၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် နေပြည်တော် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) တွင် ချီးမြှင့်မည့် ဆုတံဆိပ်စာရင်း ထွက်လာသည်။ ရွှေတံဆိပ်ပေါင်း ၄၆၀၊ ငွေတံဆိပ်ပေါင်း ၄၆၀ နှင့် ကြေးတံဆိပ် ၆၃၇ ဆု၊ စုစုပေါင်း ၁၅၅၇ ဆု ချီးမြှင့်မည်ဟု ပြည်ထောင်စု အားကစားဝန်ကြီးဌာနက မေလ ၂၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ကြေးတံဆိပ် အရေအတွက် ရွှေနှင့် ငွေတို့ထက် များနေခြင်းမှာ ပူးတွဲ တတိယ နေရာများရှိနေသဖြင့် များနေရခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းတွင်မူ အားကစားနည်းပေါင်း ၄၄ မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး ဆုတံဆိပ်ပေါင်း ၅၅၄ ဆုချီးမြှင့်ခဲ့သည်။ ထိုစဉ်က ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် နိုင်ငံများမှာ အိမ်ရှင် အင်ဒိုနီးရှား ၁၈၂ ဆု၊ ထိုင်း ၁၀၉၊ ဗီယက်နမ် ၉၆၊ မလေးရှား ၅၉၊ စင်ကာပူ ၄၂၊ ဖိလစ်ပိုင် ၃၆၊ မြန်မာ ၁၆၊ လာအို ၉၊ ကမ္ဘောဒီးယား ၄ နှင့် အရှေ့တီမော ၁ တို့ ဖြစ်ကြသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် ၁၁ နိုင်ငံ ယှဉ်ပြိုင်ကြသည့် အနက် ၁၀ နိုင်ငံက ရွှေတံဆိပ် အသီးသီး ဆွတ်ခူးခဲ့ကြသော်လည်း ဘရူနိုင်း နိုင်ငံက ရွှေတံဆိပ် မရရှိဘဲ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၇ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။
နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် အများဆုံး ချီးမြှင့်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ် (အမျိုးသား/အမျိုး သမီး) ရွှေတံဆိပ် ၄၆ ဆု၊ ရေကူး (ဒိုင်ဗင်၊ ဝါတာပိုလို) ၄ ဆု၊ တိုက်ကွမ်ဒို ၂၁ ဆု၊ နပန်း ၂၁ ဆု၊ စစ်တုရင် ၁၈ ဆု၊ ဂျူဒို ၁၈ ဆု၊ ကင်ပို ၁၈ ဆု၊ ပိုက်ကျော်ခြင်း/ရိုးရာခြင်း ၁၈ ဆု၊ ဗိုဗီနမ် ၁၈ ဆု၊ ကရာတေး ၁၇ ဆု၊ ရိုးရာလှေ ၁၃ ဆု၊ ကနူး/ကယတ် ၁၆ ဆု၊ ပန်ကတ်ဆီလတ် ၁၅ ဆု၊ လက်ဝှေ့ ၁၄ ဆု၊ မွေ (လက်ဝှေ့) ၁၄ ဆု၊ စက်ဘီး ၁၃ ဆု၊ ရွက်လှေ ၁၃ ဆု၊ ဘိလိယက်/စနူကာ ၁၂ ဆု၊ သေနတ်ပစ် ၁၂ ဆု၊ ပီတန်း ၁၁၊ အလေးမ ၁၁ ဆု၊ မြားပစ် ၁၀ ၊ အနောက်တိုင်းလှေ ၉ ဆု၊ မြင်းစီး ၆ ဆု၊ ကြက်တောင် ၅ ဆု၊ ကာယဗလ ၅ ဆု၊ ဂေါက် ၄ ဆု၊ စားပွဲတင် တင်းနစ် ၄ ဆု၊ ဘတ်စကက်ဘော ၂ ဆု၊ ဘော်လီဘော ၂ ဆု၊ ဘောလုံး ၂ ဆု၊ ဖူဆယ် ၂ ဆု (အမှန်မှာ ဘောလုံးနှင့် ဖူဆယ်မှာ တအုပ်စုတည်း ဖြစ်သည်) တို့ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ကစားမည့် အားကစားများ သိကောင်းစရာ စာအုပ်တွင် ဖော်ပြသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးအနက် ယခင်က မြန်မာနိုင်ငံတွင် အဖွဲ့ချုပ်လည်း မရှိ အားကစား ပြိုင်ပွဲ (ပြည်တွင်းရော၊ နိုင်ငံတကာ) များ လုံး၀ မရှိခဲ့သည့် အားကစားနည်း ၇ မျိုး ပါဝင်လာသည်ကို တွေ့ရသည်။ ယင်း အားကစားနည်းများမှာ မြင်းစီး ၆ ဆု၊ ကမ်ပို ၁၈ ဆု၊ မွေ လက်ဝှေ့ ၁၄ ဆု၊ ပန်ကာဆီလတ် ၁၅ ဆု၊ ပီတန်း ၁၁ ဆု၊ ဗိုဗီနမ် ၁၈ ဆု၊ နပန်း ၂၁ ဆု ဖြစ်သည်။
ယင်း အားကစားနည်း ၇ မျိုးတွင် ချီးမြှင့်မည့် ရွှေတံဆိပ်ပေါင်းမှာ ၁၀၃ ဆုအထိ ရှိသည်။ ယင်း အားကစားနည်းများမှာ ပြိုင်ဘက်နိုင်ငံ အချို့တွင်သာ နှစ်ရှည်လများ လေ့ကျင့်ပြိုင်နေကြသည့် အားကစားနည်းများ ဖြစ်သည်။ ယင်း အားကစားနည်းများကို ပြည်ပတွင် တကြိမ် နှစ်ကြိမ်၊ ပြည်တွင်းတွင် ယခု အကြိမ် သက်ဆိုင်ရာ မြန်မာ အားကစား သမားများ ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယင်း အားကစားနည်းများမျ ရွှေတံဆိပ်များ ဆွတ်ခူး ရရှိရန် မလွယ်ပါ။
တမျိုးလျှင် ရွှေတံဆိပ် ၁ ဆုစ၊ ၂ ဆုစ ထက် ပိုရရှိနိုင်ဖွယ် မရှိပါ။ ရွှေတံဆိပ် ၁၀၃ ဆု ချီးမြှင့်ရာတွင် မြန်မာနိုင်ငံက အားကစားနည်းပေါင်း ၇ မျိုးတွင် ရွှေတံဆိပ် ၁၀ ဆုထက် ပိုရနိုင်ဖွယ် မရှိဟု သတ်မှတ်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ကျန် ရွှေတံဆိပ် ၉၀ ခန်ု့ကို ပြိုင်ဘက် နိုင်ငံများကသာ ခွဲယူသွားကြပါလိမ့်မည်။ ပြိုင်ဘက် နိုင်ငံများဟု ဆိုရာ၌လည်း ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများက အများစု ရရှိသွားဖွယ် ရှိပါသည်။ အထက်ပါ အားကစားနည်း ၇ မျိုး အနက် မြင်းစီးနှင့် နပန်း အားကစားနည်း နှစ်မျိုးမှလွဲ၍ ကျန် အားကစားနည်း ၅ မျိုးမှာ သက်ဆိုင်ရာ နိုင်ငံများ၏ ရိုးရာ အမည်ခံ အားကစားနည်း များသာ ဖြစ်ကြပါသည်။
အဘယ်ကြောင့် ရွှေတံဆိပ် ၁၀၀ ကျော် ရှိသော တိုင်းတပါးတို့၏ အားကစားနည်း ၅ မျိုးနှင့် မြန်မာပြည်တွင် လေ့လာ လိုက်စား ပြိုင်ဆိုင်မှု မရှိသလောက် ဖြစ်သည့် နိုင်ငံတကာ နပန်းပြိုင်ပွဲနှင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများကို ယခု အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပပေးပါသနည်းဟု မေးရမလိုပင် ဖြစ်ပါသည်။ နိုင်ငံတကာ နပန်းပြိုင်ပွဲမှာ အိုလံပစ် အားကစားနည်းအဖြစ်မှ ဖယ်ထုတ်တော့မည့် အနေအထား ရှိနေသည်။
ယင်း အားကစားနည်း ၇ မျိုးနှင့် ဆန့်ကျင်ဘက် သဖွယ် အားကစားနည်း ၉ မျိုးပေါင်းမှ ရွှေတံဆိပ် ၂၈ ဆု ချီးမြှင့်ရသည့် ပြိုင်ပွဲများလည်း ရှိနေခဲ့သည်။ ယင်း အားကစားနည်း ၉ မျိုးထဲတွင် မြန်မာ ရွှေတံဆိပ်ဆု ရနိုင်သည့် အားကစားနည်း ဘယ်နှမျိုး ပါဝင်ပါသနည်း။ ယခင် ပြိုင်ပွဲများ ရလာဒ်အရ ဆိုလျှင် အားကစားနည်း ၉ မျိုးပေါင်းမှ ရွှေတံဆိပ် ၁၀ ခုထက် ပိုရနိုင်မည် မထင်ပါ။ နည်းကောင်း နည်းသွားနိုင်ပါသေးသည်။
သို့ဖြစ်ရာ အားကစားနည်း ၁၇ မျိုးသာ ကျန်ပါတော့သည်။ ယင်း အားကစားနည်းများမှာ ပြေးခုန်ပစ် ၄၆၊ ရေကူး ၄၁၊ မြားပစ် ၁၀၊ ဘိလိယက် ၁၆၊ စက်ဘီး ၁၃၊ စစ်တုရင် (ရိုးရာအပါ) ၁၈၊ ဂျူဒို ၁၈၊ ကရာတေး ၁၇၊ အနောက်တိုင်းလေ…..၉၊ ပိုက်ကျော်ခြင်း (ရိုးရာပါ) ၁၈၊ သေနတ်ပစ် ၁၂ ၊ ရွက်လှေ ၁၃၊ ရိုးရာလှေ ၁၇ နှင့် အလေးမ ၁၁ တို့ ဖြစ်ကြသည်။
အားကစားနည်း အလိုက် တမျိုးစီ ယခင် ဆီးဂိမ်းများမှ ရလာဒ်များကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာ အားကစား ရွှေရောင်ခေတ်တွင် ဦးဆောင်ခဲ့သည့် ပြေးခုန်ပစ်သည် ၂၀၁၁ ဆီးဂိမ်းတွင် ရွှေတံဆိပ် မရပါ။ ၂၀၀၉ လာအို ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂ ဆု ရရှိခဲ့ခြင်းမှာ မီဒီယာသမား အများအသိပင် ဖြစ်သည်။
သို့ရာတွင် ဆီးဂိမ်း တကြိမ်ပြီး တကြိမ်ကျဆင်းလာရာ ၁၉၉၇ ခုနှစ် အင်ဒိုနိးရှားနိုင်ငံ ဂျာကာတာ မြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် ဆီးဂိမ်းတွင် ရွှေတံဆိပ် လုံး၀ မဆွတ်ခူးနိုင်တော့ပါ။ ငွေ ၂ နှင့် ကြေး ၅ သာ ရပါသည်။ ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းတွင် ငွေတံဆိပ်သာ ရပါသည်။ ချယ်ရီ မီတာ ၄၀၀ တန်းကျော် အပြေးနှင့် အေးအေးနွယ် သံပြားဝိုင်းပစ် တို့ ရရှိခြင်း ဖြစ်သည်။
၂၀၁၁ မလေးရှား ဆီးဂိမ်းတွင် မီတာ ၁၀၀၀ ပြေးပွဲတွင် အောင်သူရ ရသည့် ရွှေတံဆိပ် ၁ ဆုသာ ရသည်။ ၂၀၁၃ ဗီယက်နမ် ဆီးဂိမ်းတွင် အမျိုးသား မီတာ ၁၅၀၀ ပြေးပွဲ၌ အောင်သီဟက ရွှေတံဆိပ် ၁ ဆု၊ ယဉ်ယဉ်ခိုင်က အမျိုးသမီး မီတာ ၄၀၀ တွင် ရွှေတံဆိပ် ၁ ဆုနှင့် ယဉ်ယဉ်ခိုင်၊ လဲ့လဲ့ဝင်း၊ မြင့်မြင့်အေးနှင့် ကေခိုင်လွင်တို့ ပြေးသည့် ၄ x ၄၀၀ မီးတာ အလံကိုင် ပြေးပွဲတွင် ရွှေတံ ၁ ဆု ဆွတ်ခူးခဲ့သည်။
ထိုင်းနိုင်ငံ ဆိးဂိမ်း တွင် ရွှေတံဆိပ် ရရှိခြင်း မရှိခဲ့ပါ။ သို့ရာတွင် ၂၀၀၅ လာအို ဆီးဂိမ်းတွင် အမျိုးသား မီတာ ၅၀၀၀ ပြေးပွဲ၌ ရွှေတံဆိပ် ရသည့် အောင်ခိုင်နှင့် အမျိုးသမီး မီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ကေခိုင်မျိုးထွန်းတို့မှာ ပြေးခုန်ပစ်လောကမှ အံသြဖွယ်ရာ ပျောက်ကွယ်နေ သည်။ သို့ဖြစ်ရာ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ချီးမြှင့် ရွှေတံဆိပ် ၄၆ ဆု အနက် ရွှေတံဆိပ် မည်မျှ နေပြည်တော် ဆီးဂိမ်းတွင် ဆွတ်ခူး နိုင်မည်ကို မှန်းဆ ကြည့်နိုင်သည်။
ရေကူး အားကစားနည်းတွင် ဒိုက်ဗင်နှင့် ဝါတာပိုလို ကစားနည်းများ ပေါင်းပြီး ရွှေတံဆိပ် ၄၁ ဆု ချီးမြှင့်မည်ဖြစ်ရာ ဒိုက်ဗင်နှင့် ဝါတာပိုလို ကစားနည်းများ ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများ တလျှောက်တွင် လုံး၀ ရွှေတံဆိပ် မရခဲ့ပါ။ ရေကူး အားကစားနည်း တွင်မူ မြန်မာရေကူး အားကစားသမားများသည် “ရေလွှာသင်ဖျူး၊ ငါးပျံမြူးဟန်” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျွန်းဆွယ်ပြိုင်ပွဲတင်မက အာရှ အားကစားပွဲ၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲကြီးများပါ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြသည်။ သို့သော် အရှေ့တောင် အာရှ အားကစားပွဲတွင် မူ ၁၉၇၁ ခုနှစ် လောက်ကတည်းက ရွှေတံဆိပ် မရခဲ့တော့ပါ။
၂၀၀၁ ခုနှစ် မလေးရှား ဆီးဂိမ်းမှာတော့ မြန်မာ ရေကူး သူရဲကောင်း အမျိုးသမီး ထွက်ပေါ်လာခဲ့သည်။ သူက အမျိုးသမီး ရေကူးမယ် မိုးသူအောင် ဖြစ်သည်။ မိုးသူအောင်က ကွာလာလမ်ပူ ဆီးဂိမ်းပြိုင်ပွဲမှာ အဲဒီအချိန် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား နေသည့် စင်ကာပူရေကူးမယ် ဂျိုစလင်းကို မီတာ ၅၀ အလွတ်တန်း ပြိုင်ပွဲတွင် အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
မိုးသူအောင်သည် မီတာ ၁၀၀ အလွတ်ကူးတွင် ငွေတံဆိပ်၊ မီတာ ၁၀၀ လိပ်ပြာကူးတွင် ငွေတံဆိပ် စုစုပေါင်း ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၂ ဆု ကို ၂၀၀၁ ကွာလာလမ်ပူ ဆီးဂိမ်းတွင် ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းနောက် ရေကူးပြိုင်ပွဲတွင် မြန်မာ ရေကူးသမားများနှင့် ဆုတံဆိပ်နှင့် ဝေးခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။
၂၀၀၃ ခုနှစ်အတွင်း သက်တမ်းအလိုက် ဖိတ်ခေါ် ရေကူး ပြိုင်ပွဲတွင် မြန်မာကလေးငယ်များ အောင်မြင်မှု ရခဲ့ကြသည်။ သို့ရာတွင် အသက်ကန့်သတ်မဲ့ဖြင့်ပြိုင်ရသည့် ဆီးဂိမ်းလို ပြိုင်ပွဲများအတွက် အသက်ငယ်လွန်း အားကြီးနေသည်။ နုလွန်း နေသေးသည်။ ယင်း ကလေးငယ်များ ဆက်ထိန်းနိုင်ကြလျှင် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် ဆုတံဆိပ် ရရန် မျှော်မှန်းနိုင် သည်။
နေပြည်တော် ဆီးဂိမ်းတွင် ဆုတံဆိပ် အများဆုံးပေးသည့် (၄၆+၄) ပြေးခုန်ပစ်နှင့် ရေကူး ဒိုက်ဗင် ဝါတာပိုလို ပြိုင်ပွဲများက လက်ရှိ အနေအထားအရ ရွှေတံဆိပ် မမျှော်လင့်နိုင်ပါ။ သို့ဖြစ်ရာ အားကစားနည်း ၁၈ မျိုးမှ ရွှေတံဆိပ် မည်မျှ ရရှိမည်ကို ခန့်မှန်းနိုင်ကြမည် ဖြစ်သည်။
တင်ပြခဲ့သည့် အားကစားနည်း ၁၈ မျိုး နုတ်လိုက်လျှင် နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၁၅ မျိုးသာ ကျန်သည်။ ယင်း ၁၅ မျိုးထဲမှ ရွှေတံဆိပ် အများဆုံး ရနိုင်သည့် အားကစားနည်း များမှာ ဘိလိယက်/စနူကာ ၁၂၊ ကနူး/ကယက် ၁၆၊ စက်ဘီး ၁၃၊ စစ်တုရင် ၁၈၊ ဂျူဒို ၁၈၊ ကရာတေး ၁၇၊ အနောက်တိုင်းလှေ ၉၊ ပိုက်ကျော်ခြင်း+မြန်မာခြင်း ၁၈၊ တိုက်ကွမ်ဒို ၂၁၊ ရိုးရာလှေ ၁၇၊ အလေးမ ၁၁၊ လက်ဝှေ့ ၁၄ စသည်တို့မှ သာလျှင် မြန်မာ အားကစားအဖွဲ့အတွက် ရွှေတံဆိပ် (များ) ဆွတ်ခူးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
အားကစား ပြိုင်ပွဲကြီး များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့် နိုင်ငံများသည် ဆုတံဆိပ် (ရွှေ) များများ ရရှိရေးထက် (တတ်နိုင်လျှင်) လိုအပ်သလို အိမ်ရှင်ကောင်း ပီသစွာဖြင့် ပြိုင်ပွဲဝင် ဧည့်နိုင်ငံအားလုံး စိတ်ချမ်းမြေ့စွာဖြင့် ယှဉ်ပြိုင်နိုင်ကြ ဖို့ လည်းကောင်း၊ ပြိုင်ပွဲများ စနစ်တကျ စည်းကမ်းရှိရှိ ကျင်းပပေးနိုင်ရန် လည်းကောင်း၊ ကျင်းပပေးသည့် ပြိုင်ပွဲတိုင်း တရား မျှတစွာဖြင့် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအားလုံး သက်ဆိုင်ရာ အားကစားနည်းအလိုက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းဥပဒေဘောင်အတွင်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်ခွင့်ရရေးတို့ကလည်း ရွှေတံဆိပ်များများ ရရှိရေးထက် အိမ်ရှင် နိုင်ငံအတွက် ပို၍ တာဝန်ရှိသည်၊ ပို၍ အရေးကြီးသည်။
အိုလံပစ် ဆောင်ပုဒ်ကတော့ “NOT TO WIN BUT TO PERTICIPATE” (အနိုင်ရရန် မဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်) ဟူ၍ ဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံများသည် ရုပ်ပျက်ဆင်းပျက် ရှုံးဖို့ မဟုတ်သလို ရုပ်ပျက်ဆင်းပျက် မတရား အနိုင်ရဖို့လည်း မသင့်ပါပေ။