အားကစား

ရွှေရောင် ရည်မှန်းချက်များ ပြန်လည် ရယူနိုင်ပါ့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော နှစ်ငါးဆယ်က ဒေသတွင်း အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ (Southeast Asian Peninsular –SEAP Games)တွင် မြန်မာနိုင်ငံသည် ထိပ်တန်းက ဗိုလ်စွဲခဲ့သည့် နိုင်ငံ ဖြစ်သည်။

ယခုအခါ အသက် ၆၄ နှစ်ရှိပြီ ဖြစ်သည့် အားကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးက အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ကျွန်းဆွယ်ပြိုင်ပွဲကို ကောင်းစွာ အမှတ်ရနေပြီး မိမိက ရွှေတံဆိပ် ရအောင်ယူပြမည်ဟု အာမခံခဲ့သည်ကိုလည်း မှတ်မိနေသည်ဟု ဆိုသည်။

“ကျန်တဲ့ အသင်းသားတွေကို ဦးဆောင်ရမှာက ကျမရဲ့ တာဝန်လေ” ဟု ပြိုင်ပွဲကျင်းပစဉ် ကာလက ရိုက်ကူးခဲ့သည့်  ၎င်း၏ ဓာတ်ပုံဟောင်းများကို ညွှန်ပြရင်း ဒေါ်ဂျနီဖာတင်လေးက ငယ်ဘဝကို ပြန်ပြောင်းပြောပြသည်။ “အသင်းသားတွေ ကို ဦးဆောင်ရတာ စိန်ခေါ်မှုကြီး တခုပါဘဲ။ အဲဒီတာဝန်ကို ယုံကြည်မှု အပြည့်နဲ့ ကျမ လက်ခံခဲ့တာပါ” ဟု သူက ဆို၏။

ဒေါ်ဂျနီဖာတင်လေးသည် အားကစား ပြိုင်ပွဲများ၌ အလွန်နာမည်ကြီးသည့် အားကစားသမား တဦးဖြစ်ပြီး ရွှေတံဆိပ် ဆုများရှင်လည်း ဖြစ်သည်။ သူသည် ၁၉၆၅ မှ ၁၉၈၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အားကစား ပြိုင်ပွဲများ၌ သံလုံးပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု ဆက်တိုက်ရရှိခဲ့ပြီး သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု ရရှိခဲ့သည်။

အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၉ ခုနှစ်တွင် ဒုတိယနှင့် နောက်ဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့ကို အသင်းဝင်အဖြစ် လက်ခံခဲ့ကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ထိုနှစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅၇ ခု ချီးမြှင့် ပေးပြီး ထိုင်းနိုင်ငံက ဆုပေါင်း ၃၂ ဆု၊ စင်ကာပူက ၃၁ ဆု အသီးသီးရရှိကာ ပြိုင်ပွဲကို ဦးဆောင်သွားကြသည်။

တရုတ်နိုင်ငံ ဘေကျင်းတွင် ၂၀၀၈ ခုနှစ်တွင် ကျင်းပသည့် အိုလံပစ် ပွဲတော်၌ အနိုင်ရ အောင်ပွဲခံနိုင်သဖြင့် တရုတ်တို့ ပျော်မြူးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဓနသဟာယ အားကစားပွဲတော် ကျင်းပခဲ့ရာ ပြိုင်ပွဲကျင်းပရေး စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အတွက် အိန္ဒိယနိုင်ငံသားများ မျက်နှာငယ်ခဲ့ကြရသည်။ ဤသို့ မျက်နှာငယ်ကြရသည့် အတွက် အိန္ဒိယ နိုင်ငံသား များသည် ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် မျှော်လင့်ခဲ့ကြသည်။ လုံ့လပြုခဲ့ကြသည်။

မြန်မာနိုင်ငံသည်လည်း ဆယ်စုနှစ် ၄ ခုကြာ အထီးကျန်ဖြစ်နေခဲ့ပြီးနောက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု သရဖူ ဆောင်းနိုင်ရန် ကျွမ်းကျင်မှု၊ ခွန်အားဗလ၊ သူရသတ္တိများဖြင့် အကြိမ်ကြိမ် လေ့ကျင့်မှသာ အောင်မြင်မှု ရလာဒ် ပေါ်ထွက်မည်ဟု ကောင်းစွာ သိရှိ ယုံကြည်ထားသဖြင့် မြန်မာနိုင်ငံသားများ အစွမ်းကုန် လေ့ကျင့်နေကြသည်ကို တွေ့ရ၏။ မြန်မာတို့သည်လည်း တရုတ်၊ အိန္ဒိယနိုင်ငံသားများ နည်းတူ အောင်မြင်မှုကို ငံ့လင့်နေကြသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို ယခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ ဤပွဲတော်တွင် ရွှေတံဆိပ် အခု ၁၀၀ ရရှိရန် မြန်မာတို့ မျှော်မှန်းထားပြီး အဆိုပါ ဆုတံဆိပ် အရေအတွက်မှာ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား၌ ရရှိခဲ့သည့် တံဆိပ်အရေအတွက်ထက် ၈၄ ခု ပိုများသည်။ ရရှိခဲ့သည့် တံဆိပ်များမှာလည်း လှေလှော်၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ သိုင်း စသည့် ပြိုင်ပွဲများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၇ ခု ရရှိခဲ့သည်။

ရွှေတံဆိပ်ရအောင် လေ့ကျင့်ကြစို့

“လှေလှော်၊ မြှားပစ်၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို ပြိုင်ပွဲတွေမှာ ကျနော်တို့ ရွှေတံဆိပ် ရနိုင်တယ်လို့ ယုံကြည်တယ်” ဟု မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးမြတ်သူက ဆိုသည်။

ဦးမြတ်သူ၏ အားကစားပွဲများနှင့် ပတ်သက်၍ အကောင်းမြင်ချက်ကို ဒေါ်ဂျနီဖာတင်လေးက မည်သို့မျှ မှတ်ချက် မပေးသော်လည်း နှစ်ပေါင်းများစွာ နိုင်ငံရေး အထီးကျန်မှုက မြန်မာ့ အားကစားလောကကို အောက်ခြေအထိ ကျရှုံးသွားစေတာ ဖြစ်ကြောင်း ပြောဆိုသည်။

ဒေါ်ဂျနီဖာတင်လေးက “ရွှေတံဆိပ် ဆိုတာ ဆိုင်က သွားဝယ်လို့ ရတာမှ မဟုတ်တာ”ဟု ပြောသည်။ “အားကစား လေ့ကျင့်ဖို့  ဆိုရာမှာလည်း ဘာ အထောက်အကူပစ္စည်းမှ မရှိဘဲ ဘယ်လိုဖြစ်နိုင်မှာလဲ။ ပစ္စည်းရယ် လူရယ် နှစ်မျိုး အချိုးကျ ပေါင်းစပ်ယူနိုင်မှ ဖြစ်မှာပါ။ ဘယ်လို အားကစားမျိုးမဆို ပေါ့။ အားကစားသမားကောင်း တယောက် ဖြစ်လာဖို့ အချိန်တိုတိုလေး လေ့ကျင့်ရုံနဲ့ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ အနည်းဆုံး ၂ နှစ်၊ ၃ နှစ်လောက် လေ့ကျင့်ရမှာပေါ့” ဟု ရှင်းပြသည်။

သူမ ကိုယ်တိုင် ကျွမ်းကျင်သည့် သံလုံးပစ်၊ သံပြားဝိုင်းပစ် အားကစားနည်းများကို စံနမူနာထား၍  လိုက်နာခဲ့သည့် စည်းကမ်းများ၊ လေ့ကျင့်ခဲ့သည့် အားကစားနည်းစနစ်များအကြောင်း အကျယ်တဝင့် ရှင်းပြသည်။ ကျွမ်းကျင်သူများ၏ လေ့ကျင့်ပေးမှုက အလွန်ကို အရေးကြီးကြောင်းလည်း သုံးသပ်ပြောပြသည်။

အိမ်နီးနားချင်း နိုင်ငံများကို အမီလိုက်နိုင်ရန် ဘောလုံးသမားများအား နိုင်ငံတော် အစိုးရက လေ့ကျင့်ပေးနေသကဲ့သို့ အခြားသော အားကစားသမားများကိုလည်း လေ့ကျင့်ပေးသင့်သည်ဟု ဒေါ်ဂျနီဖာတင်လေးက ပြောဆိုသည်။

မြန်မာနိုင်ငံကို စစ်အာဏာရှင် ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ သည်။ ထိုမှ တဖန် ၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြန်သည်။ ထိုသို့ စစ်အာဏာရှင်စနစ်ဖြင့် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့မှုကြောင့် တိုင်းပြည် ဆင်းရဲမွဲတေပြီး အထီးကျန်နိုင်ငံ ဖြစ်လာရသည်။ ထို အချက်များကြောင့် မြန်မာနိုင်ငံသည် အားကစား ပြိုင်ပွဲများကို နိုင်ငံတော်မှ မချီးမြှောက်နိုင်တော့ပဲ အားကောင်းမောင်းသန် အားကစားသမားများလည်း မပေါ်ထွက်လာနိုင်တော့ချေ။

ဓာတ်ပုံဟောင်းများကို ညွှန်ပြရင်း ဒေါ်ဂျနီဖာတင်လေးက ငယ်ဘဝကို ပြန်ပြောင်းပြောပြသည် (ဓာတ်ပုံ – မွန်မွန်မြတ်)

ဒေါ်ဂျနီဖာတင်လေးက “ အသက် နှစ်ဆယ်အရွယ် အားကစားသမား ဘဝမှာ အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့။ ဒါပေမယ့် ဘာ လူမှုရေး ပြဿနာ၊ ဘာ စီးပွားရေး ပြဿနာမှ မရှိပါဘူး။ ရတဲ့ လစာလေးနဲ့ အဆင်ပြေပြေ နေသွားလို့ ရတာပဲလေ။ ကျမက အားကစား လုပ်ရတာ ပျော်တော့ အားကစား သမား ဖြစ်လာတယ်” ဟု ပြောဆိုသည်။

မျက်မှောက်ခေတ်တွင်မူ ကလေးငယ်များသည် ကျောင်း၊ ကျူရှင်နှင့် ဗီဒီယို ဂိမ်းဆိုင်များ၌သာ အချိန်ကုန်နေသဖြင့် ကစားချိန် မရှိတော့ပေ။ စာသင်ကျောင်းများရှိ ကစားကွင်းများသည်လည်း စားသောက်ဆိုင်များ ဖြစ်လာသည်။ ထို့ကြောင့် အလားအလာကောင်းသည့် အားကစားသမားများ ပေါ်ထွန်းလာအောင် မည်သို့ မွေးထုတ်နိုင်မည်နည်း ဟူသော မေးခွန်း ဖြစ်လာရသည်။

အားကစားပွဲနှင့် ရိုးရာ

မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း)တွင် အားကစားနည်း ၃၃ မျိုးနှင့် ရွှေတံဆိပ် ၄၆၀ ပါဝင်မည်ဟု မြန်မာတို့ မျှော်မှန်းထားသည်။ သို့သော်လည်း အိုလံပစ် အားကစားပြိုင်ပွဲများတွင် ပါဝင်ထည့်သွင်း ထားသည့် တင်းနစ်နှင့် ကျွမ်းဘား တို့ကို ဖယ်ရှားပြီး ရိုးရာ အားကစားနည်းများ ထည့်သွင်း ကျင်းပရန် စသည့် ကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာတို့ ပြင်းပြင်းထန်ထန် အဝေဖန်ခံရသည်။ ရိုးရာ အားကစားနည်းများကို ပြည်တွင်း အားကစားသမားများက ပိုမို နှစ်ခြိုက်သည်ဟု ဝေဖန်သူများက ပြောဆိုသည်။

ထိုင်းနိုင်ငံ အိုလံပစ် ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် ဂျာဇက်အာရီရက်ချာကရန် က ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့သည် မကြာခင်က ကျင်းပသည့် အစည်းအဝေး၌ ပြိုင်ပွဲတွင် တင်းနစ်နှင့် ကျွမ်းဘား အားကစားနည်း ထည့်သွင်းရန် မြန်မာတို့အား စည်းရုံးနိုင်ခြင်း မရှိပါ ဟု ဆိုသည်။

“ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးမှာ ထိုင်းနိုင်ငံက ကိုယ်စားလှယ် အားလုံးက ဒီ အားကစားနည်း ၂ ခုကို ထည့်သွင်းကစား ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံက အားကစားသမားတွေ အနေနဲ့ အခြား စီမံခန့်ခွဲမှု အပိုင်းမှာ မပြင်ဆင်ရသေးကြောင်း၊ အဆင်သင့် မဖြစ်သေးကြောင်း ပြောတယ်” ဟု ဗိုလ်ချုပ် ဂျရက်က ရှင်းပြသည်။

ထည့်သွင်းကစားမည့် အားကစားနည်းများတွင် အချို့သော အားကစားများမှာ အိုလံပစ် အားကစား ပြိုင်ပွဲတွင် ပါဝင်နေခြင်းကြောင့် ရေးဆွဲထားသည့် ပြိုင်ပွဲစာရင်းကို သူ သဘောမတူပါ ဟု ဗိုလ်ချုပ် ဂျရက်က ပြောဆိုသည်။

“မြန်မာတွေဟာ အပြည်ပြည်ဆိုင်ရာ အားကစားနည်း မဟုတ်တဲ့ အားကစားနည်းတွေကို ဒီပြိုင်ပွဲအတွက် ထည့်သွင်းနေပါ တယ်။ ဆီးဂိမ်းကြောင့် မြန်မာတွေရဲ့ နှစ်လိုဖွယ် အရည်အသွေးတွေ ပျောက်ကုန်တယ်” ဟု ဗိုလ်ချုပ်က ထပ်မံ ပြောဆို သည်။

ဘောလီဘော၊ ဖူဆယ်နှင့် လက်ဝှေ့ အားကစားသမားများကို လေ့ကျင့်ပေးဖို့ ထိုင်းနည်းပြ ၃၂ ဦး စေလွှတ်ပေးရန် မြန်မာတို့က အကူအညီတောင်းခံကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

နောက်ဆုံး ရေးဆွဲထားသည့် အစီအစဉ်အရ ဆီးဂိမ်းတွင် ဗိုဗီနမ် ခေါ် ဗီယက်နမ် ရိုးရာ အားကစားနည်း၊ ကမ်ပိုခေါ် အားကစားနည်း ၂ ခု အပါအဝင် အားကစားနည်း ၃၃ မျိုးကို ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲ၌လည်း ယင်း အားကစားနည်းများ ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အတွင်းရေမှူး ဦးမြတ်သူရက “မြန်မာတွေဟာ သူတို့ နှစ်သက် အားပေးတဲ့ အားကစားနည်း တွေကို ရွေးတယ်။ ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပဖို့ ပြင်ဆင်တယ် ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို အားကစားနည်း ပါရမယ်၊ ဘယ်လို အားကစားနည်း မပါရဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောမတူဘဲ ဆုံးဖြတ်လို့ မရပါဘူး။ ဒီတော့ အခြားနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုမှုတွေကို ကျနော် ငြင်းဆိုတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အဖွဲ့ဝင်နိုင်ငံ အားလုံး ပါဝင်ဆွေးနွေးတာကို ကျနော် လိုချင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေ .. သူတို့ နှစ်သက်တဲ့ အားကစားနည်းတွေ ထည့်သွင်းနိုင်ဖို့ ကျနော်တို့ အခွင့်အရေးတွေ ပေးထားပါတယ်။ ဥပမာ ကျနော်တို့ဆီမှာ ကမ်ပို အားကစားနည်း အဖွဲ့ချုပ်မရှိဘူး။ ကမ်ပို အားကစားသမားလည်း မရှိဘူး။ အဲဒီလို မရှိပေမယ့် ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတွေအတွက် ဒီ ကမ်ပို အားကစားနည်း ထည့်သွင်းထားတာ တွေ့မှာပါ” ဟု အကျယ်တဝင့် ပြောဆိုသည်။ ကမ္ဘောဒီးယားနှင့် လာအိုတွင် ယင်း အားကစားသမားကောင်းများ ရှိပြီး ရွှေတံဆိပ် ရနိုင်မည်ဖြစ်သည်။

“ရိုးရာ အားကစားနည်းကို ထည့်သွင်းကျင်းပဖို့ ကျနော်တို့ တောင်းဆိုတဲ့ အားကစားနည်းကလည်း ပိုက်ကျော်ခြင်းလို့ ခေါ်တဲ့ ခြင်းလုံး အားကစားနည်းပါ။ တကယ်က ဒီ အားကစားနည်းက ကျနော်တို့ ရိုးရာ အားကစားနည်းလည်း မဟုတ်ပါ ဘူး” ဟု ဦးမြတ်သူရက ရှင်းလင်း ပြောဆိုသည်။

“ပြိုင်ပွဲမှာကျနော်တို့ ထည့်သွင်းထားတဲ့ သတ်ပုတ်ကစားရတဲ့ အားကစားနည်းတွေဟာ အိုလံပစ် အားကစားပြိုင်ပွဲနဲ့ အာရှ အားကစား ပြိုင်ပွဲတွေမှာ ပါတဲ့ အားကစားနည်းတွေပါ။ ကျနော်တို့ရဲ့ ရိုးရာ အားကစားနည်းတွေ မဟုတ်ဘူး” ၎င်းက ပြောဆိုသည်။

ပြိုင်ပွဲတွင် တင်းနစ်နှင့် ကျွမ်းဘားကိစ္စ အကြေအလည် ဆွေးနွေးကြောင်း ဦးမြတ်သူရက ဝန်ခံပြောဆိုသည်။ ယင်း အားကစားနည်း ၂ ခုကို ပြိုင်ပွဲတွင် မထည့်ရန် ဆုံးဖြတ်ကြောင်း ဆက်လက် ပြောဆိုသည်။

“ကျနော်တို့ တင်းနစ်ကွင်းတွေ အချိန်မီ မဆောက်နိုင်ဘူး၊ ကျွမ်းဘား အားကစားနည်း အတွက်လည်း ဘတ်ဂျက် အလုံအလောက် မရှိဘူး။ နောက်တချက်က တင်းနစ်နဲ့ ကျွမ်းဘားမှာ ကျနော်တို့ အရမ်းအားနည်း တယ်”ဟု သူက ပြောဆိုခဲ့သည်။

အသက် ၈၂ နှစ်အရွယ် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြိုင်ပွဲတွင် အားကစားနည်း ၂ မျိုး ထုတ်ပယ်လိုက်သည့် အတွက် ဝေဖန်လိုက်သည်။

“ကျနော်တို့ နိုင်ငံဟာ ၁၉၆၉ ခုနှစ် အရှေ့တောင် အာရှကျွန်းဆွယ် အားကစား ပြိုင်ပွဲမှာ ကျွမ်းဘား အားကစားကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံပါ။ အဲဒီတုန်းက ကျနော်တို့ ရွှေတံဆိပ် ၂ ခု ရခဲ့တယ်” ဟု အတိတ်ကို ပြန်တွေးကာ သတိတရ ပြောသည်။

“အစိုးရက ဘယ်လို စိတ်ကူးနဲ့ ဒီ အားကစားနည်း ၂ မျိုးကို ပြိုင်ပွဲမှာ မထည့်တာလဲ မသိဘူး။ တင်းနစ်ကွင်းတွေ လုံလုံလောက်လောက် မရှိဘူးလို့ ပြောတာလည်း ရှက်စရာပါ။ ရန်ကုန်မှာ တင်းနစ်ကွင်းတွေ တပုံကြီး ရှိတယ်။ နေပြည်တော်မှာ တင်းနစ်ကွင်း မရှိဘူးလို့ ပြောရင်တော့ သူတို့ ပြောတာ မှန်ပါလိမ့်မယ်” ဟု ဦးခင်မောင်ထွေးက က မှတ်ချက်ချသည်။

ဆီးဂိမ်းတွင် နှစ်သက်ရာ ရိုးရာ အားကစားနည်းများ ထည့်သွင်းခြင်းကြောင့် ဝေဖန်မှုများနှင့် ပထမဆုံး ရင်ဆိုင်ရသည့် နိုင်ငံမှာ မြန်မာနိုင်ငံ မဟုတ်။ အခြား နိုင်ငံများသည်လည်း ဤကဲ့သို့ပင် အဝေဖန် ခံခဲ့ရသည်ဟုလည်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် ထိုင်းနိုင်ငံသည် အားကစားနည်း အသစ်တခု ထည့်သွင်းခဲ့သဖြင့် ဝေဖန်ခြင်း ခံခဲ့ရသည်။

အားကစားနှင့် နိုင်ငံ့သိက္ခာ

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံ အဖြစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် အခြားသော နိုင်ငံများ၏ ဝေဖန်မှုကို ခံယူရင်း ပထမဆုံး အကြိမ် ပြန်လည် ကျင်းပမည့် အားကစား ပြိုင်ပွဲများမှတဆင့် မည်မျှ အောင်မြင်မှုလမ်းကြောင်းပေါ်သို့  တက်လှမ်းနိုင်မည်နည်း ဟူသည့်မေးခွန်းကို ဖြေဆိုရန် အရေးကြီးလာပြီဖြစ်သည်။

“အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးဟာ လက်ခံကျင်းပတဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုသာ မြင့်မားစေတာ မဟုတ်ပါဘူး၊ နိုင်ငံအတွက် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်ပါတယ်” ဟု သမဂ္ဂ အပတ်စဉ် ဂျာနယ်မှ ကိုချစ်ဝင်းမောင်က ပြောဆိုသည်။

“အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ပို့ဆောင်ရေး၊ ရေကောင်း ရေသန့် ရရှိရေး၊ စွမ်းအင် စတာတွေ လုံလုံလောက်လောက် မရှိဘူးဆိုရင်  ကျနော်တို့ နိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းဟာ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ပွဲတွေလို အဆင်ပြေ ချောမွေ့မှာ မဟုတ်ဘူး” ဟု ဆက်ပြောသည်။

ရွက်လှေပြိုင်ပွဲအတွက် အဆောက်အဦးများ ဆောက်လုပ်ရန် ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေရှိ မြေ ၂၈ ဟက်တာကို လျာထားသည်။ ထိုဒေသတွင် နေထိုင်သူများက မြေသိမ်းခံရသဖြင့် မကျေမနပ် ဖြစ်နေသည်။ ထို့ကြောင့် အရှုပ်အရှင်း ဖြစ်နေသော မြေပေါ်တွင် ရွက်လှေပြိုင်ပွဲအတွက် အဆောက်အဦးများ ဆောက်လုပ်နေသည်ဟု ဆိုရမည်။

ဆောက်လုပ်ရေးလုပ်ငန်းကို အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့် ဦးစီးသည့် ရန်ကုန်အခြေစိုက် “မြင့်နှင့် အဖွဲ့” ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေပြီ ဖြစ်သည်။ ဦးမိုးမြင့်သည် မြန်မာနိုင်ငံ ရွက်လှေအသင်း၏ ဥက္ကဋ္ဌ ဖြစ်သည်ဟု မြန်မာတိုင်း သတင်းဂျာနယ်၏ သတင်းများအရ သိရသည်။

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် အဓိက ဆောက်လုပ်မည့် အဆောက်အဦးများမှာ ဘက်စုံသုံး အားကစား ကွင်း တခု၊ လူ ၃၀၀၀၀ ဆံ့ ဘောလုံးကွင်းတခု၊ ရေထဲတွင် ကစားရသည့် အားကစားနည်းများ ပြုလုပ်နိုင်သည့် အားကစား ကွင်း တခု စသည့် အဆောက်အဦးများ ပါဝင်သည်။ အားကစားပွဲများအတွက် ကုန်ကျမည့် ခန့်မှန်းရသုံးငွေ စာရင်း ရှင်းတမ်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

ထို့အပြင် အားကစားသမားများအတွက် အားကစားရွာတခုကိုလည်း ဆောက်လုပ်လျက်ရှိသည်။ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ဦးအေးမောင်က အားကစား ပြိုင်ပွဲအတွက် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကို လွှတ်တော်က အတည်ပြု ပေးပြီးပြီဟု ယမန်နှစ် နှောင်းပိုင်၌ ထုတ်ဖော်ပြောဆိုသည်။ ဤသို့ ခွင့်ပြုငွေများ ချထားပေးပြီး ဖြစ်သော်လည်း ရန်ပုံငွေများ ထပ်မံလိုအပ်ဦးမည်ဟု သိရသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးမြတ်သူရက အတွင်းပိုင်း ဆောက်လုပ်ရေး လုပ်ငန်းများ ၉၀ % ပြီးစီးလျက် ရှိပြီး အပြင်ပိုင်း ဆောက်လုပ်ရေး လုပ်ငန်းများ ၆၀% ပြီးစီးနေပြီးဟု ဆိုသည်။

“ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကို မေလမှာ ကျနော်တို့ အဆုံးသတ်နိုင်လိမ့်မယ်။ နေပြည်တော်မှာ ဆောက်တဲ့ အားကစားကွင်းကြီးဟာ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ဖို့ ရေရှည်အကျိုးများမယ့် အဆောက်အဦးတွေပါ” ဟု ၎င်းက ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အားကစား အဆင့်အတန်း တော်တော်ဝေးဝေးမှာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ အားကစား ကဏ္ဍ တိုးတက်ဖို့ ကျနော်တို့ စီမံထားတာပါ။ နေပြည်တော်မှာ ရှိတဲ့ အားကစားကွင်းနဲ့  အဆောက်အဦးတွေမှာ ကျနော်တို့ အဖွဲ့ဝင်နိုင်ငံတွေက အားကစားသမားတွေနဲ့ အတူ ပူးတွဲလေ့ကျင့်မယ်၊ နောက်ပြီးတော့ ဒီ အားကစားကွင်းကို အပြည်ပြည်ဆိုင်ရာ အားကစား လေ့ကျင့်ကွင်းအဖြစ် အသုံးပြုရမယ်။ အားကစား အစီအစဉ်တွေလည်း ကျင်းပ အသုံးပြုမယ်” ဟု ဦးမြတ်သူရက အကျယ်တဝင့် ရှင်းလင်းပြောဆိုသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက  အားကစားနှင့် ကာယပညာကျောင်း တကျောင်းတွင် နည်းပြအဖြစ် ဆောင်ရွက်နေသူ ဒေါ်ဂျနီဖာတင်လေးသည် အားကစားလေ့ကျင့်မှုကိစ္စကို ကောင်းစွာနားလည်သူ ဖြစ်သည်။ ၎င်းက “အားကစား ဆိုတာ ယှဉ်ပြိုင်ခြင်းက အဓိကပါ” ဟု ဆိုသည်။ ဆက်လက်၍ တကယ်လို့ တာဝန်ရှိသူတွေက ဒီ အားကစား ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့  ခိုင်းလာရင် ရွက်လှေပြိုင်ပွဲမှာ လုပ်အားပေးဖို့ အဆင့်ရှိနေတဲ့အကြောင်း စိတ်အား ထက်ထက်သန်သန်နဲ့ ပြောဆိုသည်။

(ဘန်ကောက်ပို့စ် သတင်းစာပါ SEA Games 2013: Challenges take shine off golden ambitions ဆောင်းပါးကို စာရေးသူ ခွင့်ပြုချက်ဖြင့် တင်မောင်ယုက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading