အားကစား

နှလုံးသားက စကားသံကို နားထောင်ပြီး ဘာစီလိုနာသို့ ရောက်ရှိလာတဲ့ နေမာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ အကောင်းဆုံး ကလပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သိမ်းပိုက်ထားနိုင်တဲ့ ဘာစီလိုနာ အသင်းဟာ ဒီနှစ်မှာလည်း လက်မနှေးဘဲ လူအင်အားဖြည့်တင်းကာ လာမယ့်နှစ် ရာသီအတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဘရာဇီးရဲ့ အထွန်းတောက်ဆုံး ကြယ်တပွင့်လို့ သတ်မှတ်လို့ သတ်မှတ်ခြင်း ခံရထားရတဲ့ အသက် ၂၁ နှစ် ရှိတဲ့ နေမာကို ကမ္ဘာ့နာမည်ကျော် ကလပ်များက လွန်ခဲ့တဲ့ ၃ နှစ်တည်းက စတင်ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး နေမာဟာ မိခင်ကလပ် ဆန်းတိုးစ်မှာပဲ စိတ်ရှည်ရှည်နဲ့ ကမ္ဘာ့ဘောလုံးစင်မြင့်ကို တက်လှမ်းဖို့အချိန်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ နေမာ

ဘရာဇီး ကစားသမား နေမာဟာ ပြီးခဲ့တဲ့အပတ်က တွစ်တာ စာမျက်နှာမှာ ဘာစီလိုနာသို့ ပြောင်းရွှေ့တော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီး ဘာစီလိုနာ အသင်းပရိသတ်များဟာ ဝမ်းသာစွာနဲ့ ဒီသတင်းကို ကြိုဆိုခဲ့ပြီး အသေးစိတ် အခြေအနေကို သိရဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။ ယခင်နှစ်များအတွင်းက ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်က ပိုက်ဆံအမြောက်အများ ပေးကာ ကမ်းလှမ်းခဲ့တာကြောင့် ဘာစီလိုနာ ပရိသတ်များဟာ နောက်ကောက်ကျမှာကို စိုးရိမ်နေခဲ့ပြီး နောင်ကြယ်တပွင့် ဖြစ်လာမယ့် နေမာနဲ့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား မက်ဆီကို တွဲပြီး မြင်ချင်တဲ့ဆန္ဒများကို ဘာစီလိုနာ Facebook စာမျက်နှာမှာ အမြဲဖွင့်ဟပြောဆို ရေးသားနေခဲ့ကြပါတယ်။

ပေါင် ၄၉ သန်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုတဲ့ နေမာ

ဘာစီလိုနာ အသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ ဘာစီလိုနာ အသင်းဟာ နေမာကို ခေါ်ယူဖို့ ပေါင် ၄၉ သန်းနဲ့ ညီမျှတဲ့ ယူရို ၅၇ သန်းကို ပေးချေခဲ့ရပြီး နေမာနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ နေမာရဲ့ ဘာစီလိုနာ အသင်းမှာ ကစားခအဖြစ် လစာမည်မျှ ရမှာဖြစ်ကြောင်းကို မကြေညာသော်လည်း မီဒီယာများက တပတ်လျှင် ပေါင် ၂ သိန်းနီးပါးမျှ ပေးချေရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ နေမာဟာ တနင်္လာနေ့မှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အင်္ဂလန် အသင်းနဲ့ ၂ – ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ် အပြီးမှာပဲ ဘာစီလိုနာ အသင်းက စီစဉ်ပေးတဲ့အသင်း ဂျက်လေယာဉ်နဲ့ ဘာစီလိုနာမြို့မှာ တခမ်းတနား စာချုပ်ချုပ်ဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။

နေမာက ဘာစီလိုနာ အသင်းမှာ ကစားခွင့်ရခြင်းအတွက် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။ “ကျနော့်အတွက် လစာနှုန်းထားက အရေးမကြီးပါဘူး။ ဘောလုံးကစားပြီး ပျော်ရွှင်မှုရဖို့က ပိုပြီး အရေးကြီးပါတယ်။ ကမ်းလှမ်းမှုများစွာ ရှိခဲ့ပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ကျနော့်ရဲ့ နှလုံးသားက စကားသံကို နားထောင်ပြီး ဆုံးဖြတ်ခဲ့တာပါ” လို့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ဥရောပမှာ ဘောလုံးကစားဖို့ကတော့ ခက်ခဲမှာပါ။ အချိန်တိုအတွင်း အခြေကျဖို့ ကြိုးစားသွားမှာပါ” ဟုလည်း ပြောကြားခဲ့ပါတယ်။ နေမာရဲ့ မိတ်ဆက်ပွဲကို ဘာစီလိုနာ ပရိသတ်များစွာဟာ နူးကမ့်ကွင်းမှာ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး ဘာစီလိုနာ ပရိသတ်များရဲ့ အားပေးမှုကို အကြီးအကျယ် ရရှိခဲ့တဲ့ နေမားဟာ ဘာစီလိုနာ ပရိသတ်များအား ကျေးဇူးတင်စကား ဆိုခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီနဲ့အတူ ကစားဖို့ ရင်ခုန်နေပြီလို့ ဆိုပါတယ်။

နေမားရဲ့ ကိုယ်ရေးအကျဉ်း

ဘရာဇီး ဘောလုံးသမား နေမာဟာ ဖေဖော်ဝါရီ ၅ ရက်၊ ၁၉၉၂ မှာ မွေးဖွားခဲ့ပြီး အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။ ဘရာဇီး အသင်းအတွက် လတ်တလော အချိန်အထိ ၃၃ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးထားပြီး ဘရာဇီး ပရိသတ် အတွက် ၂၀၁၄ ကမ္ဘာ့ဖလား ရယူပေးနိုင်မယ့် မျှော်လင့်ချက် ရောင်ခြည်တခု ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ ဖလားတုန်းက နည်းပြ ဒွန်ဂါရဲ့ အသင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် ဘရာဇီး ပရိသတ် ၁ သောင်းကျော်ခန့်ဟာ နေမာကို ရွေးချယ်ဖို့ အသနားခံစာ တင်ခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ဖူးပါတယ်။ ဘရာဇီး ပရိသတ်များရဲ့ အချစ်တော်ဖြစ်တဲ့ နေမာဟာ ဘရာဇီး ကလပ် ဆန်းတို့စ်မှာ ကစားနေရင်း ဥရောပရှိ လစာကောင်းတဲ့ ကစားသမားများနဲ့တန်းတူ ဝင်ငွေကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းရဲ့ စီနီယာ ကစားသမားအဖြစ် ရွေးချယ်ခံရပြီးကတည်း ၂၀၀၉ ကနေ ၂၀၁၃ အတွင်း ၁၀၃ ပွဲ ကစားပြီး ၅၄ ဂိုး သွင်းယူပေးခဲ့ကာ ဖလားတွေ ဆွတ်ခူးအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

မက်ဆီ – နေမာ တိုက်စစ် ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာမလား

နေမာ ဘာစီလိုနာသို့ ပြောင်းရွှေ့ ရောက်ရှိလာတာကြောင့် ကမ္ဘာ့ဘောလုံးဝါသနာရှင်တွေနဲ့ ဝေဖန်သုံးသပ်သူတွေအတွက် မေးခွန်းတခု ထုတ်စရာ ဖြစ်လာပါတယ်။ လက်ရှိအချိန်မှာပင် မက်ဆီရဲ့ သွင်းဂိုးများ၊ အင်နီယေစတာနဲ့ ဇာဗီတို့ရဲ့ ဘောလုံး ဖန်တီးမှုများနဲ့အတူ ထက်မြက်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်နေတဲ့ ဘာစီလိုနာဟာ နေမာ ရောက်ရှိလာတာကြောင့် ဘယ်လို ကစားပုံ ထွက်လာမယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ နေမာရဲ့ ကစားပုံဟာ ဘောလုံးကို ခြေထောက်ထဲမှာ ထည့်ကစားရတာကို နှစ်သက်ပြီး တဖက်နောက်တန်းတွေကို ဘယ်တောင်ပံကနေ ဆွဲပြေးကာ ဂိုးဖန်တီးပေးပြီး ကိုယ်တိုင်လည်း ဂိုးသွင်းရတာ နှစ်သက်တဲ့ တောင်ပံတိုက်စစ်မှူး ဖြစ်ပါတယ်။

စဉ်းစားစရာရှိတာက ဘာစီလိုနာ အသင်းဟာ တဦးချင်း အရည်အချင်း ပြည့်ဝတဲ့ ကစားသမားတွေ စုစည်းထားပေမယ့် ဘောလုံး ကြာကြာကိုင်လေ့မရှိဘဲ တဖက်အသင်းကို ထိုးဖောက် တိုက်စစ်ဆင်ကစားပြီး ဂိုးရယူလေ့ရှိပါတယ်။ အထူးသဖြင့် မက်ဆီ ကိုယ်တိုင်ပင် ဘောလုံးကြာကြာ ကိုင်ခွင့်မရဘဲ ဘောလုံးပေးကစားရပါတယ်။ ဒါကြောင့် ဘရာဇီးနဲ့ ဆန်းတို့စ်အသင်းမှာ စိတ်ကြိုက်ကစားနိုင်ခဲ့တဲ့ နေမာဟာ ဘာစီလိုနာ အသင်းရဲ့ ကစားဟန်ကို ညှိယူနိုင်မှသာ အချိန်တိုအတွင်း အောင်မြင်နိုင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့ဘောလုံး ပရိသတ်ကြီး အတွက်တော့ နေမာရဲ့ ရင်ခုန်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို လာမယ့်ရာသီမှာ စတင်မြင်တွေ့ခွင့် ရတော့မှာ ဖြစ်ပြီး ချန်ပီယံလိဂ် စင်မြင့်ထက်မှာလည်း ဘာစီလိုနာ အသင်းနဲ့အတူ အသုံးတော်ခံတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading