အားကစား

တရားမျှတစွာ ယှဉ်ပြိုင်ကြပါ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စည်းမျဉ်း စည်းကမ်း ဥပဒေ မရှိသော အားကစားဟူ၍ မရှိပါ။ သို့ရာတွင် ယင်း စည်းမျဉ်း စည်းကမ်း ဥပဒေများကို မသိကျိုးကျင် ဥပေက္ခာပြုနေကြသည်။ ထို့ကြောင့် အားကစားသမားတိုင်း၏ အကျိုးကျေးဇူးအတွက် စည်းမျဉ်း စည်းကမ်း ဥပဒေများကို ထိန်းသိမ်းကြရပါမည်။ အားကစား စည်းမျဉ်း စည်းကမ်း ဥပဒေများကို ချိုးဖောက်ခဲ့လျှင် အပြစ်ပေးခံရမည် ဆိုခြင်းကို အားကစားနှင့် ပတ်သက်သူတိုင်းအတွက် အကျိုးသက်ရောက် အာဏာတည်စေရမည်ဖြစ်သည်။

ရှေးဟောင်း အိုလံပစ် အားကစားပွဲများတွင် ဥပဒေချိုးဖောက်ခြင်းနှင့် လိမ်လည်လှည့်ဖျားခြင်းတို့ကို ကျူးလွန်သူများ အတွက် ချမှတ်သည့် ပြစ်ဒဏ်မှာ အင်မတန်ကြီးမားသည်။ လူနှင့်ရွယ်တူမျှ ကြေးရုပ်သွန်းလောင်း လှူဒါန်းရသည်။

ခေတ်သစ် အိုလံပစ် အားကစားပြိုင်ပွဲများတွင်လည်း သက်ဆိုင်ရာ အားကစားနည်းအလိုက် ဥပဒေ ချိုးဖောက်မှုများ၊ လိမ်လည်လှည့်ဖျားခြင်းများ ကျူးလွန်လျှင် ပြိုင်ပွဲမှ ထုတ်ပယ်လိုက်သည့်အထိ အပြစ်ပေးနိုင်သည်။ အားကစားပြိုင်ပွဲများ တွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ဥပဒေကို မလိုက်နာမှုများကို အရည်အချင်းပြည့်ဝသော ဒိုင်လူကြီးများ၏ ကြီးကြပ် အုပ်ချုပ်မှုများကသာ ကာကွယ်တားဆီး သွားနိုင်ကြမည်ဖြစ်သည်။

ကမ္ဘာ့ အိုလံပစ်အားကစားပွဲတွင် လည်းကောင်း၊ အာရှအားကစားပွဲတွင် လည်းကောင်း၊ အရှေ့တောင်အာရှ အားကစားပွဲတွင်လည်းကောင်း ဖွင့်ပွဲနေ့တွင် ကျမ်းသစ္စာကျိန်ဆိုကြရသည်။ အားကစားသမားတယောက်က ပါဝင်ယှဉ်ပြိုင် ကြမည့် အားကစားသမားများကိုယ်စားပြု၍ ပြိုင်ပွဲကြီးကြပ်မည့်သူတဦးက ဒိုင်လူကြီးများ၊ ပြိုင်ပွဲကြီးကြပ် ကြမည့် တာဝန်ခံများကို ကိုယ်စားပြု၍ ကျမ်းသစ္စာ ဆိုကြရခြင်းဖြစ်သည်။ “အားကစားသမားကောင်းများတွင် ထားရှိအပ်သည့် မှန်ကန်သောစိတ်ဓာတ်ဖြင့်” ဟု အစချီကာ သစ္စာဆိုကြရသည်။

အိုလံပစ် သို့မဟုတ် အားကစားပွဲတော်များတွင် ကျိန်ဆို ကြရသည့် ကျမ်းသစ္စာတွင် အပိုင်းနှစ်ပိုင်းပါရှိသည်။ ယင်းမှာ “အားကစားနည်းများ၏ စည်းမျဉ်း စည်းကမ်း ဥပဒေများကို လိုက်နာစောင့်ထိန်းပါမည်၊ အားကစားသမားကောင်းများ ပီသစွာ ပြုမူကျင့်ကြံ ယှဉ်ပြိုင်ကြပါမည်” ဟူ၍ဖြစ်သည်။

သို့ဖြစ်၍ တရားမျှတစွာယှဉ်ပြိုင်ပါမည် “FAIR PLAY” ဟူသည့် ဝေါဟာရ “TERM” ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တရားမျှတစွာ ယဉ်ပြိုင်ပါမည် ဟူသောဝေါဟာရတွင် အထက်ပါကျမ်းသစ္စာတွင် ပါရှိသည့် အချက်နှစ်ချက်စလုံး ပါဝင် အကျုံးဝင်သည်။ တရားမျှတစွာ ယှဉ်ပြိုင်ပါမည် ဆိုသောအချက်သည် တခါတရံ စည်းမျဉ်း စည်းကမ်း ဥပဒေများ ကို လေးစားလိုက်နာရန် ရည်ညွှန်းသလို အခြားရည်ညွှန်းချက်မှာ အားကစားသမားကောင်းပီသစွာ အားကစားစိတ်ဖြင့် ပြုကျင့်ရန်ကို ရည်ညွှန်းသည်။ အားကစားတွင် သဘောထားအပြုအမူများသည် အားကစားဆိုသည်မှာ လူ့ကျင့်ဝတ် သိက္ခာများကို လိုက်နာယုံကြည်ကြောင်း အမြဲတစေ ယုံကြည်နေကြရမည် ဖြစ်သည်။

အားကစားတွင် အကြမ်းဖက် ဆူပူသောင်းကျန်းမှုများ၊ လိမ်လည်လှည့်ဖျားမှုများ၊ မူးယစ်ဆေးဝါး (ဝါ) တားမြစ်ဆေးသုံး စွဲခြင်းနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိရေးအတွက် မတော်မတရား ပြုလုပ်၍ အနိုင်ရယူခြင်းမျိုးတွေ မပါဝင်ပါ။ ယင်းကဲ့သို့ မသမာမှု များ လက်ခံကျင့်သုံးကြပါက စစ်မှန်သော အားကစားယှဉ်ပြိုင်သူများ ဆုံးရှုံးနစ်နာပေလိမ့်မည်။ အားကစား ပြိုင်ပွဲများ ကျင်းပရခြင်း၏ ဦးတည်ရည်ရွယ်ချက်များလည်း ရှိတော့မည် မဟုတ်ပါပေ။

တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဆိုသည်မှာ စာအုပ်ထဲတွင် ရေးထားသည့် ဥပဒေသက်သက် မဟုတ်ပါ။ အားကစားသမား အမျိုးသမီး၊ အမျိုးသားတိုင်း ထားရှိအပ်သည့် မှန်ကန်သော စိတ်နေသဘောထားနှင့် အားကစားသမား တိုင်းပါဝင်နေသည့် အားကစားပြိုင်ပွဲတွင် ထားရှိအပ်သည့် အားကစားစိတ်ဓာတ်ကို ထင်ဟပ်စေခြင်းဖြစ်သည်။ တဘက်လူများအား လေးစားစွာပြုမူဆက်ဆံခြင်း၊ ကိုယ်ရော စိတ်ပါ အနှောက်အယှက်ဖြစ်ကာ ထိခိုက်နာကျင်မှု မဖြစ်အောင် ပြုမူကြခြင်းဖြင့် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း စိတ်ဓာတ်ကို ဖော်ကျူးကြရမည်ဖြစ်သည်။

တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၏ အဓိကအချက်မှာ လူပုဂ္ဂိုလ်တဦးချင်းစီအလိုက် ပြုကျင့်လိုက်နာရေးပင်ဖြစ်သည်။

ယနေ့တိုင် ကမ္ဘာ့အားကစားလောကတွင် စံပြုထားရသည့် တရားမျှတစွာ စစ်မှန်သော အားကစားစိတ်ဖြင့် ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားတယောက် ၁၉၃၆ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်အိုလံပစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထွက်ပေါ်ခဲ့သည်။ ပြေးခုန်ပစ်ပြိုင်ပွဲ အလျားခုန်ပြိုင်ပွဲတွင် အမေရိကန် အလျားခုန်ချန်ပီယံ ဂျက်စီအိုဝင်နှင့် ဂျာမနီ အလျားခုန် ချန်ပီယံ လုဇ် လောင်းတို့ ယှဉ်ပြိုင်ကြသည်။

နှစ်ယောက်လုံးမှာ လေးကြိမ်စီ ခုန်ကြပြီးနောက် ၇.၈၇ မီတာဖြင့် တူညီနေခဲ့ကြသည်။ ဂျာမနီ အလျားခုန် ချန်ပီယံ လုဇ်လောင်းက ဂျက်စီအိုဝင်၏ အမှားတချက်ကို ထောက်ပြပြီး ပြင်ခိုင်းခဲ့သည်။ ဂျက်စီအိုဝင်၏ အမှားမှာ အားထည့်ပြီး နောက်ဆုံး ထောက်ရမည့် ကုဒ်ဆီကို ချဉ်းကပ်ရာတွင် မှားနေကြောင်း ထောက်ပြခဲ့သည်။ အမေရိကန် အလျားခုန်သမား ဂျက်စီအိုဝင်က အဓိကပြိုင်ဘက် ဂျာမနီအလျားခုန်ချန်ပီယံ ထောက်ပြသည့် အမှားကိုပြင်ပြီးခုန်ရာ ၈.၀၆ မီတာခုန်နိုင်ပြီး ပထမ ရွှေတံဆိပ်ရသည်။ ဂျာမနီ အလျားခုန်ချန်ပီယံ လုဇ်လောင်းက ဒုတိယငွေတံဆိပ်သာရသည်။

နိုင်ငံရေးတွင် တစောင်းစေး နှင့် မျက်ချေးပမာ မတည့်ဘဲရှိနေသည့် အမေရိကန်နှင့် ဂျာမနီပြေးခုန်ပစ်သမားနှစ်ဦးက ပြိုင်ပွဲ အပြီးတွင် အတူလက်တွဲ၍ ကွင်းတပတ်ပြေးကာ ပွဲကြည့်ပရိသတ်များကို နှုတ်ဆက်ကြသည်။ ပြေးခုန်ပစ် ပွဲကြည့် ပရိသတ် ၈၀၀၀၀ ကလည်း ထိုင်ရာမှထကာ အားကစားသမားနှစ်ယောက်ကို မိုးပြိုကမန်း လက်ခုပ်သြဘာပေးကြကာ ဂုဏ်ပြုခဲ့သည်။

အကယ်၍သာ ဂျက်ဆီအိုဝင် ၏ အမှားကို လုဇ်လောင်းကသာ ပြင်မပေးခဲ့လျှင် ဂျက်ဆီအိုဝင် ရွှေတံဆိပ် ရနိုင်ဖွယ်မရှိပါ။ အမေရိကန်နှင့် ဂျာမနီ အားကစားသမားတို့မှာ ယင်းပွဲပြီးကတည်းက ရင်းနှီးခင်မင်သော မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကပင် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို မဖျက်ဆီးနိုင်ခဲ့ပါ။

အားကစားသမားစိတ်ဓာတ်နှင့် အားကစားသမားများ အဖြစ်ပြုကျင့်ခဲ့ကြသည့် အားကစားသမားသုံးဦး ၁၉၅၆ ခုနှစ် မဲလ်ဘုန်း အိုလံပစ်ပွဲတော် မီတာ ၃၀၀၀ တန်းခုန်ရေကျော် (3000 Meters Steeple Chase) ပြေးပွဲတွင်ပေါ်ထွက်ခဲ့သည်။

ခရစ်စတိုဖာ ဘရာရှား ဆိုသူက ပထမပန်းဝင်သည်။ သို့သော် ဒိုင်လူကြီးများက ရေကျော် (Water Jump) ရာတွင် အခြား အပြေးသမား ဖြစ်သူ လာဆင်၏ ရှေ့မှ ပိတ်သည်ဟု ဆိုကာ ချက်ချင်းပင် ပြိုင်ပွဲမှ ပယ်လိုက်သည်။ ရိုဇ်စနွိုင် (ဟန်ဂေရီ)၊ လာဆင် (နော်ဝေး) နှင့် လျူဖာ (ဂျာမနီ) တို့ကို ပထမ၊ ဒုတိယ၊ တတိယ အသီးသီး သတ်မှတ်ခဲ့သည်။

ဘရာရှားက အယူခံဝင်သည်။ သူ၏ အယူခံမှန်ကန်ကြောင်း ထောက်ခံသူများမှာ ဒိုင်လူကြီးများက ပ၊ ဒု၊ တ (ရွှေ၊ ငွေ၊ ကြေး) ဟု သတ်မှတ်ခြင်းခံရသူများဖြစ်သည်။ သူတို့သုံးဦး၏ ထောက်ခံချက်ကြောင့် ဘရာရှား အပြစ်လွတ်ပြီး ပထမ ရွှေတံဆိပ်ပြန်ရသည်။ ဒိုင်လူကြီး များက ပဒုတ ရွေးချယ်ခြင်းခံရသူတို့ တဆင့်ကျပြီး ဆုတံဆိပ်များရကြသည်။ မိမိတို့ ရရှိထားသည့် ဆုတံဆိပ်များကို အဆုံးရှုံးခံ၍ အမှန်တရားဘက်မှ ရပ်တည်ကြခြင်းမှာ တကယ့်အားကစားသမားတို့၏ စိတ်ဓာတ်မှန်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။

သြစတြီးယား နိုင်ငံတွင်ကျင်းပခဲ့သည့် ၁၉၆၄ ခုနှစ်ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွင် ဗြိတိသျှ ပြိုင်ပွဲဝင် အသင်း၏ ရေခဲလျှောစီးယာဉ် (Bob Sleigh) ၏ အရေးကြီးသော အစိတ်အပိုင်းမှာ ကျိုးသွားသည်။ ယင်းပြိုင်ပွဲတွင် အမြန်ဆုံးစံချိန်ရရှိထားသည့် အီတလီအသင်းသားများက သူတို့၏ ရေခဲလျှောစီးယာဉ်ကို အသုံးပြုခွင့်ပေးလိုက် သဖြင့် ဗြိတိသျှအတွဲက အီတလီတို့၏ ယာဉ်ကို အသုံးပြုပြီး ပထမရသွားသည်။

နိုင်ငံတကာမှတ်တမ်းများတွင် မပါဝင်သော်လည်း မြန်မာအမျိုးသမီး အားကစားသမားတဦးသည် နိုင်ငံတကာ ပြိုင်ပွဲ ကြီးတပွဲတွင် အားကစားသမားကောင်းစိတ်ဓာတ်ကို ပြသခဲ့ဖူးသည်။ ၁၉၆၂ ခုနှစ် ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီ မြို့တွင် ကျင်းပသည့် ကမ္ဘာ့လူငယ် ကျောင်းသားပွဲတော်သို့ တက်ရောက်ခဲ့ကြသည့် အလွှာစုံလူငယ်များထဲတွင် ပြေးခုန်ပစ် အားကစားသမားများဖြစ်ကြသည့် ဂရေစီကား (မမိုးအေး)၊ ဒေါ်ခင်ဌေး နှင့် ဒေါက်တာ နော်ရီနာမြ တို့လည်းပါဝင်ခဲ့သည်။ ဂရေစီကား က မီတာ ၈၀ တန်းကျော်ပြေး၊ မခင်ဌေးက သံပြားဝိုင်းပစ်နှင့် နော်ရီနာမြက မီတာ ၂၀၀ ပြေးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ကမ္ဘာ့လူငယ် ကျောင်းသားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံများ၊ အိုလံပစ်ချန်ပီယံများ ဝင်ပြိုင်ကြသည်။ မီတာ ၈၀ တန်းကျော်ပြေးပွဲတွင် ဂရေစီကား တတိယ ရသည်ဟု အရှုံးအနိုင်ပြ လျှပ်စစ်ဘုတ်ကြီးတွင်ပေါ်လာသည်။ အတူပါသွား သူများက ဝမ်းသာအားရ ထခုန်ကြသော်လည်း ဂရေစီကား က မတုန်မလှုပ်ဖြင့် “မဖြစ်နိုင်ပါဘူး၊ ဒီစံချိန်လည်း တခါမှ မရခဲ့ဖူးပါဘူး” ဟုပြောသည်။ ခဏအကြာတွင် ဒိုင်အဖွဲ့က တွေ့ချင်သည်ဆိုသဖြင့် ပြိုင်ပွဲဝင် မိန်းကလေး သုံးယောက်နှင့် ကြီးကြပ်သူတို့ လိုက်သွားကြသည်။

ပန်းဝင်သည့် နေရာအရောက်တွင် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပေးနေသော ဖင်လန်နိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဌက သူ့ကိုယ်သူမိတ်ဆက်ပြီးနောက် ပြီးသွားသော မီတာ ၈၀ တန်းကျော်ပြေးပွဲမှာ ရုရှားမလေး တယောက်က သူသာ တတိယ ရကြောင်းလာပြောကြောင်း သို့သော်လည်း ပြိုင်ပွဲက ကမ္ဘာ့လူငယ်ပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ချစ်ကြည်ရေး ပွဲဖြစ်နေသည့်အတွက် ဂျူရီအဖွဲ့အနေဖြင့် ကန့်ကွက်မှုကို အကြောင်းပြု မဆုံးဖြတ်လိုကြောင်း ဂရေစီကား ကသာ “သူ တတိယမရပါဘူး။ ကျမသာ ရပါတယ်” ဟု ဖြေရှင်းပါလျှင် ဂရေစီကား ကို သာ တတိယပေးမည် ဖြစ်သည်ဟု ရှင်းပြသည်။

သို့သော်လည်း ဂရေစီကားက ချက်ချင်းပင် “သူပြောတာ မှန်ပါတယ်၊ ကျမ တတိယ မရပါဘူး၊ သူက ကျမရှေ့က ပန်းဝင် သွားတာပါ၊ သူက တတိယ၊ ကျမက စတုတ္ထသာရပါတယ်” ဟု ဖြေလိုက်သည်။ ဖင်လန်အိုလံပစ် ကော်မတီဥက္ကဌက ဂရေစီကားကို ဝမ်းသာအားရဖြင့် လက်ဆွဲနှုတ်ဆက်ပြီး ဂရေစီကား၏ အဖြေစကားကို စောင့်နေကြသည့် ရုရှား အဖွဲ့ ဖက်သို့ လှည့်ပြီး ရုရှားဘာသာစကားဖြင့် ရှင်းပြလိုက်ရာ ရုရှားပြေးခုန်ပစ် အားကစားသမားများက ဂရေစီကားကို ဝိုင်း၍ ဖက်လှဲတကင်းနှုတ်ဆက်ကြပြီး ပန်းစည်းများပေး၍ ဂုဏ်ပြုကြသည်။

အထက်တွင်ဖေါ်ပြခဲ့သော ဖြစ်ရပ်လေးခုသည် တကယ့် အားကစားသမားပီသသော စိတ်ဓာတ်များကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ အားကစားပြိုင်ပွဲများတွင် မတော်မတရား လိမ်လည်လှည့်ဖြားပြီး အနိုင်ယူခြင်းထက် တရားမျှတစွာ ယှဉ်ပြိုင် ကြပြီး ရှုံးရခြင်းက ပိုမိုမြင့်မြတ်သည်၊ တန်ဖိုးကြီးမားသည် ဆိုခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။

မည်သည့် အားကစားပြိုင်ပွဲများတွင်မဆို လိမ်လည်လှည့်ဖျားပြီး မတရားအနိုင်ယူခြင်းထက် တရားမျှတစွာ ယှဉ်ပြိုင်ပြီး ရှုံးရခြင်းက ပိုမို၍ တန်ဖိုးကြီးမားသည်ဟု စာရေးသူကတော့ သက်ဝင်ယုံကြည်မိကြောင်းပါ ခင်ဗျာ။

Did you find apk for android? You can find new Free Android Games and apps.
Loading