၆ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ် တက်တဲ့စံချိန်နဲ့ဘာစီလိုနာ
ဘာစီလိုနာ ၁ – ၁ ပီအက်စ်ဂျီ
ဒဏ်ရာကြောင့် ပွဲထွက်လူစာရင်းမှာ မပါခဲ့တဲ့ မက်ဆီဟာ လူစားလဲ ဝင်ရောက်လာပြီး ဘာစီလိုနာ အသင်းအတွက် အနိုင်ပွဲရအောင် ဖန်တီးပေးခဲ့ပြန်ပါတယ်။ ပထမအကျော့ ပြင်သစ်မြေမှာ ကန်တုန်းက တဖက် ၂ ဂိုးစီ နဲ့ သရေကျခဲ့တာကြောင့် နောက်တဆင့်တက်ရေးဟာ အခွင့်အရေး ညီတူရှိခဲ့ပြီး ပီအက်စ်ဂျီ နည်းပြ အန်စလော့တီ ဟာလည်း ပြင်သစ်အသင်းနဲ့ ဖလားယူဖို့ နည်းဗျုဟာပိုင်းမှာ အတော်ကို ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။
ပထမပိုင်းမှာ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းရဲ့ နောက်တန်းဟာ ပိုမိုမာကျောခဲ့ပြီး ဘာစီလိုနာ အသင်းအနေနဲ့ ဂိုးရဖို့ အတော်ကို အကျပ်ရိုက်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အာဂျင်တီးနား ကစားသမား ဂျာဗီးယား ပက်စတိုးလ်ရဲ့ ဂိုးနဲ့ ပီအက်စ်ဂျီအသင်း ဦးဆောင်ဂိုးရပါတယ်။
ဂိုးပေးခံရပြီးတာနဲ့ ဘာစီလိုနာ အသင်းဟာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖာဘရီဂက်စ်အစား မက်ဆီကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ မက်ဆီ ဝင်လာတယ်ဆိုရင် ဘာကာရဲ့ တိုက်စစ်ဟာ ပိုမိုအသက်ဝင်လာပြီး မိနစ် ၇၀ မှာ မက်ဆီ ဖန်တီးပေးတဲ့ အလုံးကနေ ပက်ဒရိုက ဂိုးသွင်းယူသွားတာကြောင့် ဘာစီလိုနာအသင်း ချေပဂိုးရရှိပါတယ်။ လက်ကျန် အချိန်တွေမှာ ၂ ဖက်အသင်းစလုံး ဂိုးရရှိဖို့ ကြိုးစားခဲ့သလို လူစားလဲမှုအချို့လည်း ပြုလုပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ပွဲပြီးခါနီး ဘက်ခမ်းကို ထည့်သွင်းကစားစေပြီး ဂါမီရိုးကိုလည်း လာဗက်ဇီနဲ့လဲကာ တိုက်စစ်ဆင် ကစားစေပေမယ့် အနည်းငယ် နောက်ကျသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ၂ ပွဲပေါင်း ရလဒ် ၃-၃ နဲ့ ဘာစီလိုနာက အဝေးဂိုး အသာရကာ နောက်တဆင့်ကို တက်ရောက်သွားနိုင်ပါတယ်။
ဘာစီလိုနာအတွက်တော့ ဒီပွဲအနိုင်ရလဒ်ဟာ စံချိန်တခု တင်ခဲ့ပြီး ၆ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ဖူးတဲ့ ပထမဦးဆုံး ကလပ်အသင်းအဖြစ် သမိုင်းဝင်သွားပါတယ်။ ဒါ့အပြင် စပိန် ၂ သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ဘာစီလိုနာ အသင်းတို့ဟာ ၂၉ ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်းတွေအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
၄ နှစ်အတွင်း ၃ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ ဘိုင်ယန်
ဂျူဗင်တပ်စ် ၀ – ၂ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဂျုဗင်တပ်စ် အသင်းအား သက်တောင့်သက်သာ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက် သွားပါတယ်။ ဂျာမန်လိဂ်မှာ ချန်ပီယံဖြစ်သွားပြီဖြစ်တဲ့ ဘိုင်ယန်အသင်းဟာ ဖိအားကင်းကင်းနဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်နေတာကြောင့် ဂျုဗင်တပ်စ် အသင်းအနေနဲ့ လူအင်အားပိုင်း၊ နည်းဗျုဟာပိုင်းတွေမှာ မယှဉ်နိုင်ပဲ ၂ ကျော့စလုံး ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးတွေသွင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အီတလီ အသင်းပီပီ ခံစစ်ပိုင်းကို အားထားကစားတာကြောင့် ဘိုင်ယန် အသင်းအနေနဲ့ ထိုးဖောက်ခွင့် သိပ်မရရှိခဲ့ဘဲ ရရှိထားတဲ့ ပထမအကျော့ ရလဒ်ကို အားပြုပြီး ထိန်းကစားသွားဖို့ ကြံရွယ်ခဲ့တာကို တွေ့ရပါတယ်။
ဒုတိယပိုင်း မိနစ် ၆၀ ကျမှ ဒီနှစ် အသစ်ဝယ်ယူထားတဲ့ မန်ဇူကစ်က အဖွင့်ဂိုး သွင်းယူပေးပါတယ်။ ဂျုဗီတပ်စ် အသင်းအတွက် နစ်နာခဲ့ရတာကတော့ ပီယာလိုရဲ့ လှပတဲ့ ကန်ချက်ကို ဘိုင်ယန် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပြီး ကွာဂလီယယ်လာရဲ့ ကန်ချက်ဟာလည်း တိုင်ထိ ထွက်သွားခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ ဝါရင့်ကစားသမား ပစ်ဇာရိုက ဘိုင်ယန် အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ဘိုင်ယန် အသင်းက ဂျုဗင်တပ်စ် အသင်းအား ၂-၀ ရလဒ်နဲ့ အနိုင်ရရှိကာ ၂ ကျော့ပေါင်း ရလဒ် ၄-၀ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။
ထူးခြားမှုအနေနဲ့ ဘိုင်ယန်အသင်းဟာ ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်ခြင်းဖြစ်သလို ဂျာမနီ ကလပ် ဘိုင်ယန်နဲ့ဒေါ့မွန်တို့ကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် ပထမဦးဆုံး ဂျာမန် ၂ သင်း ဆီမီးဖိုင်နယ် တက်လာတဲ့စံချိန်ကိုလည်း ရရှိသွားပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မကြာခင်မှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး ပရိသတ်ကြီးအနေနဲ့ ဂျာမန် ကိုယ်စားပြု ၂ သင်း၊ စပိန် ကိုယ်စားပြု ၂ သင်းတို့ မည်သို့မည်ပုံ ထိပ်တိုက်တွေ့ကြမည်ကို စောင့်မျှော်ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။
ကိုးကား – BBC