အားကစား

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်သွားတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်

This article has been converted from Zawgyi One to Unicode

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ကစားခဲ့ရာမှာ တူရကီကလပ် ဂလက်တာ စာရေးအသင်းနဲ့ စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး တဖက်ပွဲစဉ်မှာတော့ ဂျာမန်ကလပ် ဒေါ့မွန်နဲ့ စပိန်ကလပ် မာလာဂါ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အားမတန်၍ မာန်လျှော့လိုက်ရတဲ့ တူရကီကလပ်

(ဂလက်တာစာရေး ၃ – ၂ ရီးယဲလ်မက်ဒရစ်)

ပထမအကျော့ စပိန်၊ ဘာနေဘောင်းကွင်းမှာ ၃ ဂိုးပြတ် အနိုင်ယူထားတဲ့ ရီးယဲလ်မက်ဒရစ်ဟာ ဒုတိယအကျော့ ပွဲစဉ်မှ ဂလက်တာစာရေး အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်  ၂ ကျော့ပေါင်းရလဒ် (၅-၃) နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ရီးယဲလ်အသင်းဟာ ပထမအကျော့မှာ ဂိုးပြတ်အနိုင် ရရှိထားပေမယ့် အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပြီး မော်ရင်ညိုအနေနဲ့တပည့်ဟောင်း ရှနိုက်ဒါ၊ ဒရော့ဘာတို့ရဲ့ အန္တရာယ်ကို ကြိုမြင်ခဲ့ဟန်ရှိပါတယ်။ ပထမပိုင်း ၈ မိနစ်မှာတင် စီရော်နယ်ဒိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပွဲဟာ ပြီးဆုံးသွားပြီလို့ထင်ရပေမယ့် အံ့အားသင့်လောက်အောင် ဒုတိယပိုင်းမှာ ဂလက်တာစာရေးရဲ့ ကစားပုံဟာကောင်းမွန်ခဲ့ပါတယ်။

အထူးသဖြင့် ရှနိုက်ဒါနဲ့ မယ်လိုဟာ ကွင်းလယ်ပိုင်းမှာ ရီးယဲလ်အသင်းအား အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့ပြီး ဒရော့ဘာဟာလည်း ရီးယဲလ်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် ၅၇ မိနစ်မှာ အာဆင်နယ် ကစားသမားဟောင်း အီဘိုယေးက ဂိုးစတင် သွင်းယူပေးပါတယ်။ ဒီဂိုးဟာ ယခုနှစ် ချန်ပီယံလိဂ်မှာ အလှဆုံးဂိုးလို့ ဆိုရလောက်အောင် စကိုင်းစပေါ့ ပွဲကြေညာသူက ပြောဆိုသွားပါတယ်။ နောက်ထပ် ၁၅ မိနစ်မှာပဲ ရှနိုက်ဒါနဲ့ ဒရော့ဘာတို့က ရှေ့ဆင့်နောက်ဆင့် ၁ ဂိုးစီ သွင်းယူပေးပြီး နောက်ထပ် ၂ ဂိုးရရင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာမို့ အတင်းအားသွန် ကစားခဲ့တာကြောင့် ရီးယဲလ်နောက်တန်းလူတွေ အလုပ်များခဲ့ပြီး ပွဲပြီးခါနီးမှာ အာဘယ်လိုအာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အလားတူပဲမိနစ် ၉၀ မှာ ရီးယဲလ်အသင်းရဲ့ အဆုံးအဖြတ် ဂိုးတွေကို သွင်းယူပေးနေတဲ့ တောင်ပံ ကစားသမား စီရော်နယ်ဒိုက ဒီပွဲရဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဂလက်တာစာရေး မည်သို့မျှ မတတ်နိုင်တော့ဘဲ အလျှော့ပေးလိုက်ရပါတယ်။

ချန်ပီယံလိဂ် ပရိသတ်တွေ အတွက်တော့ အတော်ကို ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းပွဲအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – Reuters)

ချန်ပီယံလိဂ် မှော်ဝင်ညများထဲက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲ

(ဒေါ့မွန် ၃ – ၂ မာလာဂါ)

အဝါရောင် ဂျာမန်တို့ရဲ့ အရှုံးကနေ အနိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ စိတ်ဓာတ်က ချီးကျူးစရာပါ။ ပထမ အကျော့တုန်းက မာလာဂါကွင်းမှာ ဂိုးမရှိ သရေကစားခဲ့တာကြောင့် နှစ်ဖက်အသင်းစလုံး ကိုယ်စီ အခွင့်အရေးရှိခဲ့သလို ပွဲချိန်အတွင်း မာလာဂါဟာ အကြိမ်ကြိမ် ဦးဆောင်ဂိုးတွေ သွင်းယူပြီးမှ ဒေါ့မွန်အသင်းဟာ နောက်ကျ ချေပဂိုးတွေနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မာလာဂါ အသင်းဟာ ယခုနစ်မှ ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ပြိုင်ဖူးတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

ပထမပိုင်းအစမှာတင် ဧည့်သည်အသင်း မာလာဂါက အဖွင့်ဂိုးရရှိခဲ့ပြီး ဂျိုးကွင်းက ကိုက် ၂၀ အကွာကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ ဒေါ့မွန်အသင်း တိုက်စစ်မှူး လီဝန်ဒေါင်းစကီးက ချေပဂိုး သွင်းယူပြီး ပထမပိုင်းမှာ ၁-၁ နဲ့ သရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာ ၂ ဖက် အသင်းစလုံး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ၈၂ မိနစ်ကြမှ မာလာဂါ ကစားသမား အီလီဆူးက ဂိုးသွင်းယူခဲ့တာကြောင့် အိမ်ရှင်ပရိသတ်တွေ ခဏတာ ဆံွ့အကုန်ကြပါတယ်။ ဒါပေမယ့် ဒေါ့မွန် အသင်းဟာ ပုံမှန်အတိုင်း ထိန်းကစားပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ရာမှာ မိနစ် ၉၀ အရောက် ရီးယော့စ်က ချေပဂိုး သွင်းယူအပြီး တဆက်တည်း ဆိုသလို ဆန်တာနာက နောက်ထပ် တဂိုး သွင်းယူတာကြောင့် ပွဲဟာ ၁ မိနစ်အတွင်း ပြောင်းပြန်ဖြစ်သွားပြီး ဒေါ့မွန် အသင်းဟာ ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့ ဒေါ့မွန်အသင်းရဲ့ ဂိုးတွေဟာ မိနစ် ၉၀ နောက်ပိုင်းမှ သွင်းယူခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်း အနေနဲ့ ယခုနစ်မှာ ရှုံးပွဲ လုံး၀ မရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဒေါ့မွန်နည်းပြ ဂျာဂန် ကလော့ပ်က “ကျနော်နဲ့ ကျနော့်လက်ထောက်တွေ အားလုံး အဝတ်အစားလဲခန်းထဲမှာ တဦးနဲ့တဦး ကြောင်ပြီးကြည့်ကာ အချိန်အတော်ကြာ ရပ်နေခဲ့ပါတယ်။ အားလုံးဟာ ရူးသွပ်စွာခံစားမှုကို တပြိုင်နက်ထဲ ခံစားလိုက်ရသလို ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲမျိုး တခါမှ မကြုံဖူးပါဘူး” ဟု ဆိုကာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရင်ဖွင့်သွားခဲ့ပါတယ်။

ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်များ

ဘာစီလိုနာ – ပီအက်စ်ဂျီ
ဂျုဗင်တပ်စ် – ဘိုင်ယန်မြူးနစ်

ကိုးကား – Skysports

Loading