၂၀၁၁ ခုနှစ် ဂျာကာတာနှင့် ပလန်ဘန် အရှေ့တောင် အာရှ အားကစားပွဲသို့ မြန်မာနိုင်ငံမှ အားကစား သမား ၄၀၀ ကျော်နှင့် အားကစားနည်း ၂၀ ကျော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၆ ခုသာ ဆွတ်ခူးနိုင်ခဲ့သည်။ သို့ရာတွင် ၁၉၆၉ ခုနှစ်တွင် ကျင်းပသည့် ရန်ကုန်ကျွန်းဆွယ် အားကစား ပြိုင်ပွဲ၌ မြန်မာ အားကစားသမား ၄ ဦးက ရွှေတံဆိပ် ၁၆ ခု ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ အားကစားသမား ၄ ဦးက မြန်မာအားကစား တဖွဲ့လုံး ဆွတ်ခူးသည့် ရွှေတံဆိပ် အရေအတွက် ၁၇ ဒဿမ ၂၀ ရာခိုင်နှုန်း ဆွတ်ခူးပေးခဲ့ခြင်း ဖြစ်သည်။
လူစွမ်းကောင်းများ
အားကစား လူစွမ်းကောင်းများဟု သတ်မှတ်ရသည့် ယင်းအားကစားသမား ၄ ဦးမှာ မြင့်အောင် (ကျွမ်းဘား)၊ မခင်ပု (ပြေးခုန်ပစ်)၊ ဂျင်မီ (ပြေးခုန်ပစ်) နှင့် နန္ဒကျော်စွာ (ရေကူး) တို့ ဖြစ်ကြသည်။
ကျွမ်းဘားအားကစားတွင် မြင့်အောင်က အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် ထည့်သွင်း ကျင်းပသည့် ကျွမ်းဘား ပြိုင်ပွဲတွင် နိုင်ငံတကာ အားကစား ပြိုင်ပွဲ၌ ဦးစွာ ပထမ ယှဉ်ပြိုင်ပြီး ရွှေတံဆိပ် ၆ ခု ဆွတ်ခူးနိုင် ခဲ့ခြင်း ဖြစ်သည်။
ရွှေ ၃ ဆုရှင်
ပြေးခုန်ပစ် အားကစားနည်းမှာ တဦးချင်း ပြိုင်ပွဲ သုံးမျိုးနှင့် လက်ဆင့်ကမ်း ပြေးပွဲတပွဲ (ယခုအခါ မူ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း ပြေးပွဲ ပါလာသဖြင့် လက်ဆင့်ကမ်း ၂ မျိုး) သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။
၁၉၆၉ ကျွန်းဆွယ် ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ဖွား ချင်းတိုင်းရင်းသူလေး မခင်ပုက ပြေးခုန်ပစ်တွင် သတ်မှတ်ထားသည့် အားကစားနည်းမျိုး (မီတာ ၁၀၀၊ မီတာ ၂၀၀၊ လှံတံပစ်နှင့် မီတာ ၁၀၀ x ၄ လက်ဆင့်လမ်း) တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ အမျိုးသမီး ပြေးခုန်ပစ် သမားများထဲမှ ပထမဦးဆုံး ပြိုင်ပွဲ တပွဲတည်းမှ ရွှေတံဆိပ် ၄ ခု ဆွတ်ခူး နိုင်ခြင်း ဖြစ်သည်။
သုံးဆုရှင်
ပြေးခုန်ပစ်မှပင် ရွှေ တံဆိပ် ၃ ဆုရှင် တဦး ထွက်ပေါ်ခဲ့သည်။ မြန်မာ အပြေးသမား ဂျင်မီကရင်တန်မှာ ၁၉၆၉ ရန်ကုန် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် မီတာ ၈၀၀၊ မီတာ ၁၅၀၀ နှင့် မီတာ ၃၀၀၀ ပြေးပွဲတို့တွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံး ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးနိုင်ခြင်းပင် ဖြစ်သည်။
ရေလွှာ သင်ဖြူး ငါးပျံမြူး
မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့သည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ရေကူးပြိုင်ပွဲတွင် ကြီးစိုးစ ပြုလာသည့် စင်ကာပူ ရေကူးအကျော်အမော်များကို ထိုးဖောက်ကာ မြန်မာ ရေကူးသမား နှစ်ဦးက ရွှေတံဆိပ် ၄ ခု ဆွတ်ခူးခဲ့ရာတွင် နန္ဒကျော်စွာ (ယခု ပြည့်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ) တဦးတည်းက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူး နိုင်ခဲ့သည်။
မြန်မာ ရေကူးလောကကို တင်မောင်နီဖြင့် စတင်ခဲ့ပြီး နန္ဒကျော်စွာတွင် ရပ်တန့်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ရေကူးပြိုင်ပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်း ရှိ အမျိုးသား ရေကူးကန်တွင် စတင်ကျင်းပသည့် ဒီဇင်ဘာလ ၈ ရက်နေ့မှာပင် အမျိုးသား မီတာ ၁၀၀ လိပ်ပြာကူး ပြိုင်ပွဲ၌ နန္ဒကျော်စွာ သည် စင်ကာပူ ရေကူးသမား နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီ စံချိန် ၁ မိနစ် ၂ ဒဿမ ၈ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
ဒီဇင်ဘာ ၈ ရက်နေ့မှာပင် အမျိုးသား ၄ ယောက် ၄ မျိုးကူး လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ဒုတိယမြောက် ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည်။
ဒီဇင်ဘာ ၉ ရက်နေ့တွင် ရေကူးပြိုင်ပွဲများ ဆက်လက် ကျင်းပရာ နန္ဒကျော်စွာသည် အမျိုးသား မီတာ ၂၀၀ လိပ်ပြာကူးတွင် စင်ကာပူ ရေကူးချန်ပီယံများနှင့်ပင် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး တတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့သည်။ မီတာ ၂၀၀ လိပ်ပြာကူး စံချိန်မှာ ၂ မနစ် ၂၂ ဒဿမ ၆ စက္ကန့် ဖြစ်သည်။
ကျွန်းဆွယ် (SEAP) ပြိုင်ပွဲ ခေတ်တွင် မြန်မာ အားကစား အဆင့်အတန်းသည် အားကစားနည်း မျိုးစုံတွင် တိုးတက်မှု ရှိခဲ့သည်။ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့၊ အလေးမ၊ ဘော်လီဘော စသည့် အားကစားနည်းများမှာ မြန်မာ အားကစား လောက၏ အမာခံ အားကစားနည်းများ ဖြစ်ခဲ့သည်။
အရှေ့တောင် အာရှ (SEA GAMES) အားကစား ပြိုင်ပွဲခေတ် ရောက်လာသည့်အခါ ၁၉၇၉ အင်ဒိုနီးရှား ဆီးဂိမ်းတွင် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံတို့ကို ကျော်လွန်ကာ တတိယနေရာသို့ပင် ရောက်နိုင်ခဲ့သည်။
သို့သော် ၁၉၇၉ ခုနှစ် နောက်ပိုင်းတွင် အံ့သြဖွယ် ကောင်းလောက် အောင်ပင် မြန်မာ့ အားကစား အဆင့်အတန်းသည် တဖြည်းဖြည်း ကျဆင်းလာသည်။
ကျွန်းဆွယ် အစောပိုင်းတွင် ဘောလုံးက ကျားကန် ထားနိုင်ခဲ့သေးသည်။ သို့ရာတွင် ဘောလုံးကလည်း ဆီးဂိမ်းခေတ်တွင် လက်ရွေးစင် အသင်းကြီးက ဒုတိယတကြိမ် (၁၉၉၉)၊ ယူ ၂၃ ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယများသာ ရရှိခဲ့ပြီး ရွှေတံဆိပ် တကြိမ်မျှ မဆွတ်ခူးနိုင်တော့သည်မှာ ယုံနိုင်စရာပင် အကြောင်းမရှိပါ။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ဘောလုံးက ရွှေတံဆိပ် (များ) ရဖို့ အထူး ပြင်ဆင်နေကြသည်။ ဘောလုံးနှင့် ပတ်သက် ၍ ထူးခြားချက် တချက်လည်း ရှိသေးသည်။ ယင်းအချက်မှာ ၁၉၉၅ ခုနှစ်တွင် ဆီးဂိမ်း၌ အမျိုးသမီး ဘောလုံးပွဲ စတင် ထည့်သွင်းပြီး ဘောလုံး ပြိုင်ပွဲထည့်သွင်း ကျင်းပသည့် အကြိမ်တိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ တကြိမ်မှ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိပါ။ ငွေနှင့် ကြေးသာ တဝဲလည်လည် ရှိနေခဲ့သည်။ သို့ရာတွင် အမျိုးသမီး ဘောလုံးအသင်းက တခြား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း၊ အာရှ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခြင်းတို့က မြန်မာအမျိုးသား ဘောလုံး အသင်းထက် သာသည်။ သို့ရာတွင် အားပေးခံရမှုက အမျိုးသား အသင်းများထက် နည်းသည်။
ယခုပင် ကြည့်ပါလေ။ ဆီးဂိမ်းဝင်မည့် ယူ ၂၃ လက်ရွေးစင် ပဏာမအသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့သို့ သွားပြီး လေ့ကျင့်မည်ဟုဆိုသည်။
ကမ္ဘာ့အဆင့် မဆိုထားနှင့် အာရှမှာပင် အဆင့်မရှိသည့် တရုတ်ပြည်သွားပြီး လေ့ကျင့်မည် ဆိုသည့်သတင်းမှာ တမျိုးကြီး ဖြစ်နေသည်။
ဆီးဂိမ်း ပြိုင်ဘက် အသင်းများက ဥရောပတိုက်ဘက် သွား၍ လေ့ကျင့်ရင်း ခြေစမ်း၊ ခြေစမ်းရင်း လေ့ကျင့်နေကြချိန်တွင် တရုတ်ပြည် သွားကျင့်မည် ဆိုခြင်းမှာ နည်းနည်း ထူးခြားနေသယောင်ယောင် ရှိသည်။
သို့ရာတွင် ဆီးဂိမ်းဝင်မည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးကျတော့ မအိမ်မြဲတို့ ဖြစ်နေကြသည်။ ဆီးဂိမ်း ရွှေတံဆိပ်မှာ အတူတူ ဖြစ်သည်။ အမျိုးသား ဘောလုံးအသင်းကို ချီးမြှင့်သည့် ရွှေတံဆိပ်က အလေးချိန် ပိုမစီးပါ၊ အရွယ်ပို မကြီးပါ၊ ဆုတွင် အမျိုးသား အမျိုးသမီး မခွဲခြားပါ။ ရွှေတံဆိပ် ရယူလိုလျှင် အမျိုးသမီးဘောလုံး အသင်းကိုလည်း အမျိုးသား အသင်း နည်းတူ မြှောက်စားသင့်သည်။ အားပေးသင့်သည်။
ရွှေဘောလုံး
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် မြန်မာ့မြေပေါ်တွင် ပြုလုပ်ခဲ့သည့် ကျွန်းဆွယ်ပွဲတွင် နှစ်ကြိမ်စလုံး နောက်ဆုံး ဗိုလ်လုပွဲ တက်သည်။ ၆၁ ကျွန်းဆွယ်ပွဲတွင် ငွေတံဆိပ်သာ ရသည်။ ၆၉ ကျွန်းဆွယ်ပွဲတွင်မူ ရွှေတံဆိပ် ရသည်။ ယခု နေပြည်တော် ဆီးဂိမ်းတွင် တတိယအကြိမ်မြောက် ဘောလုံးပြိုင်ပွဲ ဖြစ်သည်။
ရွှေတံဆိပ် ရလိုသောဆန္ဒ ရှိနေကြသည်။ ဝီရိယလည်း အထူး စိုက်ထုတ်လျှက် ရှိကြသည်။ ဆန္ဒနှင့် ဝီရိယ အတိုင်း အောင်မြင်မှုရမရကို သိရှိရန် အချိန်မဝေးတော့ပါ။
စောင့်မျှော်ကြပါစို့။ ။