အားကစား

ခြေစွမ်းထက်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ရှုံးတဲ့ ဘာစီလိုနာ

This article has been converted from Zawgyi One to Unicode

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြရာမှာ ဘာစီလိုနာအသင်းဟာ အိမ်ကွင်း နူးကမ့်မှာလည်း နိုင်ပွဲရှာမတွေ့ခဲ့ဘဲ နောက်ထပ်တကြိမ် ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲပေါင်းစံချိန် ၇ ဂိုးပြတ်နဲ့ ချန်ပီယံလိဂ် သမိုင်းတလျှောက် စံချိန်တင်ရှုံးပွဲကို ကြုံတွေ့သွားပါတယ်။

ပထမအကျော့ ဂျာမန်မြေ ဘိုင်ယန်ကွင်းမှာ ၄-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် ဝေဝါးသွားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီပွဲမှာလည်း ပြင်ဆင်မှုအားနည်းတာတွေ ရှိခဲ့ပါတယ်။

နောက်တန်းက ဘာတာရာ၊ ကော်ရီရာတို့တွေဟာ ခံစစ်ထိန်းချုပ်မှုပိုင်းမှာ အားနည်းခဲ့သလို ဘာစီလိုနာရဲ့ နာမည်ကြီး ကွင်းလယ်ဟာလည်း ဘိုင်ယန်နဲ့ အတွေ့မှာ ဘယ်လိုမှ မလှုပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

ပွဲချိန်အတွင်း ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းအစ ၃၈ မိနစ်မှာတော့ အာဂျန် ရော်ဘန်ရဲ့ ဂိုးနဲ့ အဖွင့်ဂိုး စရသွားပါတယ်။ နောက်ပိုင်းမှာ ဘိုင်ယန် အသင်းဟာ ဂိုးတွေဆက်တိုက် ရရှိခဲ့ပြီး ၇၂ မိနစ်မှာ ရစ်ဘာရီ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ပီကေးနဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် ဘိုင်ယန်အသင်း ဒုတိယဂိုး ရရှိသွားပါတယ်။ နောက်ထပ် ၅ မိနစ်အကြာမှာတော့ ဘာစီလိုနာ နောက်တန်းတွေရဲ့ အားနည်းမှုကို အခွင့်ကောင်းယူပြီး တောမက် မူလာက သူ့ရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့အတူ ၃ ဂိုးမြောက်ဂိုးကို သွင်းယူပြီး ဘိုင်ယန် အသင်းအတွက် ကြီးကျယ်တဲ့အောင်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ဘာစီလိုနာအသင်းဟာ သမိုင်းတလျှောက် အဆိုးရွားဆုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၉၄ ခုနစ်က အေစီမီလန် အသင်းအား ဥရောပဖလားဖိုင်နယ်မှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်မှု၊ ၁၉၆၂ ခုနစ်တုန်းက ဗလင်စီယာအသင်းအား ယူအီးအက်ဖ်အေ ဖလားမှာ ၂ ကျော့ပေါင်းရလဒ်နဲ့ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။

ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ ၄ ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့ဘဲ စံချိန်တင်ထားသလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သမိုင်းတလျှောက် အများဆုံးအဖြစ် ၃ ဂိုးသွင်းယူထားတဲ့ စံချိန်ကိုလည်း ရရှိထားပါတယ်။

ဘိုင်ယန်အသင်းဟာ ဗိုလ်လုပွဲသို့တက်ရောက်သွားတာကြောင့် နိုင်ငံတွင်းပြိုင်ဖက်ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ အင်္ဂလန်နိုင်ငံက ဝင်ဘလေ ကွင်းကြီးမှာ မေလ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဂျာမနီကလပ် ၂ သင်း တွေ့ဆုံမှာ ဖြစ်တာကြောင့် ၂၀၀၁ ခုနစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုနဲ့ ဝေးနေတဲ့ ဂျာမန်ကလပ်တွေအတွက် ပထမဦးဆုံး ချန်ပီယံသရဖူ ဆွတ်ခူးနိုင်တဲ့နှစ် ဖြစ်လာမှာပါ ။ ၂၀၀၁ ခုနစ်တုန်းက ဘိုင်ယန်အသင်းက ချန်ပီယံဆု နောက်ဆုံးဆွတ်ခူးခဲ့ပါတယ်။

ကိုးကား ။     ။ BBC

Loading