ကမ္ဘာတဝန်း ရူးသွပ်စွာအားပေးကြတဲ့ ဘောလုံး အားကစားနည်းမှာ ပြိုင်ဆိုင်မှုတွေဟာ ပြင်းထန်လှပါတယ်။ ဘောလုံးသမား သက်တမ်းတလျှောက် ရေရှည် အောင်မြင်မှုကို ထိန်းထားဖို့ မလွယ်သလို ကစားရတဲ့ သက်တမ်းဟာလည်း အတော်ကို တိုလွန်းလှပါတယ်။ ဘောလုံးသမား တယောက်ရဲ့ ကြေးစားကစားသမား ဘဝဟာ အသက် ၁၆ နှစ်မှာ စတင်ပြီး အသက် ၂၀ ပြည့်လို့ အရည်အချင်းတွေ စတင်ပြည့်စုံမှသာ အသင်းကြီးရဲ့ (၁၁) ယောက် ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရတာပါ။
ဘောလုံးသမားဘ၀ တလျှောက် အတက်အကျ လှိုင်းဒဏ်တွေနဲ့အတူ အသင်းအချို့မှာ လည်ပတ်ရင်း အသက် ၃၅ နှစ်ကျော်လွန်ကြပါက အနားယူကြကာ မိမိစိတ်အားထက်သန်ရာ နည်းပြ သို့မဟုတ် ဘောလုံးဝေဖန်ရေးသမား အဖြစ် ဆက်လက် အသက်မွေးကြတာကိုလည်း တွေ့ရပါတယ်။ ကစားသမားတဦးရဲ့ ဘဝဟာ အောင်မြင်မှုတွေကို ရေရှည် ထိန်းထားဖို့ မလွယ်သလို နည်းပြတစ်ဦးဟာလည်း အသင်းရဲ့ အောင်မြင်မှုကို ဦးဆောင်တဲ့သူ ဖြစ်တာကြောင့် မော်ဒန်ဘော လုံးလောကမှာ နည်းပြထိုင်ခုံမြဲတဲ့သူကလည်း အတော့်ကို ရှားပါတယ်။ အများရဲ့ အမြင်မှာ ကြေးစားဘောလုံးသမားနဲ့ နည်းပြတွေဟာ ငွေကြေးမြောက်မြားစွာ ရတယ်ဆိုပေမယ့် အောင်မြင်မှု သက်တမ်း ထိမ်းထားနိုင်အောင် မနည်းကြိုးစားကြရပါတယ်။
၁။ ဆာအဲလက်စ် ဖာဂူဆန်
နည်းပြတဦးဖြစ်ပေမယ့် အင်္ဂလန်ဘောလုံးလောကမှာ ဆာဘွဲ့ချီးမြှင့်ခြင်း ခံထားရသလို ၁၉၈၆ ခုနစ်ကနေ ၂၀၁၃ ခုနစ်အထိ စုစုပေါင်း ၂၇ နှစ်ကြာ မန်ယူအသင်းအား ကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန်ဟာ ခေတ်သစ် မော်ဒန်လောကအတွက် အားကျအတုယူဖို့ ကောင်းတဲ့ နည်းပြတဦး ဖြစ်ပါတယ်။ မန်ယူကို ခေတ်တခေတ် ဆန်းစေခဲ့တဲ့ ဖာဂူဆန်ဟာ သူရဲ့ ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ရပြီးချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပါတယ်။
ဖာဂူဆန်ဟာ သူရဲ့ နည်းပြသက်တမ်းတလျှောက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ အဲရစ်ကန်တိုနာ၊ ရွိုင်ကင်း၊ ရိုင်ယန်ဂစ်၊ ဒေးဗစ်ဘက်ခမ်း၊ ဗန်နစ်စတယ်ရွိုင်း၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ရွန်းနီ၊ ဗန်ပါစီတို့လို ကစားသမားတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး ဖလားပေါင်းများစွာ ယူပြီး သူချစ်တဲ့ အိုးထရက်ဖို့ထ် ကွင်းကြီးရဲ့ မန်နေဂျာထိုင်ခုံနေရာကို စွန့်ခွာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူပရိသတ်တွေအနေနဲ့ ဖာဂူဆန်အား အထူးပွဲကြည့်စင်မှာ ဘောလုံးဒါရိုက်တာတဦး အနေနဲ့ ဆက်မြင်နေရဦးမှာ ဖြစ်ပြီး နည်းပြသစ် ဒေးဗစ်မိုးယက်စ်ကို ဘေးကနေ ထိန်းကျောင်းသွားဦးမှာ ဖြစ်ပါတယ်။ မန်ယူပရိတ်သတ်များ အတွက်တော့ အစားထိုးဖို့ မလွယ်တဲ့ နည်းပြတဦးကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။
၂။ ဒေးဗစ်ဘက်ခမ်း
နည်းပြဖာဂူဆန်ရဲ့ သင်ပြမှုနဲ့အတူ မန်ယူအသင်းမှာ ဖရီးကစ်ဆရာလိုပ နာမည်ကြီးလာတဲ့ ဒေးဗစ်ဘက်ခမ်းဟာလည်း အသက် ၃၈ နှစ် အပြည့်မှာ သူ့ဆရာနဲ့တနှစ်တည်းမှာပဲ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဘောလုံးသမားဘ၀ သက်တမ်းတလျှောက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပြီး ရောက်လေရာအသင်းတိုင်းမှာ ဖလားရယူနိုင်တဲ့ ဘက်ခမ်းဟာ အင်္ဂလိပ်လူမျိုးထဲကနေ ဥရောပနိုင်ငံ ၄ ခုမှ လိဂ်ဖလား ရယူဖူးတဲ့ ပထမဦးဆုံး အင်္ဂလိပ်ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ မန်ယူ၊ ရီးယဲလ်၊ ဂလက်ဆီ၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့ပြီး ဖလား ၁၉ ခု ရရှိခဲ့ကာ ၁၀ ကြိမ်ဟာ လိဂ်ဖလားသရဖူတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဖရီးကစ်ဆရာ၊ ဖက်ရှင်ကျတဲ့ ဘောလုံးသမား၊ ကမ္ဘာကျော် အဆိုတော်တစ်ဦးရဲ့ ခင်ပွန်းအဖြစ် ကမ္ဘာကျော်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီး ပီအက်စ်ဂျီ ပရိသတ်တွေက ဘက်ခမ်းကို နွေးထွေးစွာဖြင့် အားပေးခဲ့တဲ့အတွက်ကြောင့် ဘက်ခမ်းဟာ မျက်ရည်ပါကျခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဘက်ခမ်းဟာဘာဆက်လုပ်မယ်ကို မကြေညာသေးသော်လည်း အမေရိကန် ဘောလုံး ကလပ်အသင်းတသင်းအား ဝယ်ယူရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဆန်းဒေးတိုင်းမ် သတင်းစာကတော့ ဘက်ခမ်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အလွန်ကိုတိုးတက်လာခဲ့ပြီး Adidas, ပက်ဆီကိုလာတို့ကနေလည်း ပုံရိပ်အသုံးပြုခွင့်အဖြစ် သန်းပေါင်းများစွား ရရှိနေပါတယ်။ ဘက်ခမ်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၂၀၀၅ ခုနှစ်မှာ ပေါင် သန်း ၅၀ ရှိရာမှ ယခုအနားယူတဲ့အချိန်မှာသန်း ၂၀၀ ကျော် ချမ်းသာနေပြီလို့ ဆိုပါတယ်။
၃။ မိုက်ကယ်အိုဝင်
ငှက်မြန်လေးဆိုတဲ့ နာမည်နဲ့အတူ ၁၉၉၉ နောက်ပိုင်းမှာ လူသိများလာခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူးဟာလည်း သူ့ရဲ့ကစားသမားဘဝကို ပရီးမီးယားလိဂ် ကလပ်အသင်းမှာပဲ မှေးမှိန်စွာနဲ့ ကျောခိုင်းလိုက်ပါတယ်။ ၁၉၉၉ ခုနစ်များက လစ်ဗာပူးအသင်းမှာ မရှိမဖြစ်ကစားသမား ဖြစ်ခဲ့ပေမယ့် ၂၀၀၄ ခုနစ်မှာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ပြီး ပိုမိုကောင်းမွန်တဲ့အသင်းမှာ ကစားချင်တယ်ဆိုကာ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက်ပိုင်း အိုဝင်ရဲ့ ကစားသမားဘဝဟာ အကျပိုင်းသို့ ရောက်ရှိသွားခဲ့ပါတယ်။
ရီးယဲလ်အသင်းမှာ ရော်နယ်ဒို တို့ရဲ့နောက်မှာသာ အရန်အဖြစ် ကစားခဲ့ရပြီး ရီးယဲလ်မက်ဒရစ်ရဲ့ နည်းပြ အပြောင်းအလဲနဲ့အတူ ရောင်းထုတ်ခြင်းခံခဲ့ရကာ နယူးကာဆယ် အသင်းသို့ ရောက်ရှိခဲ့ပါတယ်။ နယူးကာဆယ် အသင်းမှာ ခြေစွမ်းပြန်ပြနိုင်ပေမယ့် ဒဏ်ရာတွေ ဆက်တိုက်ရတာကြောင့် ဒဏ်ရာတွေနဲ့သာ လုံးပမ်းရင်း စာချုပ်ပြည့်အထိ ကစားကာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ကစားခဲ့ပြီးနောက် စတုတ်အသင်းမှာ တရာသီသာ ကစားပြီး ယခုလို အနားယူခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရခဲ့ပေမယ့် ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိခဲ့ပြီး ကစားသမားဘ၀ အနားယူချိန်မှာတော့ အသင်းဟောင်းတွေရဲ့ မျက်ကွယ်ပြုခြင်းကို ခံရပြီး မြက်ခင်းစိမ်းပေါ်မှ ကစားသမားဘဝကို တိတ်တဆိတ် ကျောခိုင်းလိုက်ရပါတယ်။ ကစားသမားဘ၀ အနားယူပြီးနောက် နည်းပြအဖြစ်လုပ်ဖို့ လတ်တလော အစီအစဉ်မရှိသေးဘဲ ရုပ်သံဌာနတခုမှာ ဘောလုံးဝေဖန်ရေးသမားအဖြစ် လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
၄။ ဂျေမီကာရက်ဂါ
၂၀၀၀ ခုနစ်နောက်ပိုင်း လစ်ဗာပူးအသင်းရဲ့ အဓိက ကစားသမားဖြစ်လာတဲ့ ကာရက်ဂါ ဟာ လစ်ဗာပူးအသင်းမှာ ဒုတိယ အသင်းခေါင်းဆောင်အနေနဲ့ ကစားခဲ့သလို အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ၂၀၀၅ ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက် အသင်းရဲ့ သမိုင်းမှာ အထင်ကရ ကစားသမားအဖြစ် အသိအမှတ်ပြုခံရသလို အသင်းတွင်း အသင်းပြင်မှာ သြဇာရှိတဲ့ လစ်ဗာပူးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ကစားသမားဘဝတလျှောက် လစ်ဗာပူးအသင်းရဲ့ ဘောလုံး သင်တန်းကျောင်းမှ တဆင့်ပြီး တဆင့် အောင်မြင်လာကာ လစ်ဗာပူး အသင်းတသင်းတည်းမှာသာ ကစားခဲ့ပါတယ်။ နည်းပြ မော်ရင်ညိုနဲ့ဖာဂူဆန်ကတော့ ကာရက်ဂါ လို ခေါင်းဆောင်ပီသတဲ့ ကစားသမားမျိုးဟာ အသင်းတသင်းမှာ ရှိဖို့လိုအပ်ကြောင်းနဲ့ ယခုခေတ်မှာ အသင်းတသင်းတည်းမှာသာ သစ္စာရှိရှိ ကစားသူ ရှားပါးသွားပြီ ဖြစ်ကြောင်း လစ်ဗာပူး ဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူး မှာ ပြောဆိုခဲ့ပါတယ်။ ဂျေမီကာရက်ဂါ ဟာလာမယ့်နှစ်မှာ စကိုင်းစပေါ့စ် ရုပ်သံဌာနနဲ့ စာချုပ်ချုပ်ထားပြီး ဂယ်ရီနက်ဗေးလ်၊ ဂရေမီဆော့နက်တို့နဲ့အတူ ဘောလုံးပွဲ သုံးသပ်ဝေဖန်သူအဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
၅။ ပေါလ်စခိုးလ်
မန်ယူအသင်းရဲ့ ရွှေရောင်မျိုးဆက်သစ်လို့ ခေါ်ယူရမယ့် ရိုင်ယန် ဂစ်၊ နစ်ကီဘတ်၊ ဒေးဗစ်ဘက်ခမ်းတို့နဲ့ အတူ မန်ယူအကယ်ဒမီမှ ထွက်ရှိလာတဲ့ ပေါလ်စခိုးလ်ဟာ အခြားကစားသမားများနဲ့ မတူကွဲပြားတဲ့ ကစားသမားပါ။ မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းမှာ နှစ်ပေါင်းအတော်ကြာ အဓိက ကစားသမားအဖြစ် ကစားခဲ့ပြီး ကွင်းလယ်ကနေ ဘောလုံးပေးပို့ရာမှာ တိကျမှုတွေက ပေါလ်စခိုးလ်ရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။
နည်းပြ ဖာဂူဆန်ရဲ့ အားကိုးမှုကို အထူးခံရပြီး ဘောလုံးသမားဘ၀ ကနေ အနားယူပြီးမှ မန်ယူအသင်းရဲ့ ကစားသမား လိုအပ်ချက်ကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ ၂၀၁၃ အထိ ကစားခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ တဦးဖြစ်ပါတယ်။ အနားယူချိန်မှာ မန်ယူပရိတ်သတ်များက ပေါလ်စခိုးလ်ရဲ့ နာမည်ပါတဲ့ စာတမ်းတွေကို အိုးထရက်ဖို့ထ်ကွင်းမှာ လွှင့်ထူခဲ့ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
၆။ ပက်ထရော့ဗ် (အက်စတွန်ဗီလာ)
ပရီးမီးယားလိဂ် ပရိသတ်တွေ အနေနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟောင်း ပက်ထရော့ဗ်ကို သိကြမှာပါ။ ဘူလ်ဂေးရီးယား နိုင်ငံသားဖြစ်တဲ့ ပက်ထရော့ဗ်ဟာ ဆဲယ်တစ်နဲ့ အက်စတွန်ဗီလာ အသင်းတို့မှာ ကစားခဲ့ပြီး ပရိသတ်တွေရဲ့ နှစ်ခြိုက်ခြင်းကို ခံရတဲ့ အားကစားသမား ပီသသူတဦး ဖြစ်ပါတယ်။ ၂၀၁၂ မတ်လမှာ ပက်ထရော့ဗ် ဟာ လူကီးမီးယားရောဂါကြောင့် ဘောလုံးကစားခြင်းမှ ရပ်တန့်လိုက်ရပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့် အရှင်းမပျောက်ကင်းဘဲ အသက်စိုးရိမ်ရတာကြောင့် ၂၀၁၃ မေလမှာတော့ ဘောလုံးသမားဘဝမှ အနားယူဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ပက်ထရော့ဗ်ကို အက်စတွန်ဗီလာ အသင်းပရိသတ်များက အသင်းရဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြပြီး ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်မှလည်း ပက်ထရော့ဗ်အား ရောဂါပျောက်ကင်း သက်သာအောင် ကူညီ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာထားပါတယ်။