အားကစား

ဆီးဂိမ်း အားကစားပွဲများကို လေ့လာခြင်း (၁)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) ကျင်းပရန် လပိုင်းမျှသာ လိုပါတော့သည်။ တိတိကျကျ ဆိုလျှင် ယခုဆောင်းပါး ရေးနေသည့် ဇူလိုင် ၁၆ မှ စ၍ ရေတွက်လျှင် ၄ လနှင့် အရက် ၂၀ မျှသာ လိုပါတော့သည်။

နေပြည်တော် ဆီးဂိမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ပါ ၁၁ ရက်တွင် သတ်မှတ်ထားသော်လည်း အားကစား ပြိုင်ပွဲ အချို့ကို ဒီဇင်ဘာ ၄ ရက် သို့မဟုတ် ၅ ရက် ကွာဟချက်မှာ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ဖြစ်သည်။ ဤဆေင်းပါးတွင် ဒီဇင်ဘာ ၄ ရက်ကို အခြေခံ၍ တင်ပြသွားမည် ဖြစ်ပါသည်။

နောက်ဆုံး ရရှိသည့် သတင်းများအရ အာဆီယံ ၁၀ နိုင်ငံစလုံးမှ ပါဝင်ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ အားကစားနည်းများ အလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ စာရင်းကို စက်တင်ဘာ ၁၅ ရက်နောက်ဆုံး ထား၍ တင်သွင်းကြရမည် ဟု ဆိုသည်။ မြန်မာနိုင်ငံက အိမ်ရှင်ဖြစ်သည့် အားလျော်စွာ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၃၃ မျိုးစလုံး၌ ပါဝင်ယှဉ်ပြိုင်ကြဖွယ် ရှိပါသည်။

သို့ရာတွင် ယနေ့အထိ မည်သည့် အားကစားနည်းများတွင် အားကစားသမား မည်မျှ ပါဝင်ယှဉ်ပြိုင်မည်ကို ထုတ်ပြန် နိုင်ခြင်း မရှိသေးပါ။ အားကစားအဖွဲ့ အားလုံးမှာ လေ့ကျင့်နေဆဲ ဖြစ်ပါသည်။ လက်ရည်စမ်းသပ် ပြိုင်ပွဲများ ပြည်တွင်းမှာရော ပြည်ပတွင်ပါ ပြုလုပ်နေကြဆဲ ဖြစ်ပါသည်။

မြန်မာ အားကစားအဖွဲ့သည် ပျမ်းမျှ အားကစား တမျိုးတွင် ရွှေတံဆိပ် ၂ ဆု ရလျှင်ပင် နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၆၆ ဆု ဆွတ်ခူးပါလိမ့်မည်။ ပျမ်းမျှ ရွှေတံဆိပ် ၃ ဆု ရလျှင် စုစုပေါင်း ရွှေတံဆိပ်ဆု ၉၉ ဆု ရပေလိမ့်မည်။ ဤသည်မှာ စာရွက်ပေါ်မှ တွက်ကိန်းဖြစ်သည်။ လက်တွေ့တွင် ရနိုင်ဖွယ် မရှိပါ။

အားကစားနည်း ၃၃ မျိုးတွင် မြန်မာ အားကစားသမားများ ရွေတံဆိပ် လုံး၀ မရနိုင်သည့် အားကစားနည်းများ ရှိနေပါသည်။ ယင်းအပြင် ပြိုင်ပွဲအရ ရွှေတံဆိပ် ၂ ခု သာ ချီးမြှင့်သည့် အားကစား နည်းများလည်း ရှိနေပါသည်။

ယင်း အားကစားနည်းများမှာ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဟော်ကီ၊ ဝါတာပိုလို နှင့် ဟော်ကီတို့တွင် အမျိုးသမီး ပြိုင်ပွဲများ ပါမှသာ ရွှေတံဆိပ် ၂ ဆု ရရှိနိုင်သည်။ သို့ရာတွင် သက်ဆိုင်ရာမှ ကြေငြာထားချက်အရ ဝါတာပိုလို အားကစားနည်းတွင် အမျိုးသား ပြိုင်ပွဲသာ ပါပါသည်။

အသင်းလိုက် အားကစား နည်းများကို အကြမ်းဖျင်း ကြိုတင်၍ ခန့်မှန်းထားကြည့်မိသည်။

ဘောလုံး အားကစားနည်းမှာ မြန်မာပြည်သူတို့၏ သည်းခြေကြိုက် အားကစားနည်း ဖြစ်သည်။ မြန်မာဘောလုံးသည် ကျွန်းဆွယ်ပြိုင်ပွဲ (SEAP) လက်ထက်တွင် အအောင်မြင်ဆုံး အသင်းတသင်းဖြစ်သည်။ သို့ရာတွင် ၁၉၅၉ ခုနှစ်တွင် စတင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် ၃ ပွဲ ကစားရာ ၃ ပွဲစလုံး ရှုံးသည်။ (ထိုင်း၊ တောင်ဗီယက်နမ်၊ မလေးရှားနှင့် မြန်မာ ယှဉ်ပြိုင်ရာ မြန်မာက စတုတ္ထသာ ရခဲ့သည်။)

၁၉၆၁ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသည့် ဒုတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်သာရသည်။ မလေးရှား အသင်းက ၂း၀ ဂိုးဖြင့် နိုင်ပြီး ပထမ ရွှေတံဆိပ်ရသည်။

၁၉၆၁ ခုနှစ် ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲ ဂယက်ရိုက်ခတ်ခဲ့သေးသည်။ ဘောလုံးသမား အချို့ လုပ်ပွဲ ကစားသည်ဟု ဆိုကာ အပြစ်ပေး အရေးယူမှုများ ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ လုပ်ပွဲ မကစားဟု ဆိုကာ အပြစ်ပေးခံထားရသည့် ဘောလုံးသများများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ၁၉၆၅ ခုနှစ်ကျမှ တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ ကျင်းပသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင် ၁၉၆၁ တုန်းက သံသယ ရှိခဲ့သည့် ဘောလုံးသမား အချို့ကို ချန်လှပ်ထားပြီး လူသစ်များဖြင့် အစားထိုးခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ၂ ဂိုးစီ သရေကျပြီး ပူးတွဲ ဗိုလ်စွဲခဲ့သည်။ ထိုင်းအသင်းက ၂ ဂိုးသွင်းပြီးမှ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း တိုက်စစ်မှူး ခင်မောင်က ၂ ဂိုးစလုံး ပြန်လည် ချေပခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စုပွဲများ၌ ပထမပွဲတွင် မလေးရှား အသင်းကို ၂း၁ ဖြင့် နိုင်သည်။ ဒုတိယပွဲ၌ အိမ်ရှင် ထိုင်း အသင်းကို ၁း၀ ဖြင့် နိုင်သည်။ အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်သည်။ လာအို အသင်းကို ၂း၀ ဖြင့် နိုင်သည်။

ဗိုလ်လုပွဲတွင် တောင်ဗီယက်နမ် အသင်းကို ၂း၁ ဖြင့်နိုင်ပြီး ကျွန်းဆွယ် ဘောလုံး ရွှေတံဆိပ်ကို လွတ်လွတ်ကျွတ်ကျွတ် ဆွတ်ခူးနိုင်ခဲသည်။ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်တွင် ကျင်းပသည်။

၁၉၆၉ ခုနှစ် ကျွန်းဆွယ် ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် ၅ နိုင်ငံသာ ယှဉ်ပြိုင်သည်။ ကမ္ဘောဒီးယားက ကျွန်းဆွယ်ပွဲ တပွဲလုံးတွင် ဝင်မပြိုင်ပါ။ စင်ကာပူက ဘောလုံးပွဲတွင် ဝင်မပြိုင်ပါ။ မြန်မာနှင့် ထိုင်း ၂ သင်းတည်းသာ အုပ်စု (၁) တွင် ကျသည်။ မလေးရှား၊ တောင်ဗီယက်နမ်နှင့် လာအိုက အုပ်စု (၂) တွင် ကစားရသည်။ မြန်မာ အသင်းနှင့်ထိုင်း အသင်း ၁ ဂိုးစီ သရေကျပြီး အကြိုဗိုလ်လုပွဲ တက်သည်။ မြန်မာအသင်းက တဘက်အုပ်စုမှ ဒုတိယ ရသည့် လာအိုနှင့် ကစားရသည်။ ၄ ဂိုး၊ ဂိုးမရှိဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် ထိုင်းနှင့် ပြန်တွေ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် နိုင်သည်။ ကျွန်းဆွယ် ဘောလုံး ရွှေတံဆိပ်ကို ထပ်ဆင့် ဆွတ်ခူးခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ၆ ကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပသည်။ ကျွန်းဆွယ် အားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စုပွဲတွင် တောင်ဗီယက်နမ် အသင်းနှင့် ဂိုးမရှိ သရေကျသည်။ စင်ကာပူကို ၁း၀ ဖြင့် နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ၃း၁ ဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် မလေးရှားကို ၂း၁ ဖြင့်နိုင်သည်။ ရွှေတံဆိပ် ရသည်။

၁၉၇၃ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို စင်ကာကူနိုင်ငံ၌ ကျင်းပသည်။ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် တောင်ဗီယက်နမ်၊ လာအိုအသင်းတို့နှင့် ကစားရသည်။ လာအိုအသင်းကို ၈း၀ ဖြင့်နိုင်သည်။ တောင်ဗီယက်နမ်ကို ၃း၂ ဖြင့်နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် မလေးရှားကို ၁း၀ ဂိုးဖြင့် နိုင်သည်။

ဗိုလ်လုပွဲတွင် တောင်ဗီယက်နမ် အသင်းကိုပင် ၃း၂ ဖြင့် နိုင်သည်။ ယင်း နိုင်ပွဲသည် အရှေ့တောင် အာရှ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအသင်း နောက်ဆုံးရွှေတံဆိပ် ဆွတ်ခူးခြင်းပင်ဖြစ်သည်။

၁၉၇၅ ခုနှစ်တွင် ကျွန်းဆွယ် ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်သည်။ မြန်မာအသင်းသည် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသဖြင့် ၄ နိုင်ငံတည်းသာ ယှဉ်ပြိုင်ကြရသည်။ လေးသင်း ရှုံးထွက်စနစ်ဖြင့် ကစားရသည်။ မြန်မာအသင်းက စင်ကာပူအသင်းကို ၁း၀ ဖြင့်နိုင်သည်။ အကြိုဗိုလ်လုပွဲ အဖြစ် မလေးရှားနှင့် ကစားရသည်။ ဝး၁ ဖြင့် ရှုံးသည်။ တတိယလုပွဲ အဖြစ် ထိုင်းအသင်းကို ရှုံးခဲ့သော စင်ကာပူအသင်းနှင့် ကစားရာ ၂ ဂိုးစီ သရေကျပြီး ပူးတွဲ တတိယ ကြေးတံဆိပ် ရခဲ့သည်။ ကျွန်းဆွယ်ပွဲလည်း ဇာတ်သိမ်းသည်။ မြန်မာ ဘောလုံးအသင်း အောင်မြင်မှုများလည်း တခန်းရပ်သွားခဲ့သည်။

၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်တို့ ပါဝင်လာကြပြီး အရှေ့တောင်အာရှ အားကစားပွဲ (South East Asia Games – SEA Games) အဖြစ် အမည်ပြောင်းပြီး ကျင်းပခဲ့သည်။ ယင်း ခုနှစ်မှစကာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ၂၆ ကြိမ်မြောက် ဆီးဂိမ်းအထိ မြန်မာအသင်း ရွှေပျောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲကို အသက် ၂၃ နှစ် နှင့် အောက် ဟူ၍ ကစားသမား ကန့်သတ်လိုက်သည်။

၂၀၁၁ ခုနှစ် ဂျကာတာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင်မူ အကြိုဗိုလ်လုပွဲတွင် မလေးရှားအသင်းကို ဝး၁ ဖြင့် ရှုံးသည်။ တတိယနေရာ လုပွဲတွင်မူ ဗီယက်နမ်ကို အသင်းကို နိုင်ပြီး တတိယ ကြေးတံဆိပ် ရခဲ့သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်မည့် ယူ ၂၃ မြန်မာ လက်ရွေးစင် အသင်းမှာ လေ့ကျင့်နေဆဲ ဖြစ်သည် လေ့ကျင့်စဉ်ကာလ  ခြေစမ်းပွဲများ ကစားရာတွင် နိုင်ပွဲ လုံး၀ မရှိသေးပါ။ အာဆီယံ နိုင်ငံချင်း ဖြစ်သည့် စင်ကာပူ အသင်းနှင့် ဗီယက်နမ် အသင်းတို့ကို ရှုံးထားသည်။ ဘောလုံးသမားများမှာလည်း ထိခိုက်ဒဏ်ရာ ရရှိမှု များပြားနေ သည်။ အစားထိုး လေ့ကျင့်ထာားသူများမှာလည်း လိုအပ်သည့် အဆင့်သို့ ရောက်မလားသေးပါ။ အုပ်စုတွင်းမှ လွတ်မြောက်ပြီး အကြိုဗိုလ်လုပွဲ ရောက်ရန် အထူး (အထူး) ကြိုးပမ်းမှ တန်ရုံကျမည် ဖြစ်သည်။ လက်ရှိ ခြေစွမ်းအရမူ အားရစရာ မရှိသေးသည်ကတော့ အမှန်ပင် ဖြစ်၏။ အမျိုးသမီး အသင်းနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းက နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ရရန် နီးစပ်သည်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် လတ်တလော အာဆီယံ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ် အမျိုးသမီး အသင်းတို့ကို နိုင်ပြီး ခြေစစ်ပွဲ အောင်ထားသည်။

မြန်မာအမျိုးသမီး အသင်းမှာ အရှေ့တောင်အာရှ အားကစားပွဲတွင် အမျိုးသမီး အားကစား ထည့်သွင်း ကျင်းပ ကတည်းကပင် စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတိုင်းတွင် ငွေနှင့် ကြေး တခုခု အမြဲဆွတ်ခူးနိုင်သည်။ သို့သော် အမျိုးသမီး ဘောလုံး အသင်းကလည်း ဆီးဂိမ်းတွင် နောက်ဆုံး ဗိုလ်လုပွဲသို့ အကြိမ်ကြိမ် တက်ရောက်သော်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါ။ ယင်း အစဉ်အလာဆိုးကြီးကို မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ချေဖျက်ပစ်နိုင်ဖွယ် ရှိသည်ဟု သုံးသပ်မိသည်။ ဆီးဂိမ်း ဘောလုံ (Soccer) တွင် ရွှေတံဆိပ် ၂ ဆု၊ (အမျိုးသား၊ အမျိုးသမီး) ပေးရာ အနည်းဆုံး ရွှေတံဆိပ် တဆုတော့ ရနိုင်ခြေရှိသည်။

ဘောလုံးနှင့် တွဲ၍ ဖူဆယ်ဘောလုံးပွဲ ထည့်သွင်းထားသည်။ ဖူဆယ် ဘောလုံးပွဲမှာ အားကစားရုံအတွင်း၌ ကစားရသည့် ဘောလုံး ကစားနည်း ဖြစ်သည်။ တသင်းလျှင် ၅ ယောက်စီ ကစားရသဖြင့် ယခင်က “Five Aside” ဘောလုံး ကစားနည်းဟု ခေါ်ဝေါ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင်မူ လမ်းမကျယ်ကြီးများ မြေကွက်လပ်များပေါ်တွင် ကစားလေ့ ရှိကြသည်။ လမ်းမကျယ်ကြီးများတွင် ကစားကြရာ၌ တင်းနစ်ဘောလုံးများဖြင့် ကစားကြသည်။ “W BALL” ဟု ခေါ်ကြသည်။ မြေကွက်လပ်များတွင် ကစားကြသည့် ပွဲကို “ဂိုးကျဉ်း” ဟု ခေါ်ကြသည်။ အားကစားရုံအတွင်း ကစားသည့် ဖူဆယ် ဘောလုံးပွဲမှာ ရန်ကုန်တွင်သာ ကစားလျက် ရှိသည်။ တတိုင်းပြည်လုံး အတိုင်းအတာဖြင့် လေ့လာလိုက်စားမှု နည်းပါသေးသည်။

အမျိုးသား အသင်းသည် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ အနည်းငယ် ရှိသည်။ ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် မရခဲ့ဖူးပါ။ လာမည့် ဆီးဂိမ်းတွင် ရွှေတံဆိပ်ရ လိုလျှင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် အသင်းတို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမည် ဖြစ်သည်။ ကျော်ဖြတ်နိုင်စွမ်း မရှိသေးဟု သုံးသပ်မိသည်။

ဖူဆယ် ဘောလုံး ပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲပါ ထည့်သွင်းထားသည် အမျိုးသမီးအသင်း အကြောင်း၊ ပြိုင်ပွဲ အကြောင်း မသိရပါ။ ဖူဆယ် တာဝန်ခံကတော့ အမျိုးသမီး အသင်း ရွှေတံဆိပ် ရနိုင်သည်ဟု ခန့်မှန်းထားသည်။

သို့ဖြစ်ရာ ဘောလုံး (Soccer နှင့် ဖူဆယ် ၂ မျိုးပေါင်းမှ ) ရွှေတံဆိပ် ၄ ဆု ရနိုင်သည်။ စာရေးသူ အမြင်ကတော့ ဘောလုံးတွင် အမျိုးသမီး အသင်းက ရွှေတံဆိပ် ရနိုင်ခြေ ရှိပြီး၊ အမျိုးသား အသင်းကတော့ အထူး ကြိုးစားကြရမည် ဖြစ်သည်။ လက်ရှိ (ဇူလိုင်) အနေအထား အရမူ အမျိုးသား အသင်း ရွှေတံဆိပ် ရရေး ခရီးမှာ ခက်ခဲကြမ်းတမ်းမည် ဖြစ်သည်။ ဖူဆယ် ဘောလုံးကတော့ အမျိုးသား အသင်း ရွှေတံဆိပ်ရဖို့ မလွယ်ပါ။ ဝါနုလွန်းအားကြီးသည်။ အမျိုးသမီး အသင်းအကြောင်းကိုမူ မသိရသေးပါ။

ဘောလုံး ပြိုင်ပွဲများကို ဒီဇင်ဘာ ၇ မှ ၂၀ ရက်နေ့အထိ ရန်ကုန် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားကွင်းများတွင် ကစားရမည် ဖြစ်သည်။

အမျိုးသမီး ဘောလုံး ပြိုင်ပွဲများကို မန္တလေး အဆင့်မြင့် အားကစားပြိုင်ဝင်းတွင် ဒီဇင်ဘာ ၈ မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

ဖူဆယ် ဘောလုံးပွဲများကို နေပြည်တော် ဖူဆယ် အားကစားရုံ၌ ဒီဇင်ဘာ ၈ မှ ၂၁ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ထားသည်။ ဤသည်မှာ နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် ဘောလုံးပြိုင်ပွဲများ အကြောင်းကို ကြိုတင် သုံးသပ်ထားခြင်း ဖြစ်ပါသည်။     ။

ဆက်လက်ဖော်ပြပါမည်။

Did you find apk for android? You can find new Free Android Games and apps.
Loading