ဥရောပလိဂ် ရာသီများအပြီး နိုင်ငံတကာ ပွဲစဉ်များကို ကျင်းပလျက်ရှိရာ ဥရောပ အသက် ၂၁ အောက် ပြိုင်ပွဲဟာ ဘောလုံး ပရိသတ်များအတွက် ပရီးမီးယားလိဂ်၊ လာလီဂါ ပြိုင်ပွဲများ ရာသီကုန်၍ ခေတ္တရပ်နားထားစဉ်အတွင်း စိတ်ဖြေသိမ့်စရာ အဖြစ် ကြည့်စရာ ပြိုင်ပွဲဖြစ်သလို နာမည်ကျော် နည်းပြနဲ့ ကင်းထောက်များဟာလည်း လူငယ် နိုင်ငံတကာ ပွဲစဉ်များမှာ ခြေချင်းလိမ်အောင် အသင်းရဲ့ သွေးသစ်လောင်းဖို့အတွက် လှုပ်ရှားနေတဲ့ကာလ ဖြစ်ပါတယ်။
ဥရောပ အသက် ၂၁ နှစ်အောက် ဗိုလ်လုပွဲစဉ်ကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားရာမှာ စပိန်အသင်းက အီတလီ အသင်းအား ၄-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုကို ထပ်မံသိမ်းပိုက်သွားပါတယ်။ အစ္စရေးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ အသက် ၂၁ အောက်ပြိုင်ပွဲမှာ စပိန်အသင်းဟာ ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ်အသင်းမှာ လူငယ်များနဲ့ ခြေစွမ်းပြပြီး စပိန်လူကြီးအသင်းလိုပဲ ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းမှာ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ မန်ယူဂိုးသမား ဒီဂီယာ၊ ဘာစီလိုနာအသင်းမှာ မွန်တိုရာ၊ သီယာဂို၊ တယ်လိုတို့ ပါဝင်ခဲ့ပါတယ်။ အီတလီ အသင်းမှာတော့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဒိုနာတီ၊ ရော့စီနဲ့ လစ်ဗာပူးအသင်းမှ ဘိုရီနီတို့ ပါဝင်ခဲ့ပါတယ်။
ပထမပိုင်းမှာ စပိန်အသင်းဟာ ၃ ဂိုး ရရှိပြီး ၃-၁ နဲ့ ဦးဆောင်နေခဲ့ကာ ဒုတိယပိုင်းမှာတော့ အီတလီအသင်းက ချေပဂိုး ၁ ဂိုး ပြန်လည် ရရှိခဲ့ပေမယ့် စပိန်အသင်းက ပယ်နတီမှတဆင့် နောက်ထပ် တဂိုး သွင်းယူသွားတာကြောင့် စပိန်အသင်းက ၄-၂ နဲ့ အီတလီအသင်းကို အနိုင်ရယူခဲ့ပါတယ်။ စပိန်အသင်းဟာ ၂၀၁၁ ခုနစ်မှာလည်း ဆွစ်ဇာလန် အသင်းကို အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးထားပါတယ်။
ယခုနှစ်ပြိုင်ပွဲမှာ နာမည်ကြီး အင်္ဂလန်နဲ့ ဂျာမနီတို့ဟာ အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရပါတယ်။ ပုံမှန်အားဖြင့် လူငယ်ပြိုင်ပွဲတွေမှာလည်း အီတလီနဲ့ စပိန်အသင်းတို့ဟာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ဘာစီလိုနာ လူငယ်ကစားသမား သီယာဂိုကို မန်ယူအသင်း ကင်းထောက်များက လာရောက်ကြည့်ရှုခဲ့ပြီး ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရသလို မန်စီးတီးနဲ့ ရီးယဲလ်မှ ကင်းထောက်များကလည်း စပိန် ကစားသမား အစ်စကိုအား ဆက်သွယ်ကာ ပေါင် သန်း ၂၀ တန်ကြေးဖြင့် ကမ်းလှမ်းမယ်လို့ သိရပါတယ်။ လူငယ် ကစားသမားကောင်းတွေ ပိုင်ဆိုင်တဲ့ စပိန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ၊ ဥရောပ ချန်ပီယံဖြစ်တဲ့ စပိန်အသင်းကြီးရဲ့ ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူများက ချီးကျူးသုံးသပ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဥရောပ (၂၁) အောက် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ
၂၀၁၃ – အီတလီ ၂ – ၄ စပိန်
၂၀၁၁ – ဆွစ်ဇာလန် ၀ – ၂ စပိန်
၂၀၀၉ – ဂျာမနီ ၄ – ၀ အင်္ဂလန်
၂၀၀၇ – နယ်သာလန် ၄ – ၁ ဆာဘီးယား
၂၀၀၆ – နယ်သာလန် ၃ – ၀ ယူကရိန်း
၂၀၀၄ – အီတလီ ၃ – ၀ ဆားဘီးယား မွန်တေနီဂရိုး
ကိုးကား – BBC