ဧပြီလဆန်းပိုင်းက စာရေးသူထံသို့ မြန်မာပြည် မြေလတ်ပိုင်းတွင် နေထိုင်သော ငယ်စဉ်က အားကစားလောကတွင် အတူလက်တွဲခဲ့ဖူးသည့် အားကစား မိတ်ဆွေမလေး တဦးက ဖုန်းဖြင့် လှမ်းပြီး ဆက်သွယ်ခဲ့သည်။
သူက ဧပြီလ ၅ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ ၁ တွင် ပြည်ထောင်စု အားကစား ဝန်ကြီး ဦးတင့်ဆန်းက ၁၉၅၉ ခုနှစ် ပထမ ကျွန်းဆွယ် ပြိုင်ပွဲမှစကာ ပြီးခဲ့သည့် ၂၀၁၁ ဂျကာတာ ဆီးဂိမ်းအထိ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး ရွှေ ငွေ ကြေး တံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် မြန်မာဂုဏ်ဆောင် အားကစား မောင်မယ်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားများ ချီးမြှင့်မည့် အခမ်းအနား အတွက် တက်ရောက်ရန် ဆုတံဆိပ်ရှင်များကို ဖိတ်ကြားကြောင်း၊ စာရေးသူအား “ဘာ သိထားပါသလဲ” ဟု မေးပါသည်။
စာရေးသူကလည်း ဘာမှ မသိကြောင်း ပြန်ဖြေပါသည်။ သူရော ဘယ်လို သိပါသလဲဟု ပြန်မေးရာ သူက ရန်ကုန်မြို့နေသူ ကစားဖော်တဦးက သတင်းစာထဲတွင် ကြော်ငြာပါသည်ဟု ပြောကြောင်း၊ သတင်းစာမှာ မတ်လ ၂၇ ရက်နေ့ထုတ် သတင်းစာ ဖြစ်ကြောင်း ပြောပါသည်။ စာရေးသူက ဒါဖြင့်ရင်လည်း အဲဒီသတင်းစာ ရှာကြည့်ဟု ပြန်ပြောရာ သူက သတင်းစာ မဝယ်ကြောင်း ပြောပါသည်။ ဒါဖြင့်ရင်လည်း အိမ်နီးနားချင်း တွေဆီက ငှားမယ်ပေါ့။ စာရေးသူက ဘာမှမသိရ ကြောင်း ပြန်ပြောလိုက်သည်။
ခဏကြာတော့ သူ့ ဖုန်းပြန်ဝင်လာပါသည်။ သတင်းစာ ထဲမှ ကြော်ငြာအရ နေပြည်တော် ဝန်ကြီးဌာနသို့ ဦးစွာ ဆက်သွယ် စာရင်းပေးရမည် ဖြစ်ကြောင်း၊ ယင်းနောက် ဧပြီ ၅ ရက်တွင် သုဝဏ္ဏအမျိုးသား အားကစားရုံ ၁ သို့ တက်ရောက်ရမှာ ဖြစ်ကြောင်း ပြောပါသည်။
စာရေးသူက သွားရောက် သတင်းယူမည် ကြံပါသော်လည်း ဖိတ်စာ မပါလျင် ဝင်ခွင့် မရမည် စိုးသဖြင့် မသွားဖြစ်ခဲ့ပါ။
တီဗွီ၊ ဂျာနယ်နှင့် သတင်းစာထဲပါသည့် သတင်များအရ မြန်မာနိုင်ငံတွင် တကြိမ်တခါမျှ ကျင်းပခဲ့ခြင်း မရှိသေးသော အားကစားဆိုင်ရာ အခမ်းအနားကြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပသည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးကြသော အားကစား မောင်မယ် ပြည်ထောင်စု အားကစား ဝန်ကြီးက ဂုဏ်ပြုပွဲမှာ ယခုထက် ပိုမို စည်ကားသင့်သည်။ တတိုင်းပြည်လုံးမှ တက်သစ်စ အားကစား သမားများ၊ အားကစား ဝါသနာရှင် ပြည်သူများ မျက်ဝါးထင်ထင် ကြည့်ရှုသိမြင်နိုင်အောင် ရုပ်မြင် သံကြားမှ တိုက်ရိုက် လွှင့်ထုတ်ပေးရန် စီစဉ်သင့်သည်။
ဆုတံဆိပ်ရ အားကစား သမားပေါင်း ၄၀၀ ကျော်၊ ၅၀၀ နီးပါးကို တကြိမ်တခါတည်း ဂုဏ်ပြုခြင်းမှာ မြန်မာနိုင်ငံတွင်သာ မက ကမ္ဘာပေါ်မှာပင် ပထမဆုံး အကြိမ် ဖြစ်မည် ထင်သည်။
ရွှေဆုရှင်
နိုင်ငံတကာတွင်မူ အားကစား ပြိုင်ပွဲတွင် ပထမရသူ (ဝါ) ရွှေတံဆိပ် ရှင်များကို သာ ဂုဏ်ပြုလေ့ရှိကြသည်။ မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ရှှင်များသာ မက ငွေနှင့် ကြေး တံဆိပ်ဆုရှင်များကို ဂုဏ်ပြုခြင်းမှာ ထူးခြားချက် ပင်ဖြစ်သည်။
ပြည်ထောင်စု အားကစား ဝန်ကြီး၏ စေတနာနှင့် ရက်ရောမှုပင် ဖြစ်သည်။ စာရေးသူ အနေဖြင့် ဖြစ်သင့်သည်ကို ဆွေးနွေးတင်ပြ လိုသည်။ မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ခဲ့ကြရာတွင် အဆင့် ၃ ဆင့် ခွဲခြားသင့်သည်။ ပထမ အဆင့်မှာ ကမ္ဘာ့အဆင့်နှင့် ကမ္ဘာ့အိုလံပစ် အဆင့်ဟု သတ်မှတ်လိုသည်။
ဒုတိယ အဆင့်မှာ အာရှ အားကစား ပွဲတော် အဆင့်ဟု သတ်မှတ်သင့်သည်။
တတိယအဆင့်မှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP) နှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA GAMES) ဟူ၍ ဖြစ်သည်။
ကမ္ဘာ့အဆင့် ပြိုင်ပွဲတွင် ဆုရရှိသူမှာ ထွန်းမောင် (အလေးမ) တယောက်တည်းသာ ရှိသေးသည်။ ၁၉၅၄/၅၅ ခုနှစ်များ အလေးမ ပြိုင်ပွဲတွင် နှစ်ကြိမ်စလုံး တတိယ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွင်မူ ဆုတံဆိပ်ပင် မရသေးလင့်ကစား အိုလံပစ် မှတ်တမ်းဝင် မြန်မာ အားကစားသမား ရှိခဲ့ဖူးသည်။
အလေးမတွင် ထွန်းမောင်နှင့် ထွန်းကြွယ်၊ အောင်ကြီး၊ လက်ဝှေ့တွင် သိန်းမြင့်နှင့် တင်ထွန်း၊ မြန်မာလက်ရွေးစင် ဘောလုံး အသင်းတို့မှာ ကမ္ဘာ့အိုလံပစ် မှတ်တမ်းဝင် အားကစား သမားမှားနှင့် အားကစား အသင်းတို့ ဖြစ်သည်။
အထက်ဖော်ပြပါ အားကစား သမား တချို့သည် အာရှ အားကစား ပွဲ ရွှေတံဆိပ်ရှင်များလည်း ဖြစ်ကြသည်။
အာရှအဆင့် (ဝါ) အာရှ အားကစားပွဲတွင်မူ မြန်မာနိုင်ငံက ထိုက်သင်သော ဆုတံဆိပ်များ ဆွတ်ခူးသည့် မြန်မာအားကစား သမားကြီးများ ရှိကြသည်။
၁၉၅၁ (၁၉၅၀) တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာရှ အားကစားပွဲတွင် မြန်မာ အလေးမသမား ၃ ဦး ဖြစ်သည့် မောင်မောင်လွင် (ရန်ကုန်)၊ သိန်းဟံ (ရေနံချောင်း)နှင့် ဘသိန်း (မန္တလေး) တို့မှာ ကြေးတံဆိပ် ကိုယ်စီ ဆွတ်ခူးနိုင်ခဲ့ကြ သည်။
မြန်မာ့ အားကစား လောကအတွက် အာရှ အဆင့် အားကစား ပြိုင်ပွဲတွင် ပထမဆုံး ဆုတံဆိပ် ရရှိခြင်းပင် ဖြစ်သည်။
၁၉၅၄
ဒုတိယအကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲကို ၁၉၅၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည်။
မြန်မာ ဘောလုံးအသင်းသည် အုပ်စုပွဲတွင် ပထမရပြီး အကြိုဗိုလ်ပွဲ တက်သည်။ တောင်ကိုးရီးယား အသင်းနှင့် သရေကျသည်။ မဲနှိုက်ရာ ရှုံးသည်။ တတိယ လုပွဲအဖြစ် အင်ဒိုနီးရှား အသင်းနှင့် ကစားရသည်။ ၅း၄ ဂိုးဖြင့် နိုင်သည်။ တတိယ ကြေးတံဆိပ် ရသည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အာရှအဆင့် ပြိုင်ပွဲတွင် ဦးစွာပထမ ဆုရရှိခြင်း ဖြစ်သည်။
လက်ဝှေ့ပြိုင်ပွဲတွင် အေးကိုက ကြေးတံဆိပ်ရသည်။ အာရှ အားကစား ပြိုင်ပွဲတွင် လက်ဝှေ့အားကစား ပထမဦးစွာ ဆုတံဆိပ် ရခြင်းပင်ဖြစ်သည်။
ရွှေမြန်မာ
၁၉၅၄ မနီလာ အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာအလေးမ သမား နှစ်ဦးဖြစ်သည့် ဖယ်သာ ဝိတ်တန်းမှ ထွန်းမောင်နှင့် ဟဲဗီးဝိတ်တန်းမှ မောင်မောင်လွင်တို့က ဆွတ်ခူးရရှိသည်။ အာရှ အားကစား ပြိုင်ပွဲတွင် ဈေးဦးပေါက် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်းဖြစ်သည်။
၁၉၅၈
တတိယ အကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲကို ၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည်။
လက်ဝှေ့ပြိုင်ပွဲတွင် သိန်းမြင့်က ရွှေတံဆိပ် ရသည်။ မြန်မာလက်ဝှေ့ အားကစား အတွက် ပထမဆုံး ရွှေတံဆိပ်ဆု ဖြစ်သည်။ အခြား လက်ဝှေ့သမား နှစ်ဦး ဖြစ်သည့် လှညွန့်က ငွေတံဆိပ်နှင့် စတင်လေမဂျစ်က ကြေးတံဆိပ် ရသည်။
ပြေးခုန်ပစ်သမား မီတုန်နော်က မာရသွန် အပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ရသည်။ နိုင်ငံတကာ အာရှအဆင့် ပြိုင်ပွဲတွင် ပြေးခုန်ပစ် အနေဖြင့် ပထမဆုံး ဆုတံဆိပ်ရခြင်း ဖြစ်သည်။
တင်မောင်နီ
၁၉၆၂ တွင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှ အားကစားပွဲမှာ ပြဿနာနှင့် ပွဲ ဖြစ်သည်။ အိမ်ရှင် အင်ဒိုနီးရှားက ထိုင်ဝမ် (တရုတ်တိုင်ပေ)နှင့် အစ္စရေး နိုင်ငံတို့အား ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့ချုပ် အချို့က ပြိုင်ပွဲ ကျင်းပခွင့် ပိတ်ပင်ခဲ့သည်။
ရေကူးပြိုင်ပွဲ မီတာ ၄၀၀ နှင့် မီတာ ၁၅၀၀ အလွတ်ကူး ပြိုင်ပွဲ နှစ်ပွဲတွင် ကမ္ဘာ့အဆင့်မီ ဂျပန်ရေကူးသမားများကို ကျော်ဖြတ် အနိုင်ယူပြီး ရွှေတံဆိပ် နှစ်ဆုရသည်။
ပြေးခုန်ပစ် အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် မြင့်မြင့်အေးက ငွေတံဆိပ် ဆွတ်ခူးသည်။
အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး တဦး ပထမဆုံး ဆုတံဆိပ် ရရှိခြင်းဖြစ်သည်။
ပဉ္စမအကြိမ်
ပဉ္စမအကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည်။ မြန်မာလက်ရွေးစင် ဘောလုံး အသင်းက နောက်ဆုံးဗိုလ်လုပွဲတွင် အီရန်အသင်းကို ဘပု ပို့ပေး၍ အောင်ခင် ကန်သွင်းသော ဂိုး ၁ ဂိုးတည်းဖြင့် နိုင်ပြီး၊ ရွှေတံဆိပ်ရသည်။ အာရှ အားကစား ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆု ရခြင်း ဖြစ်သည်။
အမျိုးသား တဦးချင်း ကြက်တောင်ရိုက် ပြိုင်ပွဲ တတိယနေရာ လုပွဲ၌ ကြည်ညွန့် (မန္တလေး)က ဂျပန်ချန်ပီယံကို အနိုင်ကစားပြီး တတိယ ကြေးတံဆိပ်ရသည်။ သေနတ်ပစ် အသင်းလိုက် ပြိုင်ပွဲမှ ကြေးတံဆိပ် ၂ ဆု၊ ဝင်းမောင် (လက်ဝှေ့) က ၁ ဆုရခဲ့သည်။
ရွှေသုံးဆု
၁၉၆၆ ခုနှစ် အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပသည်။ မြန်မာနိုင်ငံက ဘောလုံး၊ ပြေးခုန်ပစ်နှင့် ရွက်လှေ ပြိုင်ပွဲတို့တွင် ပထမ ရကြသည်။
ဘောလုံးအသင်းက ဒုတိယအကြိမ်မြောက် ဆက်တိုက် ရွှေတံဆိပ်ကို တောင်ကိုးရီးယားနှင့် ပူးတွဲရရှိခြင်း ဖြစ်သည်။
ပြေးခုန်ပစ်သမား ဂျင်မီက မီတာ ၈၀၀ တွင် ရွှေတံဆိပ်၊ မီတာ ၁၅၀၀ တွင် ကြေးတံဆိပ်ဆုရသည်။ မြန်မာပြေးခုန်ပစ် အားကစားနည်း အတွက် ပထမဆုံး ရွေ တံဆိပ် ရရှိခြင်း ဖြစ်ပြီး မြန်မာ အပြေးသမား ဂျင်မီကရင်တန် ကလည်း အားကစားပွဲ တပွဲတည်းမှာ ဆုတံဆိပ် ၂ ဆုရ ပထမဆုံးသော ပြေးခုန်ပစ် အားကစား သမား ဖြစ်သည်။ ရွက်လှေ ပြိုင်ပွဲတွင်လည်း ခင်သိန်းနှင့် ထူးူမောင်ကြီး အတွဲက ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ဝူရှူးမယ်
ယင်းနောက်တွင် ကျမှ ဝူရှူးမယ် ခိုင်ခိုင်မော်က ရွှေတံဆိပ် ၁ ခု ဆွတ်ခူးသည်။ တောင်ကိုးရီးယား နိုင်ငံ ဘူဆန် ၁၄ ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အားကစားသမား တဦး အနေဖြင့် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူး နိုင်ခြင်းဖြစ်သည်။
ကြိုဆိုပါသည်
မြန်မာနိုင်ငံတွင် ယခင်က အားကစား ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အားကစား အသင်း၊ အားကစား သမားများကို ဂုဏ်ပြု ချီးမြှင့်ခြင်းများ ရှိခဲ့ဖူးသည်။ ယခုကဲ့သို့ ၆၅ နှစ် (၁၉၄၈ မှ ၂၀၁၁) အတွင်း ကျွန်းဆွယ်ပြိုင်ပွဲ (SEAP)၊ အာဆီယံ အားကစား ပြိုင်ပွဲ (SEA GAMES)၊ အာရှ အားကစား ပြိုင်ပွဲနှင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများတွင် ဆုတံဆိပ် (ရွှေ၊ ငွေ၊ ကြေး) ဆွတ်ခူးခဲ့သူများအား တပေါင်းတည်း၊ တစုတည်း ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားမျိုး ကျင်းပခြင်းမျိုး မရှိခဲ့ဘူးပါ။
၂၀၁၃ ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံ ၁ တွင် ပြည်ထောင်စု အားကစား ဝန်ကြီးဌာန က အောင်ပွဲရ မြန်မာ အားကစား သမား မောင် မယ်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားမှာ မြန်မာ့ အားကစား သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။
ပထမဆုံး အကြိမ်ဖြစ်သည့် အားလျော်စွာ လိုအပ်ချက် လစ်ကွက် ဟာကွက်များ ရှိနေမည်မှာ အမှန်ဖြစ်သည်။ ပမာအားဖြင့် အာရှ အားကစားပြိုင်ပွဲတွင် ယခုအချိန် အထိ ရွှေတံဆိပ် ဆွတ်ခူးထားသည့် ဝူရှူးအားကစားမယ် ခိုင်ခိုင်မော် တက်ရောက်လာခြင်း မရှိမှု၊ မြန်မာနှင့် ကျွန်းဆွယ် တုတ်ထောက်ခုန် ချန်ပီယံ (ဦး) စိုးမရ၊ ကျွန်းဆွယ် ရေကူးပြိုင်ပွဲ ရွှေတံဆိပ် ၃ ဆုရှင် (ဦး) နန္ဒကျော်၊ ကျွန်းဆွယ် သံလုံးပစ် ချန်ပီယံ စောဆာလောလ တို့လည်း တက်ရောက်သည့် စာရင်းထဲတွင် မတွေ့ရပါ။
အချို့ချို့သော ဆုရ အားကစားရှင်များလည်း အလှမ်းမမီသည့် နေရာတွင် ရောက်ရှိနေကြမည် ထင်ပါသည်။ နောက်တခါ ထပ်မံ၍ အားကစား ဂုဏ်ပြုပွဲကြီး ကျင်းပလျှင်မူ ယခု ပထမအကြိမ်ထက် ပိုမိုစည်း သိုက်မြိုက် ခမ်းနားပြီး ဆုတံဆိပ်ရှင်များ လည်း စုံစုံလင်လင် တက်ရောက်နိုင်ရန် စီစဉ်သင့်ပါသည်။
သိသမျှ
ပြည်ထောင်စု အားကစား ဝန်ကြီးဌာနက ကျင်းပသည့် ပထမဆုံး အကြိမ်မြောက် အားကစား ဂုဏ်ပြုချီးမြှင့်ပွဲ သတင်းများကို ဖတ်ရှုရပြီးနောက် စာရေးသူ မှတ်မိသမျှ အာရှအဆင့် ရွှေတံဆိပ် ဆုရှင် အချို့ကို တင်ပြခြင်း ဖြစ်ပါသည်။
အမျိုးသမီး ပိုက်ကျော်ခြင်း အဖွဲ့လည်း အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်ကို မှတ်မိနေသော်လည်း ကျင်းပသည့် ခုနှစ်နှင့် ပါဝင်ယှဉ်ပြိုင်ကြသူများ အမည်များကိုမူ ရှာဖွေ ရရှိခြင်း မရှိသဖြင့် သက်ဆိုင်သူများက ခွင့်လွှတ်ကြ စေချင်ပါသည်။။