အားကစား

ဆီးဂိမ်းအကြို ရွက်လှေပြိုင်ပွဲ ငွေဆောင်ကမ်းခြေတွင် ကျင်းပ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) အကြိုအဖြစ် မြန်မာ အမျိုးသား တံခွန်စိုက်ရွက်လှေပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေမှာ ဧပြီလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပပါတယ်။

နှစ်တိုင်းမှာ အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲကို ပြည်တွင်းပြိုင်ပွဲအဖြစ်နဲ့ပဲ ရန်ကုန်မြို့က အင်းယားကန်မှာ ကျင်းပခဲ့တာပါ။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံအပြင် တခြားအိမ်နီးချင်းနိုင်ငံတွေကို ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ခဲ့ရာမှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယစတဲ့နိုင်ငံများက ရွက်လှေအားကစားအဖွဲ့တွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

SEA Games အကြိုပြိုင်ပွဲကို ရည်ရွယ်ချက် ၂ ရပ်နဲ့ ကျင်းပတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်က ဧရာဝတီကို ပြောပါတယ်။

“ပထမရည်ရွယ်ချက်က ဆီးဂိမ်းမတိုင်မီ မြန်မာရွက်လှေ ကစားသမားတွေရဲ့ လက်ရည်ကို သိနိုင်ပြီး လိုအပ်တာတွေ ပြုပြင်ဖြည့်ဆည်းနိုင်ဖို့ပါ။ ဒုတိယအနေနဲ့ကတော့ ပြိုင်ပွဲဝင် အသင်းများအနေနဲ့ ပြိုင်ပွဲကျင်းပမယ့် ငွေဆောင် ပင်လယ်ပြင်ရဲ့ ပြိုင်ပွဲဆိုင်ရာအခြေအနေ၊ သတင်းအချက်အလက်တွေကို သိလိုကြမှာ ဖြစ်တဲ့အတွက် ထိတွေ့သိရှိဖို့ အခွင့်အရေးကို အိမ်ရှင်နိုင်ငံအနေနဲ့ စီမံဖန်တီးပေးဘို့ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီလိုအခွင့်အရေးမပေးရင် အိမ်ရှင်အနေနဲ့ တဖက်သတ် အခွင့်အရေးယူ အနိုင်ယူသွားတဲ့ တရားမျှတမှု မရှိတဲ့ ပြိုင်ပွဲတရပ်အဖြစ် ဆီးဂိမ်းသမိုင်းမှာ အမဲစက်ထင်မှာကို ကျနော်တို့ မလိုလားပါဘူး”လို့ သူက ပြောပါတယ်။

လက်ရှိကျင်းပနေတဲ့ ဆီးဂိမ်းအကြိုပွဲမှာ ရွက်လှေပြိုင်ပွဲ အမျိုးအစား ၉ မျိုးပါဝင်ပြီးတော့ အိမ်ရှင် မြန်မာနိုင်ငံက ကစားသမား ၃၇ ဦး ပါဝင်ယှဉ်ပြိုင်နေပြီး မလေးရှားက ၁၉ ဦး၊ အင်ဒိုနီးရှားက ၁၁ ဦး၊ ထိုင်းက ၁၀ ဦး၊ စင်္ကာပူက ၈ ဦးနဲ့ အိန္ဒိယနိုင်ငံတို့က ၁ ဦး ပါဝင် ယှဉ်ပြိုင်ပါတယ်။

ပြိုင်ပွဲအမျိုးအစား ၉ မျိုးထဲမှာ မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ Half Rater လှေအမျိုးအစား တခုထည့်သွင်းထားပြီး တရားမျှတစေရေးအတွက် Half Rater ပြိုင်ပွဲအတွက်လှေများကို အိမ်ရှင်မြန်မာအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံအားလုံး မဲနှိုက်ရွေးချယ်ကာ ယှဉ်ပြိုင်စေဖို့ စီမံထားကြောင်း ဦးမိုးမြင့်က ပြောပါတယ်။

ဒီပြိုင်ပွဲကနေတဆင့် ဆီးဂိမ်းအတွက် လက်ရွေးစင်ကစားသမားတွေ ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ မိမိတို့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပေမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရဖို့ အာမခံချက်မပေးနိုင်ကြောင်း မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က နည်းပြဦးသန်းစိန်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ကိုယ့်မြေကိုယ့်ရေမှာ အကောင်းဆုံး လေ့ကျင့်ထားပါတယ်။ အိမ်ရှင်ဆိုတော့ အားသာချက်ရှိပေမယ့် ရွက်လှေအားကစားမှာ ရေ၊ လှိုင်း၊ လေ၊ ရာသီဥတု အခြေအနေက အရမ်းအရေးကြီးပါတယ်။ ပင်လယ်မှာက ရေစီးကြောင်းတွေက စီးချင်သလိုစီးနေတာ။ ဒီနေ့နဲ့ မနက်ဖြန်တောင် တူတာမဟုတ်ပါဘူး။ အဲတော့ အကောင်းဆုံးတော့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် ရွှေတံဆိပ် ဘယ်နှစ်ဆုရမယ်ဆိုတာတော့ အာမခံချက်မပေးနိုင်ပါဘူး”လို့ သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က မြန်မာနည်းပြ ၄ ဦးနဲ့ နိုင်ငံခြားသားနည်းပြ ၇ ဦး ခန့်အပ်ထားပြီး ကစားသမားတွေကို လေ့ကျင့်သင်ကြားပေးနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၆၁ ခုနှစ်ကကျင်းပတဲ့ ၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာမှာ ရွက်လှေအားကစားနည်းကို ပထမဆုံး ထည့်သွင်းကျင်းပခဲ့တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

မြန်မာတိုင်းမ်ဂျာနယ်၏ သတင်းတပုဒ်တွင် ရွက်လှေပြိုင်ပွဲအတွက် အဆောက်အဦးများ ဆောက်လုပ်ရန် ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေရှိ မြေ ၂၈ ဟက်တာကို လျာထားခဲ့ကြောင်း၊ ထိုဒေသတွင် နေထိုင်သူများက မြေသိမ်းခံရသဖြင့် မကျေမနပ် ဖြစ်နေကြကြောင်း၊ ထို့ကြောင့် အရှုပ်အရှင်း ဖြစ်နေသော မြေပေါ်တွင် ရွက်လှေပြိုင်ပွဲအတွက် အဆောက်အဦများ ဆောက်လုပ်နေကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading