အားကစား

ကောင်းသော သန့်ရှင်းသော ဆီးဂိမ်းဖြစ်စေချင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား နည်းများအလိုက် ပြုလုပ်မည့်နေ့ရက်များ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။

အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သော်လည်း အားကစားနည်း နှစ်မျိုးဖြစ်သည့် ခြင်းလုံးနှင့် ဝါတာပိုလိုတို့မှာ ဒီဇင်ဘာလ ၄ ရက်မှစကာ ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် ဝူရှူးနှင့် ကြက်တောင်၊ ဒီဇင်ဘာလ ၆ ရက်တွင် ဘောလုံး၊ အမျိုးသားလက်ဝှေ့နှင့် ကနူး/ ကယက်ပြိုင်ပွဲ၊ ဒီဇင်ဘာလ ၇ ရက်တွင် ဘောလုံး (အမျိုးသမီး)၊ ဘတ်စကက်ဘောနှင့် နပန်း၊ ဒီဇင်ဘာလ ၉ ရက်တွင် သေနတ်ပစ်၊ ပန်ကတ်ဆီလက်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ပိုက်ကျော်ခြင်း၊ စက်ဘီးနှင့် ရေကူး အားကစားနည်းများကို စတင်ကျင်းပသွားမည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်တွင်လည်း ဖွင့်ပွဲမတိုင်မီ အားကစားနည်း ၃ မျိုး ကျင်းပဦးမည်ဖြစ်သည်။ ဖူဆယ် (အမျိုးသား)၊ ဖူဆယ် (အမျိုးသမီး) နှင့် ကာရာတေးဒိုတို့ ဖြစ်သည်။

ပြိုင်ပွဲဝင် စာရင်းများ အတိအကျ မပေးကြရသေးသဖြင့် ပွဲစဉ်များအလိုက် အသေးစိတ်များကိုမူ မသိကြရသေးပါ။

ဖွင့်ပွဲပြီးသည့်နောက် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်ကျင်းပမည့် ပြိုင်ပွဲများမှာ မြားပစ်၊ အနောက်တိုင်းမြင်းစီး၊ ဟော်ကီ၊ ဘော်လီဘော (ဘော်လီဘောတွင် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ပွဲစလုံး တပြိုင်နက် ကျင်းပမည်ထင်သည်)၊ ကာယဗလ၊ စစ်တုရင်၊ ဘိလိယက်/ စနူကာ၊ ဂေါက်သီး၊ အနောက်တိုင်းလှေနှင့် ရွက်လှေ (ငွေဆောင်တွင် ကျင်းပမည်) စသည့်စသည့် အားကစားပြိုင်ပွဲများတို့ ဖြစ်သည်။

ဒီဇင်ဘာလ ၁၃ ရက်တွင်မူ ပြေးခုန်ပစ် တမျိုးတည်းသာရှိသည်။ ၁၄ ရက်နေ့ ၌ ရှိုရင်ဂျီကမ်ပို တမျိုးတည်း စတင်ကျင်းပမည် ဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ မွေထိုင်း စတင်မည်ဖြစ်ပြီး ၁၆ ရက်တွင် တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်တို့ စပြိုင်ကြရမည်၊ ၁၇ ရက်တွင် ဒိုက်ဗင်၊ ဗိုဗီနမ် နှင့် ရိုးရာလှေ၊ ၁၈ ရက်တွင် စက်ဘီး (Cross Country)၊ ဒီဇင်ဘာလ ၁၉ တွင် စက်ဘီး (တောင်ဆင်း တောင်တက်)၊ ၂၀ ရက်တွင် စက်ဘီး (BMX) စတင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ခြင်းလုံး (ရိုးရာ)၊ ဝါတာပိုလို အားကစားနည်းများဖြင့် စတင်ပြီး စက်ဘီး ပြိုင်ပွဲများနှင့် အဆုံးသတ်သည်။

ရိုးရာခြင်းလုံး ပြိုင်ပွဲများဖြင့် စတင်ရာတွင် ပွဲဦးထွက် ဒီဇင်ဘာလ ၄ ရက်မှာပင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၈ ဆု ဆွတ်ခူးကြရန် အလားအလာကောင်းနေသည်။ သို့သော် ရိုးရာခြင်းလုံးပြိုင်ပွဲမှာ ဒီဇင်ဘာလ ၉ ရက်နေ့မှ နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပမည်ဟု ပြိုင်ပွဲဇယားတွင် ဖော်ပြထားသည်။

နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် လျာထားသည့် အားကစားနည်း ၃၃ မျိုး အနက် ဆုတံဆိပ်အများဆုံး ချီးမြှင့်မည့် အားကစားနည်းမှာ ပြေးခုန်ပစ် အားကစားနည်းဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး အားလုံးပေါင်း ရွှေတံဆိပ် ၄၆ ဆု ချီးမြှင့်မည်ဖြစ်သည်။ ဒုတိယ အများဆုံးအားကစားမှာ ရေကူးဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး အားလုံးပေါင်း ရွှေတံဆိပ် ၃၆ ဆု ချီးမြှင့်မည် ဖြစ်သည်။ တတိယ ဆုတံဆိပ် အများဆုံး ချီးမြှင့်ရန် ပြိုင်ပွဲငယ်များ ထည့်သွင်းထားသည့် အားကစား နည်းမှာ ဝူရှူးအားကစားနည်း ဖြစ်သည်။ ပြိုင်ပွဲငယ် အမျိုးအစားပေါင်း ၂၃ မျိုးထည့်သွင်း၍ ရွှေတံဆိပ် ၂၃ ဆု ချီးမြှင့်မည် ဖြစ်သည်။

ကျန်အားကစား နည်းများနှင့် ရွှေတံဆိပ်များမှာ တိုက်ကွမ်ဒို ၂၁ ဆု၊ အနောက်တိုင်းနပန်း ၂၁ ဆု၊ ရှိုရင်ဂျီကမ်ပို၊ စစ်တုရင်နှင့် ဗိုဗီနမ် ၁၈ ဆုစီ၊ ရိုးရာလှေနှင့် ကာရာတေးဒို ၁၇ ဆုစီ၊ ကနူး/ ကယက် ၁၆ ဆု၊ ပန်ကြပ်ဆီလက် ၁၅ ဆု၊ အနောက်တိုင်း လက်ဝှေ့နှင့် မွေထိုင်း ၁၄ ဆုစီနှင့် ရွက်လှေ ၁၃ ဆု စသည်ဖြင့်ရှိသည်။ ပြေးခုန်ပစ်နှင့် ရေကူးတို့တွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲငယ်များကို သိနိုင်ကြသော်လည်း ဤအားကစားနည်းများ အတွက် ပြိုင်ပွဲငယ် “EVENT” များ မည်ကဲ့သို့ သတ်မှတ် ထားခြင်းကိုမူ မသိရသေးပေ။ ဥပမာအားဖြင့် စစ်တုရင်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၈ ဆု ပေးမည်ဟု လျာထားရာ ရိုးရာ စစ်တုရင်က ရွှေတံဆိပ်မည်မျှ၊ နိုင်ငံတကာ စစ်တုရင်က ရွှေတံဆိပ်မည်မျှ ပေးမည်ဆိုသည်ကို တရားဝင် ခွဲခြားထားခြင်း မရှိပါ။

ထို့နည်းတူစွာပင် အားကစားပြိုင်ပွဲများ ကျင်းပမည့် အားကစားကွင်းများ ယနေ့ (ဇွန်လ ၄ ရက်နေ့) ထိတိုင် ဆောက်လုပ် ပြီးစီးခြင်း မရှိသေးဟု သိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းကမူ ၂၀၁၃ ခုနှစ် ဇန်နဝါရီလထဲတွင် အားကစားကွင်း၊ အားကစားရုံများ အားလုံး ပြီးစီးရမည်ဟု လမ်းညွှန်မှု ပေးထားသည်ကို ကြားသိ သတိမူမိလိုက်သည်။ ၂၀၁၂ ကုန်သွားသော အခါတွင်မူ မေလကို ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ မေလ ကုန်သောအခါ ဇွန်လကို ပြောင်းလဲ သတ်မှတ်ကြပြန်သည်။ ရန်ကုန်မှာပင် လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ဦးတော့ မလိုလို အားကစား ဂျာနယ်တစောင်တွင် ဖတ်လိုက်ရသည်။ အမှန်ကတော့ ရန်ကုန်တွင် အားကစားရုံ၊ အားကစားကွင်းများ အသစ်တည်ဆောက်ရန် မလိုပါ။ အားလုံးအဆင်သင့် ရှိနေသည်။ မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံတွင် မိုးဖြိုင်ဖြိုင်ရွာနေပြီဖြစ်သဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် ဆောက် လုပ်ရေးလုပ်ငန်းများ ကြန့်ကြာနိုင်ဖွယ်ရှိသည်။

ဝဏ္ဏသိဒ္ဓိ အားကစားနယ်မြေအတွင်း အားကစားရုံနှင့် တွဲထားသည့် ရေကူးကန်မှာ ယခုအထိ ဆောက်လုပ်နေဆဲ ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပမည့် အားကစားနည်းများအတွက် အားကစားရုံ၊ အားကစားကွင်းများမှာ ပြိုင်ပွဲမကျင်းပမီ အဆင်သင့်လောက် ပြီးစီးနေသင့်သည်။ အောက်တိုဘာ လကုန်တွင် အားလုံးအဆင်သင့် ဖြစ်နေရပေမည်။ နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ထားသည့် အားကစားကွင်း၊ အားကစားရုံများနှင့် ထိတွေ့မှုရှိအောင် မြန်မာအားကစားအဖွဲ့များ အတွက်လည်း လိုအပ်သည်။ နေပြည်တော် ဆီးဂိမ်းအတွက် အသစ် ဆောက်လုပ်ထားသည့် အားကစားကွင်း၊ အားကစား ရုံများမှာ မြန်မာအားကစား သမားများအတွက် အသစ်အဆန်း ဖြစ်မနေသင့်ပါ။

နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်း တခုကို ဖိလစ်ပိုင်နိုင်ငံမှ အားကစားခေါင်းဆောင်များက ဖန်တီးလာသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရစ်ချီဂါစီယာက မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပွဲတွင် ရိုးရာအားကစားနည်းများ ထည့်သွင်းကျင်းပ၍ နေပြည်တော် ဆီးဂိမ်းကို သပိတ်မှောက် မည်ဟု ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းက ဖိလစ်ပိုင် အားကစား ကော်မရှင်ဥက္ကဋ္ဌ၏ ကြေညာချက်နှင့် အနည်းငယ် ကွဲလွဲနေသည်။ ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌ၏ ကြေညာချက်တွင်မူ ၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် ဖိလစ်ပိုင် အားကစားသမားများ ရွှေတံဆိပ် ၁၃ ခု ရရှိခဲ့သည့် အားကစားနည်းများကို နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပပေးခြင်းမရှိဘဲ ရိုးရာ အားကစားနည်းအမည်ခံ အားကစားနည်းများ ထည့်သွင်း ကျင်းပရန် ရှိသည်ကို ထောက်ပြ ပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက တင်းနစ်၊ ကျွမ်းဘား အပါအဝင် ဘေ့စ်ဘော၊ သဲသောင်ပြင် ဘော်လီဘောနှင့် အတူ အက “Dance Sport” စသည့် အားကစားနည်းတို့ကို ထုတ်ပယ်ခဲ့ခြင်းအားလည်း ထောက်ပြ ခဲ့သေးသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌက သို့ဖြစ်၍ နေပြည်တော် ဆီးဂိမ်းကို ဆန္ဒပြသောအားဖြင့် အားကစားသမား ၅၀ ခန့်ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိလစ်ပိုင် အိုလံပစ် ကော်မတီကို တိုက်တွန်းသည်၊ ဖိလစ်ပိုင် အစိုးရထံ တင်ပြမည်ဟု သူ၏ ကြေညာချက်ထဲတွင် အတိအလင်းဖော်ပြထားသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌ၏ ပြောဆိုချက်များမှာ ဖိလစ်ပိုင် အိုလံပစ် ကော်မတီ၏ သဘောထားမဟုတ်ကြောင်း ဖိလစ်ပိုင် အားကစား ကော်မရှင်ဥက္ကဋ္ဌ၏ တဦးတည်း သဘောထားသာဖြစ်ကြောင်း ဖိလစ်ပိုင် အိုလံပစ်ကော်မတီက မြန်မာနိုင်ငံ အရှေ့တောင်အာရှ အားကစားပွဲကျင်းပရေး ကော်မတီသို့ အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံဘက်မှ သတင်းထုတ်ပြန်ထားသည်ဟု အားကစားဂျာနယ် တစောင်ထဲတွင် ပါလာသည်။ အမှန်ကတော့ ဖိလစ်ပိုင်အားကစား ကော်မရှင် ဥက္ကဋ္ဌ၏ စွပ်စွဲချက်များမှာ မှန်သင့်သလောက် မှန်သည်။ တင်းနစ်အားကစားနည်းမှာ ကျွန်းဆွယ်အားကစား ပြိုင်ပွဲခေတ် ကတည်းက စဉ်ဆက်မပြတ် ပြိုင်ပွဲကျင်းပသည့် အကြိမ်တိုင်းတွင် ထည့်သွင်း ကျင်းပနေသည့် အားကစားနည်း ဖြစ်သည်။ ထို့အပြင် တင်းနစ် အားကစားနည်းသည် အာဆီယံနိုင်ငံတိုင်းတွင် ရှေးမဆွကတည်းက လိုက်စား ကစားလာ ကြသည့် အားကစားနည်း ဖြစ်သည်။

ကျွမ်းဘား အားကစားနည်း ကတော့ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် ၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် စတင်ထည့်သွင်းသည့် အားကစားနည်း ဖြစ်သည်။ မြန်မာ ကျွမ်းဘားမောင်မယ် များမှာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ကာ နှစ်လကြာမြင့်စွာပင် လေ့ကျင့်ခဲ့ကြသေးသည်။

ယင်း အားကစားနည်း ၂ မျိုးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် မရနိုင်သောကြောင့်သာ ထည့်သွင်း ကျင်းပပေးနိုင်ခြင်းမရှိ ဟုလည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်။

ရွှေတံဆိပ် မရ၍ မကျင်းပကြေးဆိုလျှင် ယခု နေပြည်တော်ဗဟိုပြု အရှေ့တောင်အာရှ အားကစားပွဲတွင် ထည့်သွင်း ထားသည့် အားကစားနည်း ၃၃ မျိုးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်အားလုံး ရနိုင်သည်ဟု မည်သူက အာမခံကြပါမည်လဲ။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက အာမခံကြ ပါမည်လား။ စာရေးသူကတော့ လာမည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ရွှေတံဆိပ် လုံးဝမရနိုင်သည့် အားကစားနည်းများ၊ ပြိုင်ဘက်နိုင်ငံများက ရွှေတံဆိပ် ၉ ခု၊ ၁၀ ခု ရသွားကြပြီး မြန်မာအားကစားသမားများက ရွှေတံဆိပ် တခု၊ နှစ်ခုသာ ရနိုင်သည့် အာကစားနည်းများကို သတိပြုမိသည်။ စာရေးသူသာ မဟုတ် မြန်မာအားကစားကို အစဉ်တစိုက် လေ့လာနေကြသူများလည်း သိနေကြသည်။

တခုကို သတိပြုကြရမည်မှာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရသည်ဆိုရာ၌ ရွှေတံဆိပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အစကို ပြန်ကောက်ရလျှင် ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌလည်း မှားသည်၊ ဆီးဂိမ်းရွှေတံဆိပ်ကြောင့် ဖိလစ်ပိုင်နှင့် မြန်မာတို့ အကြား တည်ရှိနေသည့် ချစ်ခင်ရင်းနှီးမှုကို မပျက်ပြားသင့်ပါ။ ထိုနည်းတူစွာ မြန်မာနိုင်ငံဘက်ကလည်း အရှေ့တောင်အာရှ အားကစားပွဲ ရွှေတံဆိပ် များများ ရလိုမှုကြောင့် လုပ်ဆောင်ချက်များသည် ကျန်ပြိုင်ပွဲဝင် ၁၀ နိုင်ငံနှင့် မျက်နှာ မပျက်စေသင့်ပါ။ ကောင်းသော၊ သန့်ရှင်းသော အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြစေလိုပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading