အင်္ဂလန်ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကျော် စိုးမိုးနိုင်အောင် စွမ်းဆောင်ထားနိုင်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်ဟာ ယခုနှစ် ရာသီအကုန်မှာ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်ထောက် နည်းပြတဦးဖြစ်သူ မြူလန်စတင်းက “ကျနော်တို့လည်း ဒီမနက် လေ့ကျင့်ခန်းဆင်းမှ သိရတာပါ။ အသင်းသားနဲ့ အဖွဲ့ဝင်တွေ အားလုံးကို ရုံးခန်းထဲခေါ်ပြီး သူရဲ့ အနားယူဖို့ ဆုံးဖြတ်ချက်ကို ရုတ်တရက် ပြောဆိုခဲ့တာပါ” ဟု ပြောဆိုသွားခဲ့ပါတယ်။
ဖာဂူဆန်ဟာ သူအနားယူမယ့်သတင်းကို နှုတ်ပိတ်နေခဲ့ကာ အင်္ဂါနေ့ မနက်ကမှ ကောလာဟလ သတင်းတွေ စထွက်လာပြီး သတင်းစာ အတော်များများမှာ ပါခဲ့တာကြောင့် မန်ယူပရိသတ် တော်တော်များများဟာ စိုးရိမ်စွာနဲ့ နားစွင့်နေခဲ့ရပါတယ်။
ဒါပေမယ့် မန်ယူအသင်းဟာ သူရဲ့ ဝက်ဘ်ဆိုက်ကနေတဆင့် ဖာဂူဆန် အနားယူတော့မှာဖြစ်ကြောင်း ကြေညာခဲ့ အပြီးမှာတော့ နှစ်ပေါင်းများစွာ မန်ယူအသင်းမန်နေဂျာ ထိုင်ခုံကနေ စွန့်ခွာတော့မယ်ဆိုတာ အမှန်ဖြစ်ကြောင်း ပရိသတ်တွေ သိရှိလိုက်ရပါတယ်။
အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ဖာဂူဆန်ဟာ သူ့ရဲ့ ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရအပြီးမှာ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန်က “မန်နေဂျာအဖြစ်ကနေ အနားယူဖို့က ကျနော်သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တန်ပြီထင်လို့ ဒီလို ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ပြောဆိုသွားပါတယ်။
ဒါပေမယ့် ဖာဂူဆန်က မန်ယူကို လုံး၀ စွန့်ခွာသွားတာတော့ မဟုတ်ပါဘူး။ မန်ယူအသင်းရဲ့ ဘောလုံးသံတမန်တဦးအနေနဲ့ ဆက်ရှိနေမှာဖြစ်သလို ကလပ်အသင်းရဲ့ ဒါရိုက်တာ တဦးအနေနဲ့လည်း ဆက်ရှိနေမှာပါ။ ဒါနဲ့ပတ်သတ်ပြီး ဖာဂူဆန်က “ကလပ်အသင်းအနေနဲ့ ရှေ့ကိုဆက်ချီတက်ဖို့ ဘောလုံးဒါရိုက်တာ တဦးအနေနဲ့ တာဝန်ယူရတဲ့အတွက် ဝမ်းသာပါတယ်” လို့ ပြောဆိုပြီး ရှေ့ဆက်လက်ပြီး မန်ယူအသင်းရဲ့ အခြားတာဝန်များကိုလည်း ထမ်းဆောင်သွားဦးမယ်လို့ သိရပါတယ်။
ကိုးကား – SkySports