တော့တမ်ဟမ် တိုက်စစ်မှူး ဂါရက်ဘေးလ် ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု အပြင် တနှစ်တာအတွက် အကောင်းဆုံးလူငယ် ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။
ဂါရက်ဘေးလ် ဟာ လူငယ်ကစားသမားဆုကို ရရှိတာကြောင့် ပရီးမီးယားလိဂ် သမိုင်းတလျှောက် တနှစ်အတွင်း အကောင်းဆုံးဆု နှစ်ဆုကို သိမ်းပိုက်နိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်လာပါတယ်။
ဂါရက်ဘေးလ် က ဒီဆုကို ရရှိတဲ့အတွက် အလွန်ဂုဏ်ယူမိကြောင်း နဲ့ ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ အားပေးမှုကြောင့် ဒီဆု ကိုရရှိတာဟာ သူ့အတွက် အလွန်ကိုကြီးကျယ်တဲ့အရာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ဂါရက်ဘေးလ် ဟာ လစ်ဗာပူး တိုက်စစ်မှူး ဆွာရက်စ် နဲ့ မန်ယူတိုက်စစ်မှူး ဗန်ပါစီ တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဆွာရက်စ် နဲ့ ဗန်ပါစီ တို့ ၂ ဦးစလုံးဟာ အကောင်းဆုံး ဘောလုံးသမား ဆုကို မရရှိခဲ့ပေမယ့် အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆုရရှိဖို့ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ မိုက်ကယ် ကားရစ် ၊ ဟာဇက် နဲ့ မာတာ တို့ ဟာလည်း အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက် စာရင်းမှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။
၂၀၁၂-၂၀၁၃ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမား ဂါရက် ဘေးလ်
ဝေလ အသင်း လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဘေးလ် ဟာ ဆောက်သမ်တမ် အသင်းကနေ တော့တမ်ဟမ် အသင်းကို ပေါင် ၁၀ သန်းခန့်နဲ့ ၂၀၀၇ က ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ခါစမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ၂၀၀၉ နောက်ပိုင်းမှာ ကွင်းလယ်တောင်ပံ မှ တဆင့် ရှေ့တန်းတိုက်စစ်မှူး အဖြစ်ပါ ကစားလာကာ အခုလို ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမား ဆုကို ဒုတိယအကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂါရက်ဘေးလ် က ဒီဆုကိုရရှိတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဆုရရှိဖို့ဆန်ခါတင်စာရင်းထဲက ကစားသမားတွေဟာ ဒီနှစ်မှာသူတို့အသင်းတွေအတွက် အလွန်ကို ပေးဆပ်ထားတဲ့ ကစားသမားကောင်းတွေပါပဲ။ ဒီဆုကိုရရှိဖို့အတွက် ကျနော့်ရဲ့အသင်းဖော်တွေရဲ့ ကူညီထောက်ပံ့မှု မပါဘဲ မဖြစ်နိုင်ပါဘူးဆိုပြီး သူရဲ့မန်နေဂျာနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောဆိုသွားပါတယ်။
၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်း
ဂိုး – ဒီဂီယာ (မန်ယူ)
နောက်တန်း – ဇာဘလက်တာ (မန်စီးတီး) ၊ ဗာတွန်ဟန် (တော့တမ်ဟမ်) ၊ ဖာဒီနန် (မန်ယူ) ၊ ဘိန်းစ် (အဲဗာတွန်)
အလယ်တန်း – မိုက်ကယ်ကားရစ် (မန်ယူ) ၊ မာတာ (ချယ်ဆီး) ၊ ဟာဇက် (ချယ်ဆီး)
ရှေ့တန်း – လူးဝစ် ဆွာရက်စ် (လစ်ဗာပူး) ၊ ဗန်ပါစီ (မန်ယူ) ၊ ဂါရက်ဘေးလ် (တော့တမ်ဟမ်)