၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲ ကျင်းပရန် ၄လမျှသာလိုတော့သည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက် တွင် စတင်ဖွင့်လှစ်မည်ဆိုသော်လည်း အားကစားပြိုင်ပွဲအချို့ကို ဒီဇင်ဘာလ ၁ ရက်မှပင် စတင်မည်ဟု သိရသည်။
ဘတ်စကက်ဘောပြိုင်ပွဲကို အမျိုးသား အမျိုးသမီး ပြိုင်ပွဲနှစ်ရပ်လုံး ထည့်သွင်းကျင်းပရန် လျာထားသည်။ ပြိုင်ပွဲ စမည့်ရက် မှာ ဒီဇင်ဘာလ ၁၆ ရက်ခန့် ဖြစ်သည်။ ဘတ်စကတ်ဘော ကစားနည်းမှာ မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်ကျော် ကာလများက အတော်အတန် ထင်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း မှေးမှိန်လာခဲ့ သည်။
ယခင်က ရန်ကုန်မြို့မှာပင် ထင်ရှားသည့် ဘတ်စကတ်ဘော ကလပ်အသင်းများရှိသည်။ အထက်မြန်မာပြည် မန္တလေးမြို့၌ လည်း ဘတ်စကတ်ဘော ကလပ် အသင်းများရှိသည်။ နယ်မြို့ကြီးများ၌လည်း ဘတ်စကတ်ဘော အသင်းများရှိသည်။ တိုင်းနှင့် ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲများ ကျင်းပလာသော အခါ၌လည်း အမျိုးသား၊ အမျိုးသမီးပွဲစဉ်များ တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှာ အထူး အောင်မြင်ခဲ့ကြသည်။
ဘတ်စကက်ဘော ကစားနည်းမှာ ရှေးဟောင်း အားကစားနည်းမဟုတ်ပါ။ ခေတ်သစ် အားကစားနည်းဖြစ်သည်။ အမေရိကန် ကာယပညာရှင် တဦးက ဆီးနှင်းများ ထူထပ်စွာကျလေ့ရှိသည့် ဆောင်းတွင်းတွင် မြေပြင်ပေါ်၌ အားကစား လှုပ်ရှားမှုများ မလုပ်နိုင်ကြသဖြင့် ဆီးနှင်းလုံ လေလုံ အားကစားရုံတွင်းတွင် ကိုယ်လက် လှုပ်ရှားနိုင်ကြရေး အတွက် ဘတ်စကက်ဘော ကစားနည်းကို တီထွင်ခြင်းဖြစ်သည်။
မူလစတင် တီထွင်စဉ်က တိုင်ထိပ်၌ ကပ်ထားသော ခြင်း (BASKET) ထဲသို့ ဘောလုံးများ ပစ်သွင်းကစားရသဖြင့် BASKET-BALL ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။ ဘတ်စကက်ကစားနည်းကို ၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်ပြိုင်ပွဲတွင် စတင် ထည့််သွင်း ကျင်းပခဲ့သည်။ ဘာလင်အိုလံပစ် ဘတ်စကက်ဘောပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လက်ရွေးစင် ဘတ်စကက်ဘော အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမေရိကန် အသင်းက ပထမ၊ ပြင်သစ်က ဒုတိယ နှင့် ဗြိတိန် က တတိယ အသီးသီး ဆွတ်ခူးခဲ့ကြသည်။
ကမ္ဘာ့ အိုလံပစ်တွင် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ၁၉၇၆ ခုနှစ် ကနေဒါနိုင်ငံ မွန်ထရီယယ် အိုလံပစ်ကျမှ စတင် ထည့်သွင်းကျင်းပသည်။ ပထမအကြိမ်ကျင်းပသည့် အိုလံပစ် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ကနေဒါ၊ ဂျပန်၊ ချက်ကိုစလိုဗေးကီးယား၊ ဘူလ်ဂေးရီးယား၊ အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံတို့ ဝင်ယောက်ယှဉ်ပြိုင်ကြသည်။ ဆိုဗီယက် ပြည်ထောင်စုက ပထမ၊ အမေရိကန်ပြည်ထောင်စုက ဒုတိယနှင့် ဘူလ်ဂေးရီးယား က တတိယ ဆု အသီးသီး ရရှိကြသည်။
အမေရိကန် ပြည်ထောင်စုတွင် ဘတ်စကက်ဘော ကစားနည်းကို ၁၈၉၁ ခုနှစ်တွင် စတင်တည်ထွင်ခဲ့ပြီးနောက် ၁၅ နှစ် အကြာ ၁၉၀၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဘတ်စကက်ဘော ကစားနည်း ရောက်ရှိလာသည်။ ယူဆောင်လာသူမှာ ထိုစဉ်က အင်္ဂလိပ် အစိုးရအား ကာယပညာ အကြံပေး အဖြစ် ဆောင်ရွက်နေသူ မစ္စတာ ဂျေဒီ ဟေလီ ဆိုသူဖြစ် သည်။
သို့ရာတွင် မြန်မာတပြည်လုံး ဘတ်စကက်ဘော ကစားနည်းပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ကြသူများမှာ ဆရာ ဦးဘသင်နှင့် ဆရာကြီး ဦးဘသန်း တို့ဖြစ်ကြသည်။ သူတို့က စာသင်ကျောင်းများတွင် စတင်မျိုးစေ့ချ ပေးခဲ့ကြခြင်း ဖြစ်သည်။
၁၉၅၀/၅၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အာရှအားကစား ပြိုင်ပွဲတွင်လည်း ဘတ်စကက်ဘောကစားနည်း ထည့်သွင်း ကျင်းပခဲ့သည်။ မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အသင်းလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အိန္ဒိယ အသင်း ကို ရှုံးနိမ့်ခဲ့သည်။
၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပသည့် ပထမအကြိမ် အရှေ့တောင်အာရှ အားကစားပွဲတွင်လည်း မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အသင်းဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ မြန်မာ၊ မလေးယား (မလေးရှား)၊ လာအို၊ စင်္ကာပူ၊ တောင်ဗီယက်နမ် နှင့် ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
မြန်မာ အသင်းက ထိုင်း၊ တောင်ဗီယက်နမ် တို့နှင့် တအုပ်စုထဲကျသည်။ တောင်ဗီယက်နမ် အသင်းကို ၁၀၁ မှတ်/၄၉ မှတ် ဖြင့် ရှုံးသည်။ ထိုင်းအသင်းကိုလည်း ၁၁၃ မှတ်/၈၃ မှတ် ဖြင့်ရှုံးသည်။ ပဉ္စမနှင့် ဆဌမ နေရာအတွက် တဘက် အုပ်စုမှ ရှုံးလာသည့် လာအိုအသင်း နှင့် ကစားရာတွင်လည်း ၄၉မှတ်/၄၅မှတ် ဖြင့်ရှုံးပြီး ၆ သင်းပြိုင်ပွဲတွင် ဆဌမ ရသည်။
မြန်မာ အမျိုးသား ဘတ်စကက်ဘော အသင်းမှာ ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများတွင် တတိယ ကြေးတံဆိပ် နှစ်ကြိမ်သာ ရဖူးသေးသည်။ ယခုလာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင်လည်း ဆုရဖို့မလွယ်ပါ။ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား နှင့် စင်္ကာပူ ဘတ်စကက်ဘော အသင်းများကို ကျော်လွှားအနိုင်ယူဖို့ မြန်မာအသင်းအတွက် အဆင်သင့် မဖြစ်သေးဟု ခန့်မှန်းရသည်။
နိုင်ငံတကာ ဘတ်စကက်ဘော ပြိုင်ပွဲများတွင် မြန်မာ အမျိုးသမီး ဘတ်စကက်ဘောအသင်း ပထမဆုံး ယှဉ်ပြိုင်သည် မှာ မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ်က ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ဖြစ်သည်။ ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် မြန်မာ၊ မလေးရှား၊ လာအိုနှင့် စင်္ကာပူ စသော အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်သည်။ မြန်မာ အမျိုးသမီးလက်ရွေးစင် အသင်းက လာအိုနှင့် စင်္ကာပူ ကို နိုင်သည်။ မလေးရှား အသင်းကို ရှုံးသည်။ ဒုတိယ ရသည်။
သို့ရာတွင် အခြားနိုင်ငံများတွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲများတွင် အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ ထည့်သွင်း ကျင်းခြင်း မရှိ၍လား၊ ထည့်သွင်းကျင်းပပေးပါလျက် မြန်မာနိုင်ငံကပင် ဝင်မပြိုင်၍လား မသိပါ။ ကျွန်းဆွယ် ပြိုင်ပွဲနှင့် ဆီးဂိမ်း ပြိုင်ပွဲများတွင် မြန်မာအမျိုးသမီး ဘတ်စကက်ဘော အသင်း ဝင်ရောက်ယှဉ်ပြိုင်သည့် မှတ်တမ်း မတွေ့ရပါ။ သို့သော် ရန်ကုန်ကျွန်းဆွယ် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိပြီးသည့်နောက် နှစ်ပေါင်း ၂၆ နှစ်တိတိ ရှိလာသည့် ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ဇင်းမယ်တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အရှေ့အာရှ အားကစားပွဲတွင် မြန်မာ အမျိုးသမီး ဘတ်စကက်ဘော အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဇင်းမယ် အရှေ့တောင်အာရှ အားကစားပွဲတွင် အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနိးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် အသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။
အုပ်စု မခွဲဘဲ ၆ သင်းပတ်လည် အမှတ်ပေး စနစ်ဖြင့် ကစားရသည်။
မြန်မာအမျိုးသမီး လက်ရွေးစင် ဘတ်စကက်ဘော အသင်းက ဖိလစ်ပိုင်အသင်းကို (၅၀)-(၁၀၃)၊ ထိုင်း (၄၂-၉၆)၊ မလေးရှား (၄၇-၈၈)၊ အင်ဒိုနီးရှား (၇၀-၉၂) ဖြင့် ရှုံးသည်။ ဗီယက်နမ်အသင်းကိုမူ ၉၉-၈၁ ဖြင့် နိုင်သည်။ ပဉ္စမရသည်။ ထိုင်း (ပထမ)၊ ဖိလစ်ပိုင် (ဒုတိယ)၊ မလေးရှား (တတိယ)၊ အင်ဒိုနီးရှား (စတုတ္ထ) အသီးသီး ရရှိခဲ့သည်။
၁၉၉၅ ခုနှစ်၊ နောက်ပိုင်တွင် မြန်မာ အမျိုးသမီး ဘတ်စကက်ဘော အသင်း ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါ။ ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းတွင်မူ တကျော့ပြန် ပြန်လည် ပါဝင်ခဲ့သည်။
တပွဲချင်း အရှုံးအနိုင်များ မသိရပါ။ သို့သော် နောက်ဆုံးပွဲ အဖြစ် ထိုင်းလက်ရွေးစင် အသင်းနှင့် ကစားရာတွင်မူ ချန်ပီယံ ဖြစ်ရန် သေချာနေသည့် ထိုင်းအသင်းကို မြန်မာ ဘတ်စကက်ဘော အသင်းက အမှတ်ဖြင့် နိုင်လိုက်သည်ကိုမူ ရုပ်သံတွင် ကြည့်လိုက်ရသည်။ မြန်မာအမျိုးသမီး ဘတ်စကက်ဘော သမား များမှာ ဆီးဂိမ်းရွှေတံဆိပ်ရှင် ထိုင်းအသင်းထက် ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်းမှ စ၍ အစစအရာရာ သာလွန်နေသည်ကို ကြည့်လိုက်ရသည်။ ယင်းနေ့က ထိုင်း ဘတ်စကက်ဘော အသင်းနှင့် ကစားသွားသည့် မြန်မာ ဘတ်စကက်ဘောမယ်လေးများနှင့် ပတ်သက်၍ အမျိုးမျိုးစွပ်စွဲ ပြောဆိုနေကြသည်။ ယုံမှား သံသယ ရှိနေကြသည်။ လူငှား၍ ဘတ်စကက်ဘော ကစားသည်ဟု မီးခိုးများ ထွက်လာသည်။
နေပြည်တော် ဆီးဂိမ်း မကျင်းပမီ သက်ဆိုင်ရာ တို့က တရားဝင် ရှင်းလင်းပေးလိမ့်မည်ဟု မျှော်လင့်ရသည်။
ဟော်ကီ အားကစားနည်းကို နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲတွင် အမျိုးသား အမျိုးသမီး ပြိုင်ပွဲများ ကျင်းပမည်ဟု လျာထားသည်ဟု သိရသည်။
ဟော်ကီ ပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲ ထည့်သွင်းကျင်းပမည် ဆိုသည်မှာ မှန်ကန်လျှင် အင်မတန်မှ ထူးဆန်းအံ့သြ ဖွယ် ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဟော်ကီ အားကစားကို မလိုက်စားကြ သည်မှာ ရာစုဝက် တဝက်နီးပါး ရှိနေပြီ ဖြစ်သည်။ ယခင်ကမူ အမျိုးသမီး စစ်မှုထမ်းများ၊ အထက်တန်းကျောင်းသူများ အသင်းတို့ဖြင့် အမျိုးသမီး ဟော်ကီလောကသည် စိုပြေခဲ့ဖူးသည်။ ယင်းနောက်တွင်မူ အထူးသဖြင့် အမျိုးသမီး ဟော်ကီ အသင်းများသည် စုပ်စမြုပ်စ ပျောက်သွားခဲ့သည်။
အမျိုးသမီး မဆိုထားဘိ၊ အမျိုးသား ဟော်ကီ အသင်းများ ရှားပါးနေသည်။ သို့သော် အမျိုးသား ဟော်ကီ လောကအတွက် တပ်မတော် (မှတ်တမ်းရုံး)က ထိန်းပေးထား၍ တော်သေးသည်။
အရှေ့တောင်အာရှ အားကစားပွဲ ဟော်ကီပြိုင်ပွဲတွင် မြန်မာ အမျိုးသား အသင်း တကြိမ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ကို မှတ်သားမိသည်။ ၁၉၉၅ ခုနှစ်၊ ထိုင်းနိုင်ငံ ဇင်းမယ်တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် ဆီးဂိမ်းတွင် ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသားဟော်ကီအသင်းမှာ အသင်း ၅ သင်း၊ အုပ်စုပတ်လည် အမှတ်ပေး စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ထိုင်း (၆)၊ မြန်မာ (၁)၊ မလေးရှား (၇)၊ မြန်မာ (ဝ)၊ စင်ကာပူ (၆)၊ မြန်မာ (ဝ)၊ ဘရူနိုင်း (၅)- မြန်မာ- (၁) တို့ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
မြန်မာနိုင်ငံ၏ ဟော်ကီ ကစားနည်းမှာ အစဉ်အလာကြီးမားသည်။ မြန်မာနိုင်ငံတွင် BAA အားကစားအဖွဲ့ ဖွဲ့စည်းပြီး နောက် နိုင်ငံတကာ အားကစားနည်းများ မြန်မာနိုင်ငံတွင် စတင်ကျင်းပရာ၌ ဟော်ကီ အားကစားနည်းလည်း အပါအဝင်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကမူ မြန်မာနိုင်ငံ၏ ဟော်ကီ အားကစားနည်းမှာ အဆင့်အတန်း အတိုင်းအတာ တခုအထိ ရှိခဲ့ဖူးသည်။ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းထဲတွင် နိုင်ငံတကာ ချစ်ကြည်ရေး ဟော်ကီပွဲ တပွဲ ကျင်းပခဲ့ဖူးသည်။ နယူးဇီလန် အသင်းနှင့် ဖြစ်သည်။ မြန်မာ လက်ရွေးစင် ဟော်ကီအသင်းက နယူးဇီလန် အသင်းနှင့် လက်ရည်တူ ကစားပြီး ဝး၂ ဂိုးဖြင့်သာ ရှုံးခဲ့ဖူးသည်။
ဤသည်မှာ အတိတ်မှ အရိပ်ဖြစ်သည်။ ယင်း အရိပ်မှာ အကောင်အထည် ဖြစ်မလာခဲ့ပါ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ ဟော်ကီပြိုင်ပွဲတွင် မြန်မာ ဟော်ကီ အသင်း ၂ သင်းမှာ (အမျိုးသား၊ အမျိုးသမီး) ရွှေတံဆိပ် ရရန် မလွယ်ကူပါ။ အထူးသဖြင့် ကစားသမားလည်း မရှိ၊ အသင်းလည်း မရှိ၊ ပြိုင်ပွဲလည်း မရှိသည့် မြန်မာအမျိုးသမီး ဟော်ကီလက်ရွေးစင်အသင်းကို မည်သူများဖြင့် မည်ကဲ့သို့ ဖွဲ့စည်းယှဉ်ပြိုင်ကြမည် ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။
လာမည့် အရှေ့တောင် အာရှ အားကစားပွဲတော်၏ ဆောင်ပုဒ်မှာ “Clean, Green and Friendship” ဟူ၍ ဖြစ်ပြီး မြန်မာမှုပြုရလျှင် “သန့်ရှင်း စိမ်းလန်း စိုပြည်သော ချစ်ကြည်ရေးသို့” ဟု ဆိုရမည်ဖြစ်သည်။ ။