အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် စပ်လျဉ်း၍ အဖိုးတန်သော စာအုပ် တအုပ် မမျှော်လင့်ဘဲ ရရှိခဲ့သည်။ စာအုပ် အမည်မှာ နည်းနည်းတော့ ရှည်လျားသည်။ “၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများ၏ သိကောင်းစရာ အဖြာဖြာ” ဟူ၍ ဖြစ်သည်။ ပြုစုသူက အားကစား သတင်းသမား တဦးဖြစ်သည်။ စီစဉ် ထုတ်ဝေသူကမူ အားကစား ဝန်ကြီးဌာနမှ ဖြစ်သည်။
စာရေးသူသည် ရန်ကုန်သို့ ၁၉၆၀ ပြည့်နှစ်တွင် စတင်ရောက်ရှိ အခြေချ နေထိုင်စကပင် အားကစား အကြောင်းများ ရေးသားခြင်းဖြင့် သတင်းနှင့် စာပေလောက တွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အားကစားနည်း မျိုးစုံကို ပြီးပြည့်စုံစွာ သိရှိနားလည်ခြင်း မရှိပါ။ အကြောင်းမူကား ကမ္ဘာတွင် ခေတ်စားနေသည့် အားကစားနည်း အချို့မှာ မြန်မာ နိုင်ငံတွင် မရှိသောကြောင့် ဖြစ်ပါသည်။
အိုလံပစ် အားကစားနည်း ဟု သတ်မှတ်ယှဉ်ပြိုင်နေကြသည့် အားကစားနည်း အချို့မှာ မြန်မာနိုင်ငံတွင် မဆိုထားနှင့် အရှေ့တောင် အာရှ နိုင်ငံများစွာ မှာပင်လျင် လေ့လာလိုက်စားခြင်း မရှိသည်ကို တွေ့နေရပါသည်။ အင်မတန် လွယ်ကူ ရိုးစင်းသော TRIATHLON ရေကူး၊ စက်ဘီးစီးနှင့် အပြေး ပေါင်းစပ်ထားသည့် အားကစားနည်းမျိုးမှာ အရှေ့တောင် အာရှတွင် ခေတ် မစားပါ။ SEAP ခေါ် ဆီးဂိမ်းပေါင်းတွင် ၂၀၀၅ နှင့် ၂၀၀၇ ပြိုင်ပွဲများတွင်သာ ထည်သွင်းကျင်းပပါသည်။ ထို့နည်းတူ လက်ပစ်ဘော (HAND-BALL) ဆိုလျှင်လည်း နှစ်ကြိမ်သာ ထည့်သွင်းကျင်းပပါသည်။
ကျွန်းဆွယ် သို့မဟုတ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှ တဆင့် နိုင်ငံတကာ အဆင့်၊ ကမ္ဘာ့အဆင့်သို့ တက်လှမ်း နိုင်ရေးဆိုလျှင် အိုလံပစ်နှင့် ကမ္ဘာ့အဆင့် အားကစား နည်းမျိုးများကို သာ ဦးစားပေး၍ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ထည့်သွင်း ကျင်းပရန် မူအားဖြင့် ရှိထားသော်လည်း လက်တွေ့အားဖြင့် ရွှေတံဆိပ် များများရရေးကိုသာ ဦးတည်၍ အားကစားနည်း မဟုတ်သော အားကစားနည်းများ ဖြစ်သည့် “BRIDGE ” ဖဲကစားနည်းများ၊ အနောက်တိုင်း အက “DANCE” တို့ကိုပင်လျင် အထူးသဖြင့် ဆီးဂိမ်းများတွင် ထည့်သွင်း ကျင်းပခဲ့သည်။ တဖန် အိုလံပစ် အားကစားနည်း များပင် ဖြစ်သော်လည်း အရှေ့တောင် အာရှ နိုင်ငံများနှင့် မအပ်စပ်သည့် အနောက်တိုင်း ဓားသိုင်း (FENCING) နှင့် အနောက်တိုင်း မြင်းစွမ်းရည် ပြိုင်ပွဲ (EQUESTRIAN) စသည်တို့ကိုလည်း ထည့်သွင်း ကျင်းပပေးခဲ့သည်။
ဆီးဂိမ်းကာလတွင် အဆိုးရွားဆုံး ပြိုင်ပွဲများ ထည့်သွင်း ကျင်းပခြင်းမှာ ရိုးရာ အမည်ခံ၍ ပြိုင်ပွဲပေါင်းများစွာ ထည့်သွင်း ကျင်းပလာခြင်း ဖြစ်သည်။ ဤသို့ ထည့်သွင်း ကျင်းပမှုတွင် မြန်မာနိုင်ငံက အရိုးသားဆုံး ဖြစ်သည်။ မြန်မာ့ရိုးရာ အားကစားနည်း စစ်စစ်ဖြစ်သည့် ခြင်းလုံးနှင့် မြန်မာ စစ်တုရင် အားကစားနည်းကိုပင်လျင် လွတ်လွတ်လပ်လပ် ထည့်သွင်းခြင်း မရှိဘဲ မြန်မာ့ရိုးရာ ခြင်းလုံးကို ပိုက်ကျော်ခြင်းနှင့် တွဲ၍ လည်းကောင်း၊ မြန်မာ စစ်တုရင်ကို နိုင်ငံတကာ စစ်တုရင် အားကစားနည်းနှင့် တွဲ၍ လည်းကောင်း ကျင်းပပေးသည်။
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတွင် ထည့်သွင်း ကျင်းပပေးမည့် အားကစားနည်း အချို့မှာ မြန်မာနိုင်ငံ တွင် မကြားစဖူး၊ မမြင်စဖူး၊ ပြိုင်ပွဲ မကျင်းပဖူးသည့် အားကစားနည်း များလည်း ပါဝင်နေသည်။ ယင်း အားကစားနည်း များထဲတွင် အိုလံပစ် အားကစားနည်းများ ဖြစ်သည့် မြင်းစီးနှင့် နပန်းပြိုင်ပွဲများလည်း ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် ယခုမှ စ၍ ကျင်းပရန် ပြင်ဆင်နေသော နပန်းပြိုင်ပွဲကို ကမ္ဘာ့ အိုလံပစ် အားကစား ပွဲများတွင် ၂၀၁၆ သို့မဟုတ် ၂၀၂၀ ကမ္ဘာ့အိုလံပစ် ပွဲတွင် မထည့်သွင်းတော့ဟုလည်း သတင်းများ ထွက်ပေါ်လာသည်။
ကမ္ဘာ့ အိုလံပစ် အားကစားနည်းလည်း မဟုတ်၊ ကမ္ဘာ့ အားကစားနည်းလည်း မဟုတ်သော တိုင်းတပါးတို့၏ ရိုးရာအမည်ခံ အားကစားနည်းများကို အိမ်ရှင်မြန်မာနိုင်ငံက လက်ခံ ထည့်သွင်း ကျင်းပပေးခြင်းမှာ သဘောထား ကြီးလွန်းလှသည်ဟု ဆိုရမည်ပင် ဖြစ်သည်။
မြန်မာ့မြေပေါ်တွင် ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲ အဖြစ် ကျင်းပမည့် ရိုးရာ အမည်ခံ အားကစားနည်း များမှာ ပန်ကယ်ဆီလတ်၊ ကင်ပို၊ ဗိုဗိနက်၊ မွေလက်ဝှေ့နှင့် ပင်တစ်တို့ ဖြစ်သည်။ ယင်း အားကစားနည်း များအကြောင်းကို “သိကောင်းစရာ” စာအုပ်ကြီးထဲတွင် ဖော်ပြပေးထားသဖြင့် စာရေးသူ အနေဖြင့်ကား ယင်း အားကစားနည်း များအကြောင်းကို သိရှိခွင့် ရသဖြင့် ကျေးဇူးတင်ပါသည်။ စာရေးသူ နည်းတူ ယင်း ရိုးရာ အမည်ခံ အားကစားနည်းများ အကြောင်း သိလိုကြသည့် အားကစား ဝါသနာရှင်များအား မျှဝေခံစား စေလိုက်ပါသည်။
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရိုးရာမည်ခံ၍ ရွှေတွင်းတူးနေကြခြင်းကို စာရေးသူသည် အစဉ်တစိုက် ကန့်ကွက်ကြသူများထဲတွင် တဦး အပါအဝင် ဖြစ်ပါသည်။ စာရေးသူက မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံများသည် SEAP သို့မဟုတ် SEAG မှာ တဆင့် အာရှအဆင့်၊ ကမ္ဘာ့အဆင့်သို့ ထိုးဖောက် ရောက်ရှိရန် ဆန္ဒရှိပါသည်။ ဖြစ်စေချင်ပါသည်။ အရှေ့တောင် အာရှနိုင်ငံ အချင်းချင်း ရွှေတံဆိပ် များများ ဆွတ်ခူးနိုင်ရေးကို အိုလံပစ် အားကစားနည်း၊ ကမ္ဘာ့ အားကစားနည်းတွင် ယှဉ်ပြိုင်၍ ရယူကြစေချင် သည်။
ရိုးရာ အမည်ခံ အားကစားနည်းများမှ တဆင့် ရွှေတံဆိပ်များ ဆွတ်ခူးနေခြင်းမှာ မည်သည့်နည်းနှင့်မှ ကမ္ဘာ့အဆင့် မရောက်နိုင်ပါ။ ရိုးရာ အမည်ခံ အားကစားနည်းများမှ ရွှေတံဆိပ်များ ပြိုင်နေကြခြင်းမှာ နွားခြေရာခွက်ထဲမှ ဖားသူငယ်များ အဖြစ်သာ ရှိနေကြမည်ကို အရှေ့တောင် အာရှနိုင်ငံများမှ အားကစား ခေါင်းဆောင်များ မသိ မဟုတ်၊ သိကြပါသည်။
၂၀၁၁ ခုနှစ် ဂျကာတာ ဆီးဂိမ်း မတိုင်မီက ဆီးဂိမ်းတွင် အားကစားနည်းများ ဖောင်းပွနေခြင်းကို မလေးရှားဘက်မှ တရားဝင် ပြောဆို ကန့်ကွက်ဖူးပါသည်။ ထို့နည်းတူစွာ ဂျကာတာ ဆီးဂိမ်းအပြီးတွင် အင်ဒိုနီးရှား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ မစ်ရီတာ ဆိုလိုဝို ကလည်း ဆီးဂိမ်းတွင် ရိုးရာ အမည်ခံ အားကစားနည်းများ ထည့်သွင်း ကျင်းပခြင်းကို ပြန်လည် စဉ်းစားကြရန် လိုပြီဟု ဂျာကာတာ ဆီးဂိမ်းပိတ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သေးသည်။
မြန်မာနိုင်ငံက အရှေ့တောင် အာရှ အားကစားပွဲကို ယခု အကြိမ်ကျမှ ပထမဆုံး အကြိမ် ကျင်းပခွင့် ရခြင်း ဖြစ်သည်။ ယခင် ၁၉၆၁ နှင့် ၁၉၆၉ တို့မှာ ကျွန်းဆွယ် ပြိုင်ပွဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အားကစားနည်းများ ကျစ်ကျစ် လစ်လစ် ထည့်သွင်း ကျင်းပဖွယ် ရှိသည်။ ကျွန်းဆွယ်ခေတ်က အိုလံပစ်နှင့် ကမ္ဘာ့ အားကစားနည်းများသာ ထည့်သွင်း ကျင်းပလိမ့်မည်ဟုလည်း မျှော်မှန်းထားခဲ့သြည်။ လက်တွေ့တွင် အရှေ့တောင် အာရှ ဒေသတွင်းရှိ နိုင်ငံအချို့မှ ရိုးရာ အမည်ခံ အားကစားနည်းများကို ဖောဖောသီသီ ထည့်သွင်း၍ ကျင်းပရန် စီစဉ်ထားသောအခါ အားကစား နည်းကြီး ၃၃ မျိုးအထိ ရှိလာသည်။ ဒါတောင်မှ ကမ္ဘာတွင် ကျော်ကြားထင်ရှားလျက် ရှိသည့် တင်းနစ် အားကစားနည်းကို ဖြုတ်ပစ်ခဲ့၍ ဖြစ်သည်။ (တင်းနစ် အားကစားနည်း ထည့်သွင်းပေးရန် ပြိုင်ပွဲဝင်နိုင်ငံများက တောင်းဆိုနေကြသည်။)
ရိုးရာအမည်ခံ၍ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပနေပြီး မြန်မာနိုင်ငံနှင့် စိမ်းသော ပင်ကစ်ဆီလတ် (PENCAK SILAT)၊ ဗိုဗီနမ် (VOVINAM)၊ ပီတန့် (PENTANQUE)၊ မွေ (MUAY THAI)၊ ရှိုရင်ဂျီကင်ပို (SHORIN JI KEMPO) တို့ ဖြစ်သည်။ ယင်း တိုင်းခြား ရိုးရာ အားကစားနည်းများ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် လျာထားသော အားကစားနည်း ၅ မျိုးကို ဧရာဝတီ အားကစား ပရိတ်သတ်ကြီးအား မိတ်ဆက် ပေးလိုက်ပါသည်။
ပထမဆုံး ရိုးရာ ဆိုသည့် စကားလုံးကို ဦးစွာ ဆွေးနွေးလိုသည်။ ရိုးရာဆိုသည်မှာ အင်္ဂလိပ်ဘာသာ စကား “TRADITION” ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ အမှန်တကယ်က ယင်း စကားလုံး Tradition ၏ အဓိပ္ပာယ် အပြည့်အစုံမှာ “သားစဉ် မြေးဆက် ထားရှိခဲ့သည့် ဓလေ့ထုံးစံ၊ ယုံကြည်မှုနှင့် ကျင့်သုံးမှုများ” ဟု အဘိဓာန်များက ဖွင့်ဆိုသည်။ သို့ဖြစ်ရာ ရိုးရာ အမည်ခံ၍ ဆီးဂိမ်းများတွင် ထည့်သွင်း ကျင်းပနေသည့် အားကစားနည်း အချို့မှာ ရိုးရာ အစစ်အမှန် မဟုတ်ပါ။ နိုင်ငံခြား သတင်းဌာနများ အသုံးအနှုန်းအရ ဆိုလျှင် အခြား အားကစားနည်းများ “Other Sports” သာဖြစ် သည်။ အမှန်ကတော့ မြန်မာနိုင်ငံက ထည့်သွင်း ကျင်းပမည့် ရိုးရာအမည်ခံ အားကစားနည်း ၅ မျိုးမှာ သက်ဆိုင်ရာ နိုင်ငံတို့က တီထွင်ထားသည့် အားကစားနည်း သစ်များသာ ဖြစ်သည်။
မွေထိုင်း
မြန်မာ အားကစား တာဝန်ရှိသူများက ရိုးရာလက်ဝှေ့ (မွေ) ဟု သုံးသည်။ မွေနောက်မှ ထိုင်းကို ဖြုတ်ထားသည်။ “၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်း များ၏ သိကောင်းစရာ အဖြာဖြာ” စာအုပ်တွင်မူ ဤသို့ ပြဆိုထားသည်။
မွေထိုင်း ခေါ် လက်ဝှေ့ အားကစားနည်းမှာ အရှေ့တောင်အာရှ နိုင်ငံတိုင်းတွင် သူ့နည်း သူ့ဟန်ဖြင့် ရှိနေကြသည်။ ယင်း ပညာရပ်ကို မွေထိုင်း အမည်ဖြင့် ထိုင်းတို့က ကမ္ဘာဖြန့်သဖြင့် ကမ္ဘာကျော် အားကစားနည်း ဖြစ်လာသည် ဟု စာအုပ်တွင် ဖော်ပြထားသည်။ လက်တွေ့တွင်မူ ထိုင်းတို့က အကာအကွယ်မပါ လက်သီးဗလာဖြင့် ထိုးသတ်ကြသည့် လက်ဝှေ့ကို အနောက်တိုင်း လက်ဝှေ့ပွဲများတွင် သုံးသည့် လက်အိတ်များ ဝတ်ပြိး လက်သီးလည်း ထိုး။ ခြေထောက်ဖြင့်လည်း ကန်ကျောက်နိုင်သည့် မွေ လက်ဝှေ့ တီထွင်လိုက်ခြင်း ဖြစ်သည်။
ယင်း လက်ဝှေ့အိတ်စွပ်ပြီး ခြေထောက်ဖြင့်လည်း ကန်လိုကန်၊ ဒူးနှင့်လည်း တိုက်လိုက တိုက် နိုင်သည့် အားကစားနည်းကို အဘယ်ကြောင့် ရိုးရာ “Tradtition” ဟု သုံးစွဲနေသနည်း။ မမှန်ပါ။ အမှန်က ပုဂံခေတ်ကတည်းက စတင်ခဲ့သော မြန်မာလက်ဝှေ့ အားကစားနည်းသာလျင် တကယ့် ရိုးရာ အားကစားနည်း ဖြစ်ပါသည်။ လာမည့် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့သမားများက လက်အိတ်စွပ်ပြီ ယှဉ်ပြိုင်နေကြသည်ကို ကြည့်ကြရ မည် ဖြစ်သည်။
ပန်ကတ်ဆီလတ်
ရိုးရာ အမည်ခံကာ အရှေ့တောင်အာရှ အားကစားပွဲတွင် ထိုးဖောက်ဝင်ရောက်လာသည့် မလေးရှား ကိုယ်ခံ သိုင်းပညာမှာ ပန်ကတ်ဆီလတ် ဖြစ်သည်။ မှတ်တမ်း အတိအကျ မရှိ၊ ပုံပြင်ဆန်ဆန် ဖြစ်စဉ်များသာ ရှိသည်။ မလေးရှားက စသလော၊ ပွဲတွင် ထိုးဖောက်ဝင်ရောက်လာသည့် မလေးရှား ကိုယ်ခံ သိုင်းပညာမှာ ပန်ကတ်ဆီလတ် ဖြစ်သည်။ မှတ်တမ်း အတိအကျ မရှိ၊ ပုံပြင်ဆန်ဆန် ဖြစ်စဉ်များသာ ရှိသည်။ မလေးရှားက စသလော၊ အင်ဒိုနီးရှားက စသလော ဟုပင် ဂဃနဏ မသိကြဟု ဆိုသည်။ ၁၉၈၃ ဆီးဂိမ်းကျမှ စတင်ထည့်သွင်း ကျင်းပခြင်း ဖြစ်သည်။ ပန်ကတ်ဆီလတ်က ရွှေတံဆိပ် ၁၅ ခု ပေးမည်ဟု ဆိုသည်။ မြန်မာ ပန်ကတ်ဆီလတ် အားကစား သမားများ ရွှေတံဆိပ် များများ ဆွတ်ခူး နိုင်ဖွယ် ရှိ/မရှိကို ပြိုင်ပွဲပြီးမှသာ သိကြရပေမည်။
ပီတန်
ပီတန် အားကစားနည်းမှာ ဥရောပတိုက် ပြင်သစ်နိုင်ငံမှာ စတင်မြစ်ဖျားခံပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသသို့ စတင် ဝင်ရောက် လာခြင်းဖြစ်သည်။ ပြင်သစ်တို့ နယ်မြေချဲ့ထွင်မှုနှင့် အတူ အင်ဒိုချိုင်းနား ဒေသသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပီတန် အားကစားနည်းကို ၂၀၀၁ ဆီးဂိမ်းတွင် စတင် ထည့်သွင်း ခြင်းဖြစ်သည်။
ဥရောပတိုက်မှ အားကစားနည်း တမျိုးကို မိမိတို့ ရိုးရာ အားကစားနည်းပါဟု ဆိုလာခြင်းကိုမူ လက်မခံနိုင်စရာ ကောင်းပါသည်။ ဂုန်ညင်းဒိုး၊ ငါးလုံးထောင် သံကွင်းကို လည်အောင်လှည့်ပြီး ဒိုးတွေကို ထိအောင် ပစ်ရသည့် မြန်မာ အားကစားနည်းကမူ ပီတန်ထက် ပို၍ ရိုးရာဆန်မည် ထင်ပါသည်။
ရှုရင်ဂျီကင်ပို
ကင်ပို အားကစားနည်းကို တရုတ်ကစ၍ ဂျပန်က ကမ္ဘာဖြန့်သည်ဟု ဆိုသည်။ ကရာတေး ကိုယ်ပွား အားကစားနည်း ဖြစ်သည်။ တရုတ်နှင့် ဂျပန် ပေါင်းထားသော ကာရာတေး ကိုယ်ပွား ကင်ပို အားကစားနည်းကို အင်ဒိုနီးရှား နိုင်ငံက ရိုးရာ အားကစား အဖြစ် ၂၀၁၁ ဂျာကတာ ဆီးဂိမ်းမှ စတင် ထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဗိုဗီနမ်
ဗီယက်နမ် ဗန်ရှည် ဗန်တို သိုင်ပညာဖြစ်သည်။ ၂၀၁၁ ဂျကာတာ ဆီးဂိမ်း ကျမှ စတင်ထည့်သွင်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အားကစားနည်း ၅ မျိုးအနက်မှ ၄ မျိုးမှာ မြန်မာလက်ဝှေ့ပညာ၊ မြန်မာ ဗန်တို ဗန်ရှည် သိုင်းပညာများနှင့် မတိမ်းမယိမ်း တူညီမှု ရှိသည့် အားကစားနည်းများ ဖြစ်သည်။ သို့ရာတွင် ယင်း ကိုယ်ခံပညာ ၄ မျိုးကို ဘာသာခြား တိုင်းပြည်များ၏ အားကစားနည်း အဖြစ် မြန်မာပြည်တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပွဲတွင် ထည့်သွင်း ကျင်းပပေးရသည်ကတော့ တမျိုးကြီးပဲ ဟုသာ ပြောရမည်ဖြစ်သည်။