မြန်မာနိုင်ငံတွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းထားသော ထိုင်းရိုးရာ မွေထိုင်း လက်ဝှေ့ပြိုင်ပွဲကို ထိုင်းနိုင်ငံဘက်မှ ဝင်ရောက် ယှဉ်ပြိုင်ရန်မှာ မသေချာတော့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှ မွေထိုင်း ဖက်ဒရေးရှင်း (Southeast Asia Muay Federation) က ချမှတ်ထားသော စည်းကမ်းများကိုသာ မြန်မာနိုင်ငံက လက်ခံကျင့်သုံးရန် စီစဉ်ထားပြီး ယင်းကို ထိုင်းနိုင်ငံ အပျော်တမ်း မွေထိုင်းအသင်း (Amateur Muaythai Association Thiland – AMAT) က သဘောမတူသောကြောင့် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာဖော်ပြချက်အရ သိရသည်။
“ထိုင်းမှာ အဖွဲ့က နှစ်ခုဖြစ်နေတယ်။ တဖွဲ့က ထိုင်းဘက်က ဖွဲ့စည်းထားတာတခု၊ နောက်တခုက လာအိုမှာတုန်းက မွေထိုင်း တာဝန်ယူထားတဲ့ အာရှမွေထိုင်းကတခု။ နှစ်ခုလုံးကတော့ ကမ္ဘာ့မွေထိုင်း အဖွဲ့အောက်မှာ ရှိပါတယ်။ ကျနော်တို့က လာအိုမှာတုန်းက တာဝန်ယူလုပ်သွားတဲ့ အာရှမွေထိုင်းနဲ့ လုပ်တာ။ အဲဒီမှာ ထိုင်းဘက်က အပျော်တမ်းအဖွဲ့က သူတို့နဲ့ပဲ လုပ်ဖို့ပြောတယ်။ ဒီမှာတော့ ကျနော်တို့ဘက်ကို ဘာမှ မပြောသေးဘူး။ သက်ဆိုင်ရာနိုင်ငံ အိုလံပစ်ကော်မတီတွေ လာတက်တဲ့ အစည်းအဝေးမှာတော့ မူလ ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့နဲ့ပဲ လုပ်ဖို့ပြောထားပါတယ်။ အဆင်ပြေအောင် ညိနှိုင်း လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်” ဟု ဆီးဂိမ်းကျင်းပရေးကော်မတီ၊ ယှဉ်ပြိုင်လေ့ကျင့်ဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။
မြန်မာဆီးဂိမ်းတွင် ပါဝင်မည့် မွေထိုင်း အားကစားနည်း စနစ်နှင့် စည်းမျဉ်း စည်းကမ်းများကို နိုင်ငံတကာ မွေထိုင်းအဖွဲ့ချူပ် (International Federation of Muaythai Amateur – IFMA) မှ တာဝန်ယူစေချင်ကြောင်း အပျော်တမ်းမွေ့ထိုင်း အသင်း AMAT က ၎င်းတို့ သဘောထားကို ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။
မွေထိုင်း အားကစားနည်းမှာ ထိုင်းရိုးရာ အားကစားနည်းတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ညှိနှိုင်းသော်လည်း ထိုင်းဘက်မှ လာရောက် ယှဉ်ပြိုင်ခြင်း မပြုပါက အဆိုပါ အားကစားနည်းကို ပယ်ဖျက်ရန် အစီစဉ်မရှိကြောင်း ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်း အားကစားနည်းတွင် အားကစားနည်း ရွေးချယ်မှု၊ အားကစားစည်းမျဉ်း ချမှတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအပါအဝင် ဖိလစ်ပိုင်နိုင်ငံကပါ ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားကွင်း မပြည့်စုံမှုနှင့် အားကစားနည်းစနစ် အားနည်းမှုတို့ကြောင့် တင်းနစ်၊ ဘတ်စကက်ဘော စသည့် အားကစားနည်းများကို ချန်လှပ်ထားခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ယခုနှစ် မေ ၃၁ ရက် AFP သတင်းဌာနမှ ဖော်ပြချက်အရ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အားကစားရေးရာ ကော်မတီဥက္ကဌ ရစ်ချီ ဂါစီယာ( Richie Garcia) က မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲမှာ မျှတမှု မရှိဟု ပြောဆိုကြောင်း သိရသည်။
အားကစားနည်းများနှင့် ပတ်သက်၍ ရွေးချယ်မှုတွင် ဝေဖန်နေမှုများ ရှိသည့်အပေါ် ဦးသက်လွင်က “ရှင်းပါတယ်။ ကျင်းပတဲ့ အားကစားနည်းတွေမှာ တခြားနိုင်ငံမှာ မပါတာဆိုလို့ မြန်မာ့ခြင်းလုံး၊ မြန်မာ့စစ်တုရင်တို့ပဲ ပါပါတယ်။ ကျန်တဲ့ဟာတွေကတော့ အရင် ကစားနည်းတွေပါပဲ။ ဘာကြောင့် ဒီလိုပြောတာလဲတော့ မသိဘူး။ ထည့်ထားတဲ့ စစ်တုရင်ဆိုလည်း ထိုးနေကျ စစ်တုရင်နဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် ထည့်ထားတာပါ။ ဒီကစားနည်းတွေက တခြား အားကစားနည်းတွေနဲ့ ဆက်စပ်မှုလည်း ရှိတယ်။ အသစ်ကြီး တခုအနေနဲ့ မဟုတ်ဘူး” ဟုပြောသည်။
ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က “ဖိလစ်ပိုင်ဘက်ကနေ ပြောတာတွေ ကြားရပါတယ်။ သိတာက အခုသူတို့ စာရင်းသွင်းထားတာတော့ ၄၀၀ ဦး ထက် မနည်းပါဘူး။ ပထမတော့ ၅၀ ပဲ လွှတ်မယ်ပြောတာ ရှိတယ်။ ဒီစာရင်းတွေက နီးမှ အတိအကျ ထွက်တာပါ။ နောက် ထိုင်းဘက်ကလည်း သူတို့ဖာသာဖြစ်တာပေါ့။ မွေထိုင်းက အမှန်က ထိုင်းကစားနည်းပါ။ ဒီဘက်က ပြင်ဆင်မှုတွေမှာလည်း သံသယ ရှိစရာတွေ ရှိနေလို့လည်းပါတယ်။ နိုင်ငံကိုယ်စားပြု လုပ်တာဆိုတော့ နိုင်ငံတိုင်း ယုံကြည်စွာ ပါဝင်ဖို့ လုပ်ရမှာပေါ့။ ရွှေရဖို့ လုပ်နေတာတော့ မကောင်းဘူးပေါ့။ နိုင်ငံတော်တော်များများ အားကစားထက် ရွှေရဖို့ လုပ်နေတာ များတယ်။ ဒီထဲမှာ မြန်မာ မပါဖို့တော့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ ခြင်းလုံး အားကစားနည်းမှာ ယခုဆီးဂိမ်းပွဲတော်တွင် သရုပ်ပြအဖြစ်သာ ပါဝင်မည် ဖြစ်ကြောင်းနှင့် နောင် အားကစား ပြိုင်ပွဲများကျမှသာ တရားဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသော နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ကစားသမား ၅၇၂၇ ဦးရှိကြောင်း သိရသည်။