အားကစား

လွမ်းစရာ အားကစား ကြွေးကြော်သံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အာရှဘောလုံး အဖွဲ့ချုပ် (AFC) အသိအမှတ်ပြု လိုင်စင်ရ နည်းပြဆရာ အရေအတွက်မှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးနေခြင်းနှင့် ပတ်သက်၍ “မြန်မာနိုင်ငံရှိ လိုင်စင်ရ နည်းပြဆရာ အရေအတွက်ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းကို နည်းပါတယ်။ ဒီမှာက အယောက် ၃၀ လောက်ပဲ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းမှာဆိုရင် ၁၀၀၀ ကျော်၊ ဂျပန်နိုင်ငံမှာဆိုရင် ၃၀၀၀ ကျော် ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌက မြန်မာဘောလုံး တိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။ မှန်သောစကားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖွင့်ဟပြောကြားသွားခြင်းပင် ဖြစ်သည်။

AFC အသိအမှတ်ပြု နည်းပြဆရာများပင်လျှင် နိုင်ငံတကာ အတိုင်းအတာနှင့် ဆိုလျှင် ဒုတိယအဆင့်သာ ရှိသေးသည်။

ကမ္ဘာ့ဘာလုံး အဖွဲ့ချုပ် (FIFA) က စနစ်တကျ သင်ကြားပို့ချပြီး မှန်မှန်ကန်ကန် စာမေးပွဲများ စစ်ကာ အဆင့် ၃ ဆင့် (A,B,C) ခွဲ၍ အောင်မြင်သူများကို အဆင့်မြင့် ဘောလုံးပြိုင်ပွဲကြီးများ၊ ဥပမာ ကမ္ဘာ့ဖလား ဘောလုံးပွဲ၊ ဥရောပ ဖလား ဘောလုံးပွဲနှင့် နိုင်ငံတကာ လိဂ် ပြိုင်ပွဲများတွင် နည်းပြဆရာ လုပ်ခွင့် လိုင်စင်ရမှသာလျှင် ပထမတန်း နည်းပြဆရာများဟု အသိအမှတ်ပြုခြင်း ခံရသည်။

မြန်မာနိုင်ငံတွင် ဖီဖာက ထုတ်ပေးသည့် လိုင်စင်ရ နည်းပြဆရာများ မရှိသေးဟု ထင်ပါသည်။ သို့သော် စဉ်းစားစရာ တချက်တော့ ရှိသည်။ မြန်မာ အားကစား ရွှေခေတ် မတိုင်မီကပင် မြန်မာနိုင်ငံတွင် အဆင့်မြင့် နည်းပြဆရာကြီးများ ရှိခဲ့ဖူးသည်။ ဦးဘသန်း၊ ဦးမောင်မောင်ကလေး၊ မစ္စတာ ပတ်စလေ၊ ဦးစိန်လှိုင်၊ ဦးငြိမ်း (တက္ကသိုလ်) အစရှိသည့် နည်းပြဆရာကြီးများမှာ ဖီဖာမှ အောင်လက်မှတ် မရှိကြသော်လည်း ဖီဖာလက်မှတ်ရ နည်းပြဆရာများနှင့် တန်းတူ နည်းပြဆရာ အလုပ်ကို အောင်မြင်အောင် လုပ်ဆောာင်နိုင်ခဲ့ကြသည်။ ထို့ကြောင့် “ရှိတော့ ရှိ၏၊ ရှားသည်” ဆိုရမည်။

ယနေ့ခေတ်သည် ပညာခေတ် ဖြစ်စည်။ ပညာမတတ်လျှင် မည့်သည့်ကိစ္စမှ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိကြမည် မဟုတ် (ပညာတတ် ဆိုရာတွင် စာတတ်ခြင်းကို မဆိုလိုပါ)။ သူ့ ဘာသာရပ်ဆိုင်ရာ အလိုက် ပညာတတ်ကြရမည် ဖြစ်ပါသည်။ ဘောလုံးဆိုလျှင် ဘောလုံးပညာ၊ လက်ဝှေ့ဆိုလျှင် လက်ဝှေ့ပညာရပ်များ စသည်တို့ ဖြစ်သည်။ သို့ရာတွင် အားလုံးသော ပညာရပ်များအတွက် တူညီသော အချက်တခုရှိသည်။ ယင်းမှာ အင်္ဂလိပ်စကားကို မရေးတတ်လျှင် ရှိစေဦးတော့ ဖတ်တတ် ပြောတတ် နားထောင်တတ်ဖို့ လိုသည်။ ချွင်းချက်တခုတော့ ရှိသည်။ AFC သို့မဟုတ် FIFA မှ နည်းပြဆရာဖြစ် စာမေးပွဲများ ဖြေဆိုလျှင်မူ အင်္ဂလိပ်လို ရေးတတ်ဖို့တော့ လိုသည်။

နည်းပြဆရာများသည် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် အားကစားပညာရပ်ကို တတ်သိကျွမ်းကျင်ရုံမျှနှင့် မလုံလောက်ပါ။ ခေတ်ပညာ အသင့်အတင့်တော့ တတ်ဖို့လိုသည်။ အားကစားပညာရပ်များကို လက်တွေ့သင်ကြား ပြတတ်ရုံနှင့် နည်းပြဆရာကောင်း မဖြစ်နိုင်ပါ။ အားကစားနှင့် ပတ်သက်သည့် သဘောတရားများကိုပါ သိနားလည်ဖို့ လိုပါသည်။ မြန်မာနိုင်ငံတွင် မြန်မာလို ပြုစုထားသည့် အားကစား ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများမှာ ယခု အချိန်အထိ မရှိသလောက်ပင် ရှားပါးနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်ပေါင်း ၄၄ ဖွဲ့ရှိသည်ဟု သိရပါသည်။ ယင်း ၄၄ ဖွဲ့ထဲမှ အားကစား ကလောင်ရှင်များ အဖွဲ့ချုပ်နှင့် အမျိုးသမီး အားကစား အဖွဲ့ချုပ်တို့မှာ အားကစား အဖွဲ့ချုပ်များ မဟုတ်ပါ။ သို့ပါ၍ အားကစား နည်း ၄၂ မျိုးအတွက် အလိုအပ်ဆုံးဖြစ်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်း (Law, Rule and Regulation) စာအုပ်များ မြန်မာဘာသာပြန်ဆို ထားသည့် အားကစားနည်း စာအုပ် မည်မျှ ရှိနေပါသနည်း။

ဆီးဂိမ်း အကြိုနောက်မှ ဖွဲ့စည်းထားသည့် ရွှေကြာပင် အားကစားနည်းများကို မဆိုထားဘိ၊ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ရှိခဲ့သည့် ရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော စသည့် အားကစား နည်းများ ဆိုင်ရာ ဥပဒေ စာအုပ်များ၊ လေ့ကျင့်မှုဆိုင်ရာ စာအုပ်များ မည်မျှ ရှိနေပါသနည်း။

ဘော်လီဘော ဥပဒေစာအုပ်နှင့် လေ့ကျင့်မှုဆိုင်ရာ စာအုပ်များ ယခင်က ထွက်ရှိခဲ့ဖူးသည်။ အနည်းဆုံး နှစ်ပေါင်း ၃၀ ကြာခဲ့ပြီ ဖြစ်သည်။

ဘောလုံးကတော့ FIFA မှ “Law of the Games” အသစ်တအုပ် မြန်မာဘာသာ ပြန်ဆိုပြီး ထုတ်နေသည်။ သို့သော် ပြည်သူအများ လေ့လာဖို့ မဟုတ်၊ အဖွဲ့အတွင်း ကန့်သတ် အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အားကစားများနှင့် ပတ်သက်သည့် ဗဟုသုတ ခေါင်းပါးနေဆဲပင် ဖြစ်သည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဘောလုံးပြိုင်ပွဲများ ကျင်းပသင့်ကြောင်း ပြောလာသည့် ဘောလုံးအသင်းခေါင်းဆောင်များ ရှိလာနေသည်။ နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ကျင်းပမည်ဆိုလျှင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း ဥပဒေများ အတိုင်းသာ ကျင်းပရမည် ဆိုခြင်းကို မသိသူများ ရှိနေသည့် မြန်မာနိုင်ငံတွင် အားကစား အဆင့်အတန်း မတိုးတက်ခြင်းမှာ မဆန်းလှပါဟု ဆိုရမည့် သဘောပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အားကစား အဆင့်အတန်း သတ်မှတ်ရာတွင် မှားနေကြသည်။ အားကစား အသင်းတသင်း သို့မဟုတ် အားကစားသမား တယောက် နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (များ) ဆွတ်ခူးနိုင်ခဲ့လျှင် အားကစား အဆင့်အတန်း တိုးတက်သည်ဟု ယေဘုယျ  သတ်မှတ်လေ့ရှိသည်။ ယင်းအယူအဆမှာ မမှားသော်လည်း မမှန်ပါ။ အားကစား အဆင့်အတန်း တိုးတက်သည် ဆိုခြင်းမှာ နိုင်ငံတနိုင်ငံ၏ အားကစား ဝန်းကျင် တရပ်လုံး တိုးတက်နေခြင်းကို ဆိုလိုရင်း ဖြစ်သည်။

အားကစားရုံ၊ အားကစားကွင်းများ ရှိသင့် ရှိထိုက်သော နေရာ ဒေသများတွင် ရှိရမည်။ လက်ရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ် အထူးဒေသကြီးများ၊ မြို့တော်များတွင် နိုင်ငံတကာ အဆင့်ရှိ အားကစား ရုံ၊ အားကစား ကွင်းများ ရှိနေကြပါပြီလား။ ယင်းဒေသကြီးများ အတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့ကြီးများတွင် ကိုယ့်နည့် ကိုယ့်ဟန်ဖြင့်ပင် ဆောက်လုပ်ထားသည့် အားကစားကွင်း၊ အားကစားရုံများ ရှိနေပြီလား။ အားကစားကွင်း၊ အားကစားရုံများ ရှိနေပြီ၊ နောက် ပြိုင်ပွဲကြီးများ ကျင်းပပေးနေပြီလား။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစား မောင်မယ်များ ရှိနေပြီလား။ အားကစားပွဲများကို ကြီးကြပ်ကြမည့် ဒိုင်လူကြီးများ ပြည့်ပြည့်စုံစုံ ရှိကြပါပြီ လား။ အားကစားကွင်း၊ အားကစားရုံနှင့် အားကစားပြိုင်ပွဲများ ရှိသော်လည်း ပါဝင်ယှဉ်ပြိုင်မည့် အားကစား သမားများ ရှိနေပါသလား ဟု ဆန်းစစ်ကြည့်လျှင် လည်းကောင်း၊ မူလတန်းမှ အစ တက္ကသိုလ်များအထိ လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများ ရှိနေပါပြီလားဟု လည်းကောင်း သုံးသပ်ကြည့်သင့်ကြသည်။

အားကစားကွင်း၊ အားကစားရုံများ၊ အားကစား လေ့လာလိုက်စားလိုကြသည့် လူငယ်လူရွယ်များအား သက်ဆိုင်ရာ အားကစားနည်း အလိုက် သင်ကြားပေးမည့် ပြည်တွင်း နည်းပြဆရာများ လုံလုံလောက်လောက် ရှိနေသင့်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ထောင်ချီ၍ ရှိနေသော နည်းပြဆရာများသည် ကလပ်အသင်းများ ချည်းသာ လေ့ကျင့်သင်ကြားပေးနေမည် မဟုတ်၊ အနာဂတ် အားကစားလောကအတွက် အခြေခံကျသည့် မျိုးဆက်သစ်များ ထွက်ပေါ်လာမည့် စာသင်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် စက်ရုံအလုပ်ရုံ များတွင်လည်း သင်ကြားပေး နိုင်လိမ့်မည် ဖြစ်သည်။

ဘောလုံး အားကစားနည်း တမျိုးတည်းသာမက ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၃၃ မျိုးအတွက် နိုင်ငံတကာ အဆင့် သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များက အပြည်ပြည်ဆိုင်ရာ အားကစား ပြိုင်ပွဲများတွင် ဒိုင်လူကြီးတာဝန် ထမ်းဆောင်ခွင့် ပြုသည့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး အဖြစ် အသိအမှတ်ပြုသည့် ဒိုင်လူကြီးများ မြန်မာနိုင်ငံတွင် ဘယ်နှယောက် ရှိနေပါပြီလဲ။

ယခင်ကမူ အိုလံပစ် အားကစား နည်းများ ဖြစ်သည့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ကြက်တောင်၊ အလေးမ၊ ဘောလုံး အစရှိသည့် အားကစားနည်းများတွင် နိုင်ငံတကာ အားကစား သိပ္ပံများတွင် တက်ရောက်သင်ကြားခဲ့ပြီး အနိမ့်ဆုံး ဒီပလိုမာ လက်မှတ်နှင့် အမြင့်ဆုံး Master of Sport ဘွဲ့ရ နည်းပြများ ဆရာများ ရှိခဲ့ဖူးသည်။

အထူးသဖြင့် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ဆိုဗီယက် ပြည်ထောင်စု၊ အရှေ့ဂျာမနီ၊ အနောက် ဂျာမနီ၊ ဟန်ဂေရီ စသည့် နိုင်ငံများသာမက အမေရိကန် ပြည်ထောင်စု အထိ အားကစား ပညာတော်သင်များ စေလွှတ်ခဲ့ဖူးသည်။ ယင်းနောက် အစိုးရများ လက်ထက်တွင်မူ နိုင်ငံခြားတိုင်းပြည်များသို့ အားကစား ပညာတော်သင်များ စေလွှတ်ခြင်းများ မရှိတော့ပါ။ ပြည်တွင်း နည်းပြဆရာများဖြင့်သာ ဖြစ်သလို စခန်းသွားခဲ့ရာ ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းတွင် ရွှေတံဆိပ် ၃ ဆုသာ ရတော့သည်အထိ မြန်မာ့ အားကစား အခြေအနေက ယိမ်းယိုင်သွားခဲ့သည်။ ဆီးဂိမ်း ပြိုင်ပွဲတွင် ရွေတံဆိပ် ၂၀ ကျော်၍ ၂၆ ဆုသာ ရခဲ့သည်မှာ ၁၉၇၉ ခုနှစ် ဂျကာတာ ဆီးဂိမ်းတွင် နောက်ဆုံး ဖြစ်သည်။ ရွှေတံဆိပ် ၈ ဆု၊ ၄ ဆု၊ ၃ ဆု သာ ရရှိခဲ့သည့် ဆီးဂိမ်းများပင် ရှိခဲ့သည်။ အဆင့်ကလည်း သတ္တမအဆင့်မှ တက်မလာသေးပါ။ ၂၀၀၉ ခုနှစ် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၂ ဆုသာ ရပြီး အိမ်ရှင် လာအိုထက် အဆင့်နိမ့်ခဲ့သည်။

အားကစားကွင်း၊ အားကစားရုံး လုံလောက်စွာ မရှိ၊ အားကစား ပြိုင်ပွဲများ တပွဲတလေသာ ကျင်းပ၊ ယှဉ်ပြိုင်မည့် အားကစား မျိုးဆက်သစ်များကလည်း စာသင်ခန်းထဲက မထွက်၊ ရှိသမျှ အားကစားသမားလေးများကို စနစ်တကျ သင်ကြားပြသ မပေးနိုင်သည့် အနေအထားတွင် “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည်ကတော့ ယခုအခါ လွမ်းစရာ ကြွေးကြော်သံ အဖြစ် ကျန်ရစ်ခဲ့ပါပြီ။

မြန်မာ့ အားကစား မူလနေရာ ရောက်အောင် ကြိုးစားကြပါစို့။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading