ယခင် အပတ်က မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် ထည့်သွင်း ကျင်းပမည့် ဘောလုံး (Soccer) နှင့် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ယူ-၂၃ လက်ရွေးစင် အသင်း၊ အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ဖူဆယ် အမျိုးသား၊ အမျိုးသမီး အသင်းများ အကြောင်းကို ခြုံငုံသုံးသပ်ခဲ့ပါသည်။
ယခု တပတ်တွင်မူ ကျန်နေသေးသည့် ဘောလုံး ကစားနည်းများ ဖြစ်သည့် ဘော်လီဘောနှင့် ဘတ်စကက်ဘော အကြောင်းကို လေ့လာသုံးသပ် ဆွေးနွေးလိုပါသည်။
ဘော်လီဘော အားကစားမှာ ခေတ်သစ် အားကစားနည်း ဖြစ်ပါသည်။ ရှေးဟောင်း အားကစားနည်း မဟုတ်ပါ။ ၁၉၀၀ ပြည့်နှစ်လွန် နှစ်များကျမှ အမေရိကန် ပြည်ထောင်စုက စတင် တီထွင်လိုက်သော အားကစားနည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့မူ ၁၉၂၀ ပြည့်နှစ် ဝန်းကျင်ကျမှ ရောက်ရှိလာခဲ့သည်ဟု ဆိုပါသည်။ သို့သော် ထိုစဉ်က ဘော်လီဘော အားကစားနည်းမှာ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လေ့လာ လိုက်စား ကစားခြင်းမျိုး မရှိသေးပါ။ ဒုတိယ ကမ္ဘာစစ် ပြီးသည့်နောက်ကျမှသာလျင် မြန်မာပြည်တွင် ဘော်လီဘော အားကစားကို စတင် စိတ်ဝင်စားလာခြင်း ဖြစ်ပါသည်။ သို့သော် စနစ်တကျ ဘောလီဘော ဥပဒေများဖြင့် ကစားခြင်း မဟုတ်ပါ။ အရှေ့တိုင်း ဥပဒေ “Eastern Rule” ဟု ဆိုကာ အသင်း တသင်းလျှင် ကစားသမား ၉ ယောက်စီဖြင့် ကစားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်ကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကျမှ စတင် ဖွဲ့စည်းနိုင်ခဲ့သည်။
ဖွဲ့စည်းပြီးသည့် ဘော်လီဘော အဖွဲ့ချုပ်က တရားဝင် ဘော်လီဘော ပြိုင်ပွဲများ စတင်ကျင်းပ ပေးခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်ကျမှ အာရှ ဘော်လီဘော အဖွဲ့ချုပ်၊ နိုင်ငံတကာ ဘော်လီဘော အဖွဲ့ချုပ်များနှင့် ဆက်သွယ်နိုင်ခဲ့သည်။ ထိုစဉ်က အာရှဘော်လီဘော အဖွဲ့ချုပ်လည်း ဖွဲ့စည်းရခြင်း မရှိသေးပါ။
၁၉၅၄ ခုနှစ်တွင် မနီလာမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှ အားကစားပွဲ ကျမှ အာရှဘော်လီဘော အဖွဲ့ချုပ် ဖွဲ့စည်းရေး စည်းဝေးတိုင်ပင်ကြသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနွဲ့ လည်း တက်ရောက်ခဲ့သည်။ ယင်း အစည်းဝေးပွဲမှပင် ၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာရှ အားကစား ပွဲတော်တွင် ဘော်လီဘော ပြိုင်ပွဲ ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ သည်။ အာရှ ဘော်လီဘော အဖွဲ့ချုပ် ဖွဲ့စည်းရေး၊ အာရှ အားကစားပွဲတွင် ဘော်လီဘော ထည့်သွင်းကျင်းပရေး ဆုံးဖြတ်ခဲ့သည့် အထဲတွင် မြန်မာနိုင်ငံက ပါဝင်ခဲ့သော်လည်း မြန်မာလက်ရွေးစင် ဘော်လီဘော အသင်းမှာ ၁၉၅၈ (တိုကျို) အာရှ အားကစားပွဲ ဘော်လီဘော ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။
အာရှ အားကစားပွဲ ဘော်လီဘော ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘော်လီဘော အသင်း ဝင်ရောက် မယှဉ်ပြိုင်ခဲ့ခြင်း မှာ ထိုစဉ်က ဘော်လီဘော အဖွဲ့ချုပ်တွင် တာဝန်ယူခဲ့ကြသည့် လူကြီးများ၏ အမြော်အမြင် ကြီးမားမှုကြောင့် ဖြစ်သည်။ ဘော်လီဘော အားကစားနည်းကို စတင် ပြုစုခါစတွင် အဆင့်မြင့် ပြိုင်ပွဲကြီးတွင် ဝင်ရောက် မယှဉ်ပြိုင်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်၊ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ အားကစားတွင် အဆင့်ရှိသည်။ ဝါနုသေးသော၊ သက်တမ်းငယ်ရွယ်သေးလျှင် အဆင့်မြင့် ပြိုင်ပွဲကြီးများတွင် ဝင်မပြိုင်သင့်ပါ။ ပထမဆုံး တွေ့ကြုံရမည့် အတွေ့အကြုံမှာ ရှုံးနိမ့်ခြင်း အတွေ့အကြုံသာလျှင် ဖြစ်သည်။ အားကစားသမားများ သိမ်ငယ်စိတ်များ ဝင်သွားနိုင်သည်။
အားကစား ဟူသည်မှာ ခုန်ပျံကျော်လွှားပြီး သွားလို့ မရပါ။ တဆင့်ပြီး တဆင့် သွားကြရပါမည်။
မြန်မာ့ လက်ရွေးစင် ဘော်လီဘော အသင်း၏ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဘန်ကောက်ကျွန်းဆွယ် အားကစား ဘော်လီဘော ပြိုင်ပွဲတွင် မြန်မာ၊ လာအို၊ တောင်ဗီယက်နမ်နှင့် အိမ်ရှင် ထိုင်းတို့သာ ပါဝင်ယှဉ်ပြိုင်ကြသည်။
လေးနိုင်ငံ ပတ်လည် အမှတ်ပေး စနစ်ဖြင့် ကစားရသည်။ မြန်မာ ဘော်လီဘော အသင်းက ဒီဇင်ဘာ ၁၃ ရက်တွင် တောင်ဗီယက်နမ် အသင်းနှင့် ကစားရသည်။ ၃ ပွဲ ၁ ပွဲ (၁၅း၁၃၊ ၁၁း၁၅၊ ၁၅း၉၊ ၁၅း၁၂) ဖြင့် နိုင်သည်။
ဒုတိယပွဲ အဖြစ် လာအိုအသင်းနှင့် ဒီဇင်ဘာ ၁၄ ရက်တွင် ကစားရာ ၃ ပွဲပြတ် (၁၅း၉၊ ၁၅း၉၊ ၁၅း၃) ဖြင့် နိုင်သည်။
ထိုင်းအသင်းကလည်း တောင်ဗီယက်နမ်နှင့် လာအိုအသင်းတို့ကို နိုင်သဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနှင့် ထိုင်းတို့ ဗိုလ်လုပွဲ ဖြစ်သွားသည်။
နောက်ဆုံးပွဲတွင် ပြဿနာ ပေါ်သည်။ မြန်မာနှင့် ထိုင်းတို့ ကစားသည့် ပွဲတွင် ကြားနေ ဒိုင်လူကြီး အဖြစ်တာဝန်ယူမည့် ဒိုင်များ မရှိခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာနျင့် ထိုင်းတို့ကသာ ဒိုင်အဖြစ် ဆောင်ရွက်ရန် မဲနှိုက် ဆုံးဖြတ်ရသည်။ ထိုင်း ဒိုင်က အပေါ်ဒိုင်၊ မြန်မာ ဒိုင်က အောက်ဒိုင် ကျသည်။ အထူး ပြောစရာ မလိုပါ။ ပထမပွဲငယ် မပြီးခင်မှာပင် ပွဲသိမ်း သည်။ မြန်မာ ဘော်လီဘော အသင်းက ကန့်ကွက်ဆန္ဒပြကာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြသည်။ ယင်း အချိန်တွင် ထိုင်း အသင်းက ၁၂ မှတ် ၇ မှတ်ဖြင့် ဦးဆောင်နေချိန်ဖြစ်သည်။ ဆုပင် မယူကြဘဲ ဆန္ဒပြခဲ့ကြသည်။ မြန်မာ အားကစား အဖွဲ့ ခေါင်းဆောင်က မြန်မာ ဘော်လီဘော အသင်းကိုယ်စား ဆုများ လက်ခံယူခဲ့သည်။
မြန်မာ လက်ရွေးစင် ဘော်လီဘော အသင်း ပွဲဦးထွက် မလှ ဟုပင် ဆိုရမည် ဖြစ်သည်။
၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည်။ ဘော်လီဘော ပြိုင်ပွဲတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ယှဉ်ပြိုင် ကြသည်။
အားကစားရုံ မရှိသေးသဖြင့် စလင်း ဘောလုံးကွင်းထဲတွင် ဘော်လီဘော ကစားကြရသည်။
မြန်မာနှင့် ထိုင်းအသင်းတို့ ပွဲဦးထွက် ကစားကြရသည်။ ခုံထိုင် ဒိုင်လူကြီး အဖြစ် ပန်ဆပ်ဟမ် (ကမ္ဘောဒီးယား)က ဆောင်ရွက်သည်။ မြန်မာ အသင်းက ၃ ပွဲပြတ် (၁၅း၁၀၊ ၁၅း၁၀၊ ၁၅း၁၂) ဖြင့် နိုင်သည်။
မြန်မာလက်ရွေးစင် ဘော်လီဘော အသင်းသည် ကမ္ဘောဒီးယား အသင်းကိုလည်း (၁၅း၇၊ ၁၅း၁၀၊ ၁၅း၃) ဖြင့် ၃ ပွဲပြတ် နိုင်သည်။
လာအို အသင်းကိုလည်း သုံးပွဲပြတ် (၁၅း၇၊ ၁၅း၁၀၊ ၁၅း၃) ဖြင့်နိုင်ပြီး ရွှေတံဆိပ် ရသည်။
မြန်မာနှင့် ထိုင်း ကစားသည့် ပွဲကို ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး တက်ရောက် ကြည့်ရှုအားပေးသည်။
မြန်မာ့ လက်ရွေးစင် ဘော်လီဘော အသင်း အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲ၊ သို့မဟုတ် ကျွန်းဆွယ် ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်းပင် ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ မကျင်းပဖြစ်ပါ။
၁၉၆၅ ခုနှစ်တွင် ကျွန်းဆွယ် ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပသည်။ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ စတင်ထည့်သွင်း ကျင်းပသည်။ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် စင်ကာပူ အသင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ သုံးသင်း အုပ်စု ပတ်လည် အမှတ်ပေး စနစ်ဖြင့် ကစားရသည်။
မြန်မာ အမျိုးသမီး လက်ရွေးင် ဘော်လီဘော အသင်းမှာ ပွဲဦးထွက်တွင် ထိုင်းအသင်းကို ၃ ပွဲပြတ် (၁၅း၁၀၊ ၁၅း၃၊ ၁၅း၁၀) ဖြင့်နိုင်သည်။ ဒုတိယပွဲ အဖြစ် စင်ကာပူ နှင့် ကစားရာတွင်လည်း ၃ ပွဲပြတ် (၁၅း၄၊ ၁၅း၄၊ ၁၅းဝ) ဖြင့် နိုင်သည်။ ပြိုင်ပွဲဝင် ၃ သင်းတည်းသာ ရှိသဖြင့် ဒုတိယ ပတ်လည် ဆက်ကစားရသည်။ ထိုင်းအသင်းကို ၃ ပွဲ ၁ ပွဲ (၁၈း၁၆၊ ၁၅း၅၊ ၅း၁၅) ဖြင့် နိုင်သည်။
စင်ကာပူအသင်းကို ၃ ပွဲပြတ် (၁၅း၃၊ ၁၅း၅၊ ၁၅းဝ) ဖြင့်ပင် နိုင်သည်။
မြန်မာ အမျိုးသား လက်ရွေးစင် ဘော်လီဘော အသင်းမှာမူ မရှုမလှ ရှုံးနိမ့်ခဲ့သည်။ အသင်း ၆ သင်း ပြိုင်ရာတွင် ပဉ္စမ ရသည်။
ဤသည်မှာ မြန်မာ့လက်ရွေးစင် ဘော်လီဘော အသင်းများ၏ အဖွင့် နိဒါန်းဖြစ်သည်။ မြန်မာ လက်ရွေးစင် အမျိုးသား အသင်းမှာ ဆီးဂိမ်းအထိ ဆက်လက် ယှဉ်ပြိုင်ခဲ့သည်။ နိုင် တလှည့်၊ ရှုံး တလှည့်ပင် ဖြစ်သည် အရှေ့တောင် အာရှ အဆင့်တွင်မူ အရောင်မပျောက်သေးပါ။
မြန်မာ အမျိုးသမီး အသင်းကမူ ၁၉၆၇ ခုနှစ်၊ ထိုင်းကျွန်းဆွယ်တွင် ဒုတိယ၊ ၁၉၆၉ ခုနှစ်၊ ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲတွင် စင်ကာပူအသင်းနှင့် နှစ်သင်းတည်း ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ရသည်။ နောက်ပိုင်းတွင် နိုင်ငံတကာ မြင်ကွင်းမှ တစတစ ပျောက်ကွယ် မှေးမှိန်သွားခဲ့သည်။
ဆီးဂိမ်းခေတ်တွင် ၁၉၉၅ ခုနှစ် ဇင်းမယ်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှု မရတော့ပါ။ အမျိုးသမီး ဘော်လီဘော အဆင့်အတန်း ကျဆင်းရခြင်း၏ အကြောင်းရင်းမှာ ဌာနဆိုင်ရာ ကလပ်အသင်းများ မတည်ထောင်ကြခြင်းသည်လည်း အကြောင်းရင်း တရပ်ဖြစ်သည်။
၂၀၁၃ ဆီးဂိမ်းတွင် အိမ်ရှင် အဖြစ် ဝင်ပြိုင်ရသော်လည်း ထိုင်း၊ ဗီယက်နမ် အသင်တို့နှင့် အဆင့်ကွာဟမှု ကြီးမား သွားပြီ ဖြစ်သည်။ ပြည်ပထွက်၍ လက်ရည်စမ်း ကစားရာ အောင်မြင်မှု မရခဲ့ပါ။
အမျိုးသမီး ဘော်လီဘော အသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ကိုပင် ချီကျူးရမည် ဖြစ်သည်။ ရွှေတံဆိပ် ရဖို့ ခဲ့ယဉ်ပါ သည်။
အမျိုးသား အသင်းကမူ အင်ဒိုနီးရှား၊ ဗီယက်နမ် အသင်းများနှင့် အကြိတ်အနယ် ကစားရဖွယ် ရှိပါသည်။ ဆုရ စာရင်းဝင်လျှင်ပင် ကျေနပ်ရမည့် အဆင့်ဖြစ်သည်။ ။