ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အလှုပ်ခတ်ဆုံး အားကစားသတင်း ဖြစ်နေတဲ့ ဖာဂူဆန်ရဲ့ နည်းပြအဖြစ်မှ အနားယူမှုနဲ့အတူ ဘယ်သူက ဖာဂူဆန်ရဲ့နေရာကို ဆက်ခံမလဲဆိုတဲ့ မေးခွန်းတွေဟာလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပလူပျံနေခဲ့ပါတယ်။
နောက်ဆုံးသတင်းအရ အဲဗာတွန် အသင်းက ဒေးဗစ် မိုးယက်စ်ဟာ မန်ယူအသင်းသို့ ပြောင်းရွှေ့ နည်းပြတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် ဒေးဗစ် မိုးယက်စ်ဟာ မန်ယူအသင်းရဲ့ နည်းပြအဖြစ် လာမယ့်ရာသီမှာ တာဝန်ယူတော့မှာဖြစ်ပြီး လာမယ့်အပတ် အဲဗာတွန် အိမ်ကွင်းမှာ ကစားတဲ့ပွဲစဉ်မှာ အဲဗာတွန်အသင်း ကစားသမားနဲ့ပရိသတ်တွေကို နှုတ်ဆက်သွားမယ်လို့ သိရပါတယ်။
ဖာဂူဆန် အနားယူတော့မယ်လို့ ကြေညာအပြီးမှာပဲ မန်ယူအသင်းနဲ့ အဲဗာတွန်အသင်းတို့ဟာ မိုးယက်စ်ရဲ့ ပြောင်းရွှေ့မှုအတွက် ဆွေးနွေးနေခဲ့ရာမှာ အပြောင်းအရွှေ့အတွက် အလျင်အမြန် ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒေးဗစ် မိုးယက်စ်ဟာ ဇူလိုင် ၁ ရက်နေ့ကစပြီး မန်ယူအသင်းမှာ စတင် တာဝန်ယူမှာဖြစ်ပြီး မန်ယူ အသင်း နဲ့ ၆ နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်သား ဒေးဗစ် မိုးယက်စ်
အသက် ၇၁ အပြည့်မှာ အနားယူဖို့ကြေညာသွားခဲ့တဲ့ ဖာဂူဆန်ဟာ သူ့ရဲ့နေရာ ကိုဆက်ခံဖို့ တနိုင်ငံတည်းသား စကော့လူမျိုး မိုးယက်စ်ကို ခန့်အပ်ဖို့ ဘုတ်အဖွဲ့နဲ့ ဆွေးနွေးညိုနှိုင်းအပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ဒေးဗစ် မိုးယက်စ်ဟာ အသက် ၅၀ ရှိပြီဖြစ်ပြီး အဲဗာတွန် အသင်းနည်းပြအဖြစ် ကိုင်တွယ်လာတာ ၂၀၀၂ ကတည်းက ဖြစ်တာကြောင့် ယခုဆိုလျှင် ၁၀ နှစ်ကျော်ပင် ကြာခဲ့ပါပြီ။ အဲဗာတွန်အသင်းကို မကိုင်တွယ်ခင် ပရက်စတွန် အသင်းကို ကိုင်တွယ်ခဲ့ဖူးကာ သူရဲ့ အသင်းကစားသမားတွေအပေါ် သြဇာညောင်းမှုနဲ့ ငွေကြေးအနည်းငယ်နဲ့ အသင်းကို တည်ဆောက်ပြီး ပရီးမီးယားလိဂ် အဆင့် (၁၀) အတွင်း ပုံမှန် ဝင်ရောက်နိုင်အောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြဖြစ်ပါတယ်။
မန်ယူကစားသမားဟောင်း စတီဗ် ဘရူးစ်နဲ့ လက်ထောက်နည်းပြဟောင်း မက် ကလာရန်တို့ကလည်း ဒေးဗစ် မိုးယက်စ်ကို နည်းပြအဖြစ် ခန့်အပ်ခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။
နာမည်ကျော် ပရီးမီးယားလိဂ် ဟိုက်လိုက် ထုတ်လွှင့်မှု အစီအစဉ်တခုဖြစ်တဲ့ BBC’s Match of the Day Programme က ဂယ်ရီ လင်နီကာက “သူဟာ မန်ယူအသင်းအတွက် အလွန်ကိုကောင်းတဲ့ ရွေးချယ်မှုပေမယ့် အဲဗာတွန် အသင်းအတွက်တော့ ဆုံးရှုံးမှုကြီးတခုပါပဲ။ စကော့သားတယောက်ရဲ့ ခြေရာကိုနင်းမယ့် ဒေးဗစ် မိုးယက်စ်ရဲ့ အသွင်ကူးပြောင်းမှုဟာ ပိုပြီးအလွယ်တကူ အံဝင်စေမှာပါ” လို့ ပြောဆိုသွားပါတယ်။
မန်ယူ အသင်းရဲ့ ဘောလုံးဒါရိုက်တာအဖြစ် ဆက်ရှိနေမယ့် ဖာဂူဆန်ဟာ ဒေးဗစ် မိုးယက်စ်နဲ့အတူ မန်ယူကို ဆက်လက် ထိန်းကျောင်းသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒေးဗစ် မိုးယက်စ် ကိုင်တွယ်ရမည့် ရွန်းနီ အရေး
ဖာဂူဆန် အနားယူမယ့် သတင်းနဲ့အတူ မန်ယူပရိသတ်တွေရဲ့ ကြားမှာ လှုပ်ခတ်နေတဲ့ သတင်းဟာ တပူပေါ်နှစ်ပူဆင့် ဆိုသလို ဝိန်း ရွန်နီးအသင်းမှ ထွက်ခွာခွင့် တောင်းဆိုမှုကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ အတည်ပြုထားတဲ့ သတင်းတွေအရ ရွန်နီးဟာ ပြီးခဲ့တဲ့ ၂ ပတ်က ဖာဂူဆန်ကို ကိုယ်တိုင်တွေ့ဆုံပြီး အသင်းမှ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွန်နီးရဲ့ တောင်းဆိုချက်ကို ဖာဂူဆန်က ပယ်ချခဲ့ပြီးအပြီးမှာ ရွန်နီးက တရားဝင် စာတင်ပြီး တောင်းဆိုဖို့ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ပြီဖြစ်တဲ့ ရွန်နီးဟာ ယခုနှစ်မှာ စုစုပေါင်း ၁၆ ဂိုး သွင်းယူပေးခဲ့ပေမယ့် အရေးကြီးတဲ့ ပွဲစဉ် တော်တော်များများမှာ အရန်ခုံ ထိုင်ခဲ့ရတာကြောင့် မကျေမနပ်ဖြစ်ကာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုရခြင်း ဖြစ်သလို တိုက်စစ်မှူးနေရာကနေ ကွင်းလယ်မှာ ကစားစေတာကိုလည်း မကျေမနပ် ဖြစ်နေပါတယ်။
မန်ယူနည်းပြသစ် ဖြစ်လာမယ့် ဒေးဗစ် မိုးယက်စ် အနေနဲ့ ရွန်နီးနဲ့ တွေ့ဆုံပြီး နားချနိုင်ဖို့ မန်ယူဘုတ်အဖွဲ့က အလိုရှိနေပြီး အသင်းမှာ ဆက်လက်ထိန်းကာ ကစားသမားဟောင်း စီ ရော်နယ်ဒိုကိုလည်း ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဒေးဗစ်မိုးယက်စ် အကြောင်း
– ဆယ်တစ်အသင်းမှာ ဘောလုံးသမားအဖြစ် စတင်ကစားခဲ့ပြီး ပရက်စတွန် အသင်းမှာ ကစားသမားဘဝမှ အနားယူ။ ၁၉၉၅ ခုနစ်မှာ ဒေးဗစ်ဘက်ခမ်နဲ့ အတူတွဲကစားဖူး။
– ပရက်စတွန် အသင်းအား ၁၀ လကြာ ကိုင်တွယ်ပြီး တန်းတက်ဖို့ကူညီပြီးနောက် ၂၀၀၂ ခုနှစ် မတ်လမှာ အဲဗာတွန် အသင်းသို့ ရောက်ရှိ။
– လက်ရှိ နာမည်ကျော် မန်ယူကစားသမား ရွန်နီးအား ၂၀၀၂ ခုနှစ်မှာ ပွဲထုတ်ပြီး ၂ နှစ်အကြာမှာ ပေါင် သန်း ၂၀ နဲ့ မန်ယူအသင်းအား ရောင်းထုတ်ခဲ့။
– ၂၀၀၉ ခုနစ်မှာ အဲဗာတွန် အသင်းအား အက်ဖ်အေ ဖလားဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့။ ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့။
ကိုးကား – BBC, ManUtd