သင်္ကြန်ရက်အတွင်း အပြင်မထွက်ဖြစ်။ အခန်းအောင်းကာ ပြည်တွင်းပြည်ပမှ ထုတ်လွှင့်သည့် ရုပ်သံများ ထိုင်ကြည့်နေမိသည်။
ဧပြီ ၁၅ ရက်တွင် မမျှော်လင့်သော သတင်းဆိုးကြီးကို မျက်ဝါးထင်ထင် ကြည့်လိုက်ရသည်။ အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ် ဘော်စတွန်မြို့တွင် ကျင်းပနေသည့် မာရသွန် အပြေးပြိုင်ပွဲကို ဗုံးခွဲ တိုက်ခိုက်သည့် သတင်းပင်ဖြစ်သည်။
မာရသွန် အပြေးသမားများ ပြေးနေကြသည်ကို တိုက်ရိုက် ပြသနေသည့် ရုပ်သံ များမှာ ချက်ချင်းပင် ဗုံးကွဲသည့် သတင်းကို ပြောင်းပြကြရသည်။
ဗုံးပေါက်ကွဲပုံ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ သတင်းမီဒီယာသမားများက ဗုံးပေါက်သည့်နေရာဆီသို့ အပြေး အလွှား သွားနေကြပုံ၊ လမ်းပေါ်တွင် ပြေးနေသည့် မာရသွန်သမား တဦး လဲကျသွားပုံ၊ ဒဏ်ရာရသူများကို သယ်ယူကြပုံ စသည့် သတင်းများမှာ နိုင်ငံခြား ရုပ်သံ သတင်းဌာနအားလုံး တို့တွင် ကြည့်ရှုနေကြရသည်။
အစောပိုင်း သတင်းများအရ လူသုံးယောက် သေပြီး လူ ၁၃၀ ခန့်ဒဏ်ရာရသည်ဟု သိရသည်။ ဒဏ်ရာရသူများထဲတွင် ညီအကိုအရင်း ၂ ယောက်ပါသည်။ ခြေထောက်တချောင်းစီ ပြတ်သွားသည်ဟု ဆိုသည်။
သေဆုံးသူများထဲတွင် မိခင်၊ အစ်ကို၊ အစ်မများနှင့် ဖခင် ပြေးသည်ကို လာရောက်ကြည့်ရှု အားပေးသူ ကလေးငယ် တယောက်လည်း ပါသည်ဟု သတင်းများတွင် ဖော်ပြကြသည်။
ဘော်စတွန် မာရသွန်
ဘောစတွန် မာရသွန် အပြေးပြိုင်ပွဲမှာ နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ နှစ်ပေါင်း ၁၁၆ နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ၁၈၉၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ် အားကစားပွဲတွေကို ၁၈၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ယင်း အေသင် အိုလံပစ်တွင် မာရသွန် အပြေးပြိုင်ပွဲကို စတင်ထည့်သွင်းခဲ့သည်။
သို့ဖြစ်ရာ ၁၈၉၇ ခုနှစ်တွင် ကျင်းပသော မာရသွန် အပြေးပြိုင်ပွဲမှာ ခေတ်သစ် အားကစားလောကတွင် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။ မာရသွန် အပြေး တမျိုးတည်းကိုသာ ကျင်းပသည့် မာရသွန် ပြိုင်ပွဲများတွင် ပထဆုံး ကျင်းပသည့် ပြိုင်ပွဲလည်း ဖြစ်သည်။
ပထမဆုံးအကြိမ် ကျင်းပသည့် ဘော်စတွန် မာရသွန် ပြိုင်ပွဲတွင် နယူးယောက်မြို့သား ဂျွန်ဂျေမက်ဒါမော့ ဆိုသူက ၂ နာရီ ၅၅ မိနစ်နှင့် ၁၀ စက္ကန့် ပြေးပြီး ပထမရခဲ့သည်။
ဘော်စတွန်မာရသွန် ပြိုင်ပွဲတွင် ၁၉၇၂ ကျမှ အမျိုးသမီး ပြိုင်ပွဲ ထည့်သွင်း ကျင်းပပေးခဲ့သည်။
ဘော်စတွန် မာရသွန်ပြိုင်ပွဲသည် ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များကပင် မတားဆီးနိုင်ခဲ့ပါ။ မဖျက်ဆီးနိုင်ခဲ့ပါ။
၁၈၉၇ မှ ၂၀၁၃ ခုနှစ်အထိ တနှစ်မပျက် ကျင်းပလာခဲ့ရာ ယခုနှစ်ကျမှ သွေးဆာနေသည့် လူသတ်သမားများက အပြစ်မဲ့ ပြည်သူများနှင့် အားကစား သမားများကို ရက်ရက်စက်စက် ဗုံးခွဲ၍ လုပ်ကြံသတ်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။
တတိယအကြိမ်
သွေးငတ်နေသူ၊ သွေးဆာနေသူ အကြမ်းဖက်သမားများက ငြိမ်းချမ်းရေး၏ သင်္ကေတ ဖြစ်သော အားကစား ပြိုင်ပွဲကို ပြောင်ပြောင်တင်းတင်း စော်ကား ရန်မူလာခဲ့ကြသည်မှာ ဘောစတွန် မာရသွန်တွင် ကျူးလွန်မှုမှာ တတိယအကြိမ် ဖြစ်သည်။
ပထမ
အားကစား ပြိုင်ဝင်းနှင့် အားကစား ပြေးလမ်းကြောင်းများ ပထမဆုံး သွေးစွန်းစေခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုကြီးမှာ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်တွင် ဖြစ်သည်။
အကြိမ် ၂၀ မြောက် ကမ္ဘာ့အိုလံပစ် အားကစား ပွဲတော်ကို အနောက်ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၁၉၇၂ ခုနှစ် သြဂုတ်လ ၂၆ မှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှ အားကစား သမားပေါင်း ၇၁၇၃ ဦး တို့က ရွှေတံဆိပ် ၁၉၅ ခု အတွက် အပူအပင် အကြောင့်အကြ မရှိဘဲ ပျော်ရွှင်ချမ်းမြေ့စွာ ယှဉ်ပြိုင်နေခဲ့ကြသည်။
မြူးနစ် အိုလံပစ် ပြိုင်ပွဲကျင်းပ လာခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့တွင် ပါလက်စတိုင်း လက်နက်ကိုင် အကြမ်းဖက်သမား ၈၀ သည် အားကစားသမားများ နေထိုင်ရာ အိုလံပစ်ရွာ အိမ်တံခါးကို ဖောက်ထွင်း ဝင်ရောက်လာခဲ့ကြသည်။ အစ္စရေး အားကစားသမားများ နေထိုင်ကြသည့် အခန်းကို ဝင်စီးသည်။ အစ္စရေး အားကစား သမား ၂ ဦးကို နေရာတွင်ပင် ပစ်သတ်သည်။ ကျန် အစ္စရေး အားကစား သမားများကို ဓားစာခံအဖြစ် လုပ်သည်။
ပါလက်စတိုင်း လက်နက်ကိုင် အကြမ်းဖက်သမားများက အစ္စရေးနိုင်ငံတွင် ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား ၂၀၀ ကို လွှတ်ပေးရန်နှင့် သူတို့အား ဂျာမနီနိုင်ငံတွင်းမှ ဘေးမသီ ရန်မခ ပြန်လည် ထွက်ခွာခွင့် ပြုရန် တောင်းဆိုကြသည်။ ဂျာမနီ အစိုးရက သူတို့အား (ဓားစာခံများ အပါအဝင်) ပြန်လွှတ်ပေးမည်ဟု ဆိုကာ စစ်တပ်ပိုင် လေယာဉ်ကွင်းသို့ ပို့ပေးသည်။
ကားပေါ်မှ အဆင်း လေယာဉ်ပေါ် အတက်တွင် ဂျာမနီစစ်တပ်မှ လက်ဖြောင့်တပ်သားများက ဝိုင်းပစ်သည်။ ဓားစာခံ အစ္စရေး အားကစား သမား ၉ ယောက်စလုံး သေသည်။
ပါလက်စတိုင်း အကြမ်းဖက် သမား ၅ ဦးသေသည်။ ဂျာမန်ရဲတပ်သား တဦးသေသည်။ ပါလက်စတိုင်း အကြမ်းဖက်သမားများ လက်ချက်ကြောင့် မြူးနစ်အိုလံပစ် အားကစားပွဲ ၃၄ နာရီခန့် ရပ်တန့်ခဲ့ပြီးနောက် ပြန်လည်ကျင်းပခဲ့သည်။
အကြမ်းဖက်သမားများကြောင့် အိုလံပစ် အားကစားပွဲ ရပ်တန့်မသွားခဲ့ပါ။
ဒုတိယအကြိမ်
မြူးနစ် အိုလံပစ်ပွဲ ကျင်းပပြီးသည့် နောက် ၂၄ နှစ်အကြာ ၁၉၉၆ ခုနှစ်တွင် ၂၆ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ပွဲတော်ကို အမေရိကန် ပြည်ထောင်စု အတ္တလန္တာမြို့တွင် ကျင်းပသည်။ နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှ အားကစား သမားပေါင်း ၁၀၃၁၀ တို့က ဇူလိုင် ၁၉ မှ သြဂုတ် ၄ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြသည်။
အတ္တလန္တာ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီက အိုလံပစ် ပြိုင်ပွဲလာ ပရိတ်သတ်များ အပန်းဖြေ အနားယူနိုင်ရန် အိုလံပစ်ဥယျာဉ်တခု ဆောက်လုပ်ပေးသည်။ ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲ တေးဂီတပွဲများဖြင့် ဧည့်ခံသည်။ အိုလံပစ်လာ ပရိတ်သတ်များ စည်ကားသည့် နေရာလည်း ဖြစ်သည်။
ထိုအိုလံပစ်ဥယျာဉ် (Olympic Park) တွင် ဇူလိုင်လ ၂၇ ရက် အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားသည်။ အပြစ်မဲ့ ပြည်သူ တယောက်သေသည်။ လူ ၁၁၀ ထိခိုက် ဒဏ်ရာရသည်။ တရားခံ ရှာမတွေ့ပါ။ ပြဿနာ ရှင်းမရ သေးပါ။
မအောင်မြင်
မအောင်မြင်သော အားကစားကွင်းထဲမှ လူသတ်ပွဲကြီးတပွဲလည်း ရှိခဲ့သေးသည်။ ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ဖြစ်သည်။ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့တွင် ကစားမည့် အင်္ဂလန်အသင်းနှင့် တူနီးရှား အသင်းတို့ ကစားကြမည့် ပွဲကို အကြမ်းဖက်သမားတို့က ပစ်မှတ်ထားခဲ့ကြသည်။
ဘောလုံးကွင်းထဲတွင် နည်းမျိုးစုံ သုံးကာ ဝင်ရောက်ထားကြသည်။ အကြမ်းဖက်သမားများက ဘောလုံးကွင်းထဲတွင် ကစားနေကြသည့် အင်္ဂလိပ် ဘောလုံး အသင်းသားများ၊ ခုံတွင် ထိုင်နေကြသူများ အားလုံးကို မောင်းပြန် သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်မည်၊ သူတို့ မတိုက်ခိုက်ဘဲ ချန်ထားမည်ကတော့ မီဒီယာသမားများ ဖြစ်သည်။ မီဒီယာသမား များကို အထူးဘေးမဲ့ပေးထားသည်။ သို့မှသာလျှင် မာဆေးလ် လူသတ်ပွဲကြီးကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့ကြရမည် ဖြစ်သည်။
တပြိုင်တည်းမှာ အမေရိကန် ဘောလုံးအသင်းနှင့် ပြင်သစ် ဘောလုံးအသင်းကို ဝင်စီးမည်။ အားလုံးကို သတ်ပစ်မည်။ ဒါမှသာ သူတို့ကို တလောကလုံးက သိမ့်သိမ့်တုန်အောင် ကြောက်လန့်နေမည်။
သို့ရာတွင် ပြင်သစ်လုံခြုံရေး တာဝန်ရှိသူများ၊ ထောက်လှမ်းရေးများနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ပူးပေါင်းကာ ယင်း အကြံဆိုးကြီးကို ကြိုတင်၍ ရှင်းလင်း ဖယ်ရှားနိုင်ခဲ့သည်။
အိုစမာဘင်လာဒင်
ယင်းအကြံအစည်ဆိုးကြီး၏ မူလပိုင်ရှင်မှာ သွားလေသူ အိုစမာဘင်လာဒင် ဖြစ်သည် ဆို၏။
ယင်း အကြံဆိုးကြီးသာ အောင်မြင်ခဲ့ပါက ကမ္ဘာ့ အားကစား လောကအတွက် မတွေးဝံ့စရာပင် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ဘောလုံးပွဲများ အခိုက်အတန့် ရပ်တန့်သွားနိုင်သည်။
ယင်းအကြံအစည်ဆိုးကြီး ဖော်ထုတ် ရှင်းလင်းလိုက်ပြီးနောက် ၁၉ နှစ်အကြာတွင် ဘော်စတွန် မာရသွန် ဗုံးခွဲမှုကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့ရာတွင် မာရသွန်ပြိုင်ပွဲ တဝက်ကျိုးမှ ဗုံးထပေါက်၍ အထိအခိုက် မများခြင်း ဖြစ်သည်။
ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် အပြေးသမား နှစ်သောင်းကျော် ပါဝင်ယှဉ်ပြိုင်ရာ ပထမ၊ ဒုတိယ၊ တတိယမှ စကာ အပြေးသမားများ တသောင်းကျော် ပန်းဝင်ပြီးချိန် မာရသွန် အပြေးသမားများကို အားပေးသူ ထက်ဝက်ကျိုးချိန်ကျမှ ဗုံးပေါက်ကွဲသဖြင့် သက်သာရာ ရခြင်းဖြစ်သည်။
အကယ်၍သာ ယခုထက် စော၍ ဗုံးပေါက်ကွဲခဲ့လျှင် အထိအခိုက် အသေအပျောက် ယခုထက် ပိုများပြားနိုင်သည်။
မကြောက်
အကြမ်းဖက်သမားတို့က အားကစားကို လက်နက်ဖြင့် ခြိမ်းခြောက် သော်လည်း အားကစားကတော့ မကြောက်ပါ။ အဓမ္မသမားများကို ဓမ္မဖြင့် အနိုင်ယူကြမည် ဖြစ်သည်။
ငြိမ်းချမ်းရေး ချိုးငှက်ကို သွေးစွန်းစေခဲ့သော်လည်း ချိုးငှက်တောင်ပံ မကျိုးခဲ့ပါ။ ဆက်လက် ပျံသန်းနေဦးမည်သာ ဖြစ်၏။
ယခု ဧပြီလထဲမှာ ကျင်းပမည် ဖြစ်သည့် လန်ဒန် မာရသွန်ပြိုင်ပွဲကို မဖြစ်မနေ ကျင်းပသွားကြမည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော မာရသွန်ပြိုင်ပွဲများမှာ နယူးယောက် မာရသွန်၊ လန်ဒန် မာရသွန်၊ မော်စကို မာရသွန်၊ လော့စ်အိန်ဂျလိစ် မာရသွန်၊ ပါရီ မာရသွန်၊ ရော့တင်ဒမ်မာရသွန်၊ ချီကာဂို မာရသွန်၊ တိုကျို မာရသွန်၊ ဘေဂျင်း မာရသွန်း၊ ယင်းမာရသွန်ပြိုင်ပွဲများအနက်မှ အချို့ပြိုင်ပွဲများမှာ ကျင်းပပြီးစီးပြီ ဖြစ်သည်။
လက်မခံနိုင်
စာရေးသူသည် မည့်သည့် လက်နက်ကိုင်အကြမ်းဖက်များကို မည်သူက ကျူးလွန်သည် ဖြစ်စေ လက်မခံပါ။
အားကစား ပြိုင်ဝင်းနှင့် အားကစား ပြေးလမ်းများပေါ်တွင် သွေးအိုင်ထွန်းစေသည့် အကြမ်းဖက်မှုများကို လည်း ရှုတ်ချပါသည်။
တကမ္ဘာလုံးရှိ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက် ညှဉ်းပန်း ပစ်ခတ် သတ်ဖြတ်နေကြသည့် အကြမ်းဖက်သမားများကို ကမ္ဘာ့ပြည်သူတို့၏ စည်းလုံးညီညွတ်မှုဖြင့် အကြမ်းဖက်မှုများ လုံး၀ ပျောက်ကွယ်သွားရန် အတွက် ပြင်ဆင်ရန် အတွက် ပြင်ဆင်ချိန် တန်ပါပြီ။