မန်ချက်စတာ ယူနိုက်တက် (မန်ယူ) ဘောလံုံးအသင်းမှ ကစားသမားဟောင်း ၄ ဦး ပါဝင်သည့် ရန်ပုံငွေ ဘောလုံးပွဲကို ရန်ကုန် သုဝဏ္ဏ အားကစား ကွင်းတွင် ဇွန်လ ၉ ရက်နေ့၌ ကျင်းပရန်ကိစ္စအား ယနေ့ညနေ ၄ နာရီက Park Royal ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေပွဲအတွက် ဘောလုံး ခြေစမ်းပွဲ ကစားမည့် အစီအစဉ်အား နိုင်ငံတကာ ကုမ္ပဏီတခုဖြစ်သော CEA ကုမ္ပဏီက မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ကမ်းလှမ်းခဲ့မှုကြောင့် လက်ရှိ မြန်မာ့လက်ရွေးစင် ဘောလုံးသမားများနှင့် မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်းများပါဝင်သည့် ခြေစမ်းပွဲ ကစားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုခြေစမ်း ကစားပွဲတွင် ပါဝင်ကစားမည့် မန်ယူ ကစားသမားဟောင်း ၄ ဦးမှာ ဒင်းနစ်အာဝင်၊ အင်ဒီကိုးလ်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ဖြစ်ပြီး ၎င်းတို့သည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းကစားပွဲနှင့် ပတ်သက်၍ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဒါက လူမှုရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့ ပွဲဖြစ်တဲ့အတွက် လက်မှတ်ကို ကျပ် ၁ ထောင်နဲ့ ၅ ရာလောက်ပဲ သတ်မှတ်မယ်လို့ စီစဉ်ထားတယ်။ ပြီးရင် လှူမယ်” ဟု ပြောသည်။
ခြေစမ်းကစားပွဲတွင် ရရှိမည့် ငွေကြေးများအား ဘုန်းကြီးကျောင်းပညာရေးနှင့် ပရဟိတလုပ်ငန်းများအပြင်၊ HIV ကူးစက် ခံရသူများနှင့် ပတ်သက်သည့် လူမှုရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ခြေစမ်းကစားပွဲတွင် မန်ယူ ကစားသမားဟောင်း ၄ ဦးကို တဘက် ၂ ဦးစီ ခွဲပြီး ကစားသွားမည်ဖြစ်ကြောင်း သိရသည်။