ယနေ့ မြန်မာနိုင်ငံတွင် စိတ်ဝင်တစား ပြောနေကြသည့် အကြောင်းအရာမှာ ဖာဂူဆန်ခေတ်လွန် မန်ချက်စတာ ယူနိုက်တက် (မန်ယူ) ဘောလုံး အသင်းအကြောင်းပင် ဖြစ်သည်။ အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွင် မန်ယူ အသင်းနှင့်အတူ ဖာဂူဆန်ခေတ်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခြင်း ခံထားရသည့် ဗြိတိသျှဘုရင်မကြီး၏ သူကောင်းပြုခြင်း ခံထားရသည့် ဆာအဲလက်စ်ဖာဂူဆန်မှာ ၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ် ရာသီကုန်ဆုံးချိန်တွင် မန်ယူ မန်နေဂျာ အဖြစ်မှ ဆိုင်းမဆင့် ဘုံမပါဘဲ မန်ယူအသင်းမှ ရုတ်တရက် ထွက်ခွာ သွားရာ တကမ္ဘာလုံးရှိ ဘောလုံး ဝါသနာရှင်များ အံသြသွားခဲ့ကြသည်။ မန်ယူ ပရိတ်သတ်အများစုမှာ ကြေကွဲ ဝမ်းနည်းခဲ့ကြသည်။
အချို့က ဖာဂူဆန် မရှိလျှင် မန်ယူ မရှိတော့ပြီဟု ဆိုနေကြသည်။ ဖာဂူဆန်ကလည်း အနားမယူခင်က ကျန်းမာရေး ကောင်းနေသမျှ ကာလပတ်လုံး မန်ယူအသင်း မန်နေဂျာ တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟု တိုင်းသိပြည်သိ ကမ္ဘာသိ ပြောကြားထားပြီးမှ ရုတ်တရက် မန်ယူအသင်း မန်နေဂျာ ဘဝမှ အနားယူခဲ့ခြင်း ဖြစ်သည်။
အမှန်ကတော့ ဖာဂူဆန်သည် ၂၀၀၀/၀၁ ခုနှစ်လောက်တုန်းကလည်း မန်နေဂျာဘဝမှ အနားယူမည်ဟု ပြောခဲ့သေးသည်။ ထိုစဉ်က အနားယူမည် ပြောပြီး မန်ယူတွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
ယခုကျတော့ မန်ယူ မန်နေဂျာဘဝတွင် ပျော်မွေ့သည်၊ ကျန်းမာရေး ကောင်းနေသရွေ့ မန်နေဂျာ ဆက်လုပ်မည် ပြောပြီးမှ ရုတ်တရက် အနားယူသွားခဲ့သည်။
ဖာဂူဆန်၏ တပည့်ဟောင်းများနှင့် မန်နေဂျာ အသစ်တို့ ၏ ဆက်ဆံရေးကိုလည်း ကမ္ဘာက စောင့်ကြည့်နေကြသည်။ အယ်ဗာတန် ဘောလုံးအသင်းနှင့် နည်းပြဆရာ မိုရက်စ်ကို ခြေစုံကန် ထွက်ပြီး မန်ယူ အသင်းကို ခြံခုန်ထွက်ခဲ့သည့် ရွန်နီနှင့် အယ်ဗာတန် အသင်း နည်းပြဆရာ ဟောင်းဘဝမှ မန်ယူနည်းပြ ဆရာ ဖြစ်လာသည့် မိုရက်စ်တို့၏ ရှေ့ခရီးကိုလည်း ပရိတ်သတ်က အတော်ပင် စိတ်ဝင်စား နေကြသည်။
မြန်မာနိုင်ငံမှ ဘောလုံး ဝါသနာရှင်အများစုက ကလပ်အသင်းဆိုလျှင် အင်္ဂလန် ကလပ်အသင်း မန်ယူကို အားပေးကြသည်။ မြန်မာတို့ အားပေးသည့် နိုင်ငံကိုယ်စားပြု အင်္ဂလန်အသင်းကလည်း နာမည်ကြီး ဆုမရသည့် အသင်း ဖြစ်သည်။ ခေတ်သစ် ဘောလုံး အားကစားနည်း (Modern Football) ကို ကမ္ဘာ့နိုင်ငံများစွာတွင် မျိုးစေ့ချပေးခဲ့သည့် အင်္ဂလန်နိုင်ငံမှာ သူ့နိုင်ငံတွင်မူ မျိုးစေ့မှန်သော်လည်း အပင်မသတန်ဘဲ ရှိနေသည်။
အင်္ဂလန်လက်ရွေးစင် အသင်းသည် နိုင်ငံတကာ ပြိုင်ပွဲကြီးများ ၁၉၆၆ ခုနှစ်တွင် အင်္ဂလိန်နိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ပထမရသည်က လွဲ၍ ကျန်ပြိုင်ပွဲများအတွင် ရှုံးနိမ့်ခဲ့သည်က များသည်။ ၁၉၅၀ ပြည့်နှစ် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် အမေရိကန်လို အသင်းမျိုးကိုပင် ဝး၁ ဖြင့် ရှုံးနိမ့်ခြင်းကြောင့် အုပ်စုမှ ထွက်ခဲ့ရသည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ ယူ ၂၀ ဘောလုံးပြိုင်ပွဲတွင်လည်း အုပ်စုတွင်းမှာပင် နိုင်ပွဲမရှိဘဲ ထွက်ခဲ့ရသည်။
အင်္ဂလန်ဘောလုံး မအောင်မြင်ရခြင်း၏ အဓိက တရားခံမှာ အင်္ဂလန်တွင် ကျင်းပနေသည့် ပရီးမီးယားလိဂ် ကြောင့် ဖြစ်သည်။ ယင်း၏ အသင်းကြီးမှန်သမျှ နိုင်ငံခြားသား ငွေရှင် ကြေးရှင်ကြီးများက ပိုင်ဆိုင်ထားကြသည်။ မန်ယူ အသင်းကို အမေရိကန် သူဌေးကြီးက ပိုင်သည်။ မန် စီးတီး အသင်ကို အာရပ်သူဌေးကြီးက ပိုင်သည်။ ချဲလ်ဆီး အသင်းကို ရုရှားသူကြွယ်ကြီးက ပိုင်သည်။ ကျန် အသင်းများလည်း ရှိသေးသည်။
နိုင်ငံခြား သူကြွယ်များ ပိုင်သည့် ပရီးမီးယားလိဂ်တွင် ပါဝင်ကစားနေကြသည့် အသင်းအားလုံး လိုလိုပင် နိုင်ငံခြားသား ကြေးစား ဘောလုံးသမား အများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ အင်္ဂလန် မြေပေါ်တွင် ကစားနေသည့် ဘောလုံးပွဲများ မှာလည်း နိုင်ငံခြားသား အများစုဖြင့် ဖွဲ့စည်းထားသည့် ကလပ်အသင်းများသာ ဖြစ်သည်။ အင်္ဂလိပ်ဘောလုံးသမား အများစုမှာ ပါဝင်ခွင့် မရကြ။
ပရီးမီးယားလိဂ်တွင် ကစားနေသည့် ဘောလုံးကလပ် အားလုံးမှာ “ပြည်ပအားကိုး ကလပ်ဆိုး” များပင် ဖြစ်နေကြ သည်။ သို့ဖြစ်ရာ ပရီးမီးယား လိဂ်တွင် ကစားနေကြသည့် ကလပ်အသင်းများ ကမ္ဘာကျော် နေကြသော်လည်း အင်္ဂလန် လက်ရွေးစင်အသင်းက အောင်မြင်ဖွယ်ရာ လမ်းမမြင်ပါ။
အင်္ဂလန် ဘောလုံးလောကသည် အတိတ်ကလည်း မကောင်းပါ။ ပစ္စုပ္ပန်တွင်လည်း အကောင်း မမြင်ပါ။ သို့ဖြစ်၍ အနာဂတ်ကာလတွင်လည်း အောင်မြင်နိုင်မည် မဟုတ်ပါ။
နိုင်ငံတကာ ဘောလုံး အထူးသဖြင့် အင်္ဂလန်ဘောလုံး အကြောင်းပြီးတော့ အင်္ဂလန်မှ ပြိုင်ပွဲ တပွဲအကြောင်း ပြောချင်သည်။ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲဖြစ်သည်။ တင်းကွင်း ၃ မျိုး (မြေစေး၊ မြေမာ၊ မြက်ခင်း) ရှိသည့်အနက် ဝင်ဘယ်ဒန် တင်းနစ်ကွင်းမှာ မြက်ခင်းကွင်း အမျိုးအစား ဖြစ်သည်။
ကမ္ဘာပေါ်တွင် တင်းနစ်ပြိုင်ပွဲကြီး ၄ ပွဲ ရှိသည့်အနက် တတိယမြောက် ပြိုင်ပွဲဖြစ်သည်။ သြစတြေးလျ အိုးပင်းက ၂၀၁၃ ခုနှစ် အစပိုင်းတွင် စသည်။ ပြီးတော့ ပြင်သစ် အိုးပင်း ဖြစ်သည်။ ပြင်သစ် အိုးပင်း ဖြစ်သည်။
ပြင်သစ် အိုးပင်း အမျိုးသား တဦးချင်း ပြိုင်ပွဲတွင် နဒဲလ်က ပထမ ရသည်။ စပိန်တင်းနစ် ကစားသမား ရာဖေးနဒဲလ်က ပွဲဦးထွက်မှာပင် ရှုံးသည်။ အင်္ဂလန် အိုးပင်း လက်ရှိ ချန်ပီယံ ဆွစ်ဇာလန် နိုင်ငံသား ရော်ဂျာဇက်ဒါရာကလည်း ဒုတိယ အဆင့်က ထွက်ရသည်။ အမျိုးသမီး တဦးချင်း ပြိုင်ပွဲတွင်လည်း ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဒုတိယ ရထားသည့် အမေရိကန် တွင်နေထိုင်သူ ရုရှားတင်းနစ်မယ် ရှာရာဗိုပါကလည်း ဒုတိယအဆင့်တွင် ရှုံးသည်။ ပြင်သစ် အိုးပင်းတွင် ပထမရထားသည့် အမေရိကန် တင်းနစ်မယ် ဆီရီနာ ဝီလျံကလည်း စတုတ္ထအဆင့်တွင် ဂျာမန် တင်းနစ်မယ်လေး လီဆစ်ကီကို ၁း၂ ပွဲဖြင့် ရှုံးသွားခဲ့သည်။
ဂျာမန်တင်းနစ်မယ်လေး လီဆစ်ကီမှာ ၃ပွဲစလုံးတချက်မျှ မမဲ့၊ စောဒက မတက်ဘဲ တချိန်လုံး အပြုံးမျက်နှာ အရယ်မျက်လုံးဖြင့် ကစားသွားသည်။ သူ ရိုက်ချက်မှာ လျှင်လည်း ပြုံးသည်၊ ရိုက်ချက် မှန်လျှင်လည်း ပြုံးသည်။ တင်းနစ် အားကစားနည်း ထူးချွန်ရုံသာမက အလှကြောင့် နာမည်ကျော် နေသော ရှာရာဗိုပါ၏ နေရာတွင် အစားဝင်ရောက်လာသူဟု သတ်မှတ်နိုင်သည်။
ကမ္ဘာ့တိုက်ကြီးများ ဖလားဘောလုံး ဗိုလ်လုပွဲမှာ ဘရာဇီး လက်ရွေးစင် အသင်း၏ ပွဲဟုပင် ဆိုရမည်ဖြစ်သည် ၂၀၁၀ ကမ္ဘာ့ဖလားပွဲ ချန်ပီယံ စပိန်အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူပြီး ပထမ ရရုံမကဘဲ အကောင်းဆုံးဆုများကိုပင် သိမ်းကြုံး ယူသွားသည်။
၂၀၁၃ ကမ္ဘာ့တိုက်ကြီးများ ဖလား ဘောလုံးပွဲ၏ ထူးခြားချက်မှာ ပြိုင်ပွဲတရပ်လုံးတွင် အနီကတ် တကြိမ်သာ ပြခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အားကစား အကြောင်းများ ရေးမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပါ။ ပြည်တွင်း အားကစားအကြောင်း ငဲ့စောင်း ကြည့်ချင်သည်။
မြန်မာ အားကစား လောကမှာ ဆီးဂိမ်းက အဓိက ဖြစ်သည်။ ဆီးဂိမ်း ကျင်းပရန် ၅ လမျှ ပင် မလိုတော့ပါ။
အားကစားနည်း ၃၃ မျိုးစလုံးတွင် ပါဝင် ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့များကမူ ခတ်ကွင်းပြင်ဆဲပင် ဖြစ်သည်။ ခတ်ကွင်း ပြင်သည်ဆိုခြင်းမှာ ပြည်တွင်းမှာ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပြီး လက်စမ်း၊ ခြေစမ်းနေခြင်း ဖြစ်သည်။ ပြည်ပ နိုင်ငံများသို့လည်း ထွက်၍ ပြိုင်ပွဲဝင်နေကြသည်။ အိမ်ရှင်နိုင်ငံများနှင့် ပူးပေါင်းတွဲ လေ့ကျင့်နေကြသည်။
လက်စမ်းပွဲ ခြေစမ်းပွဲများဖြင့် ကိုယ့်အကြောင်း ကိုယ်သိအောင် ကြိုးစားကြရာတွင် မြားပစ် အားကစားနည်း တမျိုးကတော့ ထင်ထားသည်ထက် ပို၍ အောင်မြင်သည်ကို တွေ့ရသည်။
၂၀၁၁ ဆီးဂိမ်းထက် ရွှေတံဆိပ်များ ပိုရမည် ထင်သည်။ ကျန် အားကစား နည်းများကတော့ ရွှေတံဆိပ် ၁ ဆု၊ ၂ ဆု ဆွတ်ခူးနိုင်သည်များ ရှိသလို ကြေးတံဆိပ်လောက်သာ အနိုင်နိုင် ရသည့် အားကစားနည်းများလည်း ရှိနေဆဲ ဖြစ်သည်။ ကျင်းပရန် ကျန်တော့သည့် ၅ လအတွင်း ကြေးတံဆိပ်မှ ရွှေတံဆိပ် ဖြစ်ရန် ကြိုးစားချိန် ရပါ့မလားဟု စာရေးသူကတော့ ပူပန်မိသည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးတွင် မြန်မာ အားကစား သမားများ ဆုတံဆိပ် လုံး၀ မရနိုင်သည့် အားကစားနည်း များရှိသည်။ တဖန် ငွေနှင့် ကြေးတံဆိပ်သာ ရနိုင်သည့် အားကစားနည်းများ လည်း ရှိသည်။ လက်ရည်စမ်းပွဲများ၏ ရလာဒ်များကို အခြေခံ၍ သုံးသပ်ခြင်း ဖြစ်သည်။
ဆီးဂိမ်းကို အကြောင်းပြု၍ မြန်မာ အားကစား လှုပ်ရှားလာသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယခင် အစိုးရ လက်ထက်က နိုင်ငံတကာ ပြိုင်ပွဲဆိုလျင် ဘောလုံးလောက်သာ ဝင်ပြိုင်ခွင့် ရသည်။ ကျန် အားကစားနည်းများမှာ ၂ နှစ် တကြိမ် ကျင်းပသည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျမှသာ ပြည့်ပြည့်၀၀ ဝင်ပြိုင်ခွင့်ရကြသည်။ ၄ နှစ် တကြိမ် ကျင်းပသည့် အာရှအားကစားပွဲနှင့် ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲများတွင်မူ စတိသဘောမျှသာ ဝင်ပြိုင်နေကြသည်။
အာရှ အားကစား ပွဲတွင် ရွှေတံဆိပ် မရသည်မှာ ကြာပြီ ဖြစ်သည်။ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွမူ ဆုတံဆိပ် မရဖူးသေးပါ။
၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းအတွက် ပြင်ဆင်မှုများကို ပွဲပြီးမီးသေ မဖြစ်စေဘဲ ဆက်လက် ထိန်းထားကြရန် လိုသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် နေပြည်တော် ဆီးဂိမ်းတွင် ဖိလစ်ပိုင်နိုင်ငံက ဘောလုံးနှင့် ဖူဆယ်တို့တွင် ဝင်မပြိုင်ဟု သတင်း ထွက်လာသည်။ စာရေးသူကတော့ ဘောလုံးပွဲ ဝင်မပြိုင်ဆိုသည်မှာ အမျိုးသမီး ဘောလုံးပွဲကို ရည်ရွယ်ခြင်း ဖြစ်ဟန်တူသည်ဟု ယူဆမိသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲကိုမူ ယခုနှစ်ပိုင်းအတွင်း ကျမှ အရှေ့တောင် အာရှိတွင် ဝင်စပြုလာသည်ကို ရပ်တန့်ပစ်လိုက်လိမ့်မည် ဟု မထင်ပါ။
ပြီးတော့ ပြောစရာ တခုရှိသည်။ အားကစား ပြိုင်ပွဲများတွင် သက်ဆိုင်ရာ နိုင်ငံတို့က စိတ်ကြိုက် ဝင်ပြိုင်ခွင့်ရှိသည်။ ဒီပွဲပြိုင်မယ်၊ ဟိုပွဲ မပြိုင်ဘူးဟု ကြိုတင်ပြောစရာ လိုမည် မထင်ပါ။ ပြောလေ့ ပြောထလည်း မရှိပါ။ ဒါကို ဘာကြောင့် ဖိလစ်ပိုင် အားကစား အာဏာပိုင်တို့က ဘောလုံးနှင့် ဖူဆယ် မပြိုင်ဟု ကြိုတင် ထုတ်ပြောနေကြပါသနည်း။
ဆီးဂိမ်း ဆိုသည်မှာ အရှေ့တောင် အာရှ နိုင်ငံချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အဓိကထားသည့် အားကစား ပြိုင်ပွဲ ဖြစ်သည်။ တနိုင်ငံနှင့် တနိုင်ငံ စိတ်ဝမ်းကွဲပြားစေသော စကားမျိုး အားလုံးက မပြောကြဖို့ လိုမည် ထင်သည်။ ။