာတဲ့အသင်း ဖြစ်ပါတယ်။ အများက လျှော့တွက်နေပေမယ့် ဂလက်တာစာရေး အသင်းဟာ အသင်းကြီးတွေကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီး ရှနိုက်ဒါ၊ ဒရော့ဘာတို့လို နာမည်ကြီးကစားသမားတွေ စုစည်းထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ ၄-၁-၃-၂  ကစားကွက်နဲ့ယှဉ်ပြိုင်ကစားတဲ့ တူရကီကလပ် ဂလက်တာစာရေးရဲ့ အအောင်မြင်ဆုံးနှစ်ဟာ ၁၉၈၉ ခုနစ် ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ နာမည်ကြီး ကစားသမားတွေရဲ့ အစွမ်းနဲ့ချန်ပီယံလိဂ်ဖလား ရယူဖို့ စိတ်အားထက်သန်နေတဲ့ ဂလက်တာစာရေးအသင်းကို တူရကီ နိုင်ငံသားတွေ အားလုံးက ဝမ်းသာအားရ အားပေးလျက် ရှိနေပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များ

ပီအက်စ်ဂျီ – ဘာစီလိုနာ
မာလာဂါ – ဒေါ့မွန်
ရီးယဲလ်မက်ဒရစ် – ဂလက်တာစာရေး
ဘိုင်ယန်မြူးနစ် – ဂျူဗင်တပ်စ်

Did you find apk for android? You can find new Free Android Games and apps.
Loading