မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပရန် လ အနည်းငယ်မျှသာ ကျန်တော့သည်။ ဘောလုံးပြိုင်ပွဲများကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင် ကျင်းပမည် ဖြစ်ရာ သြဂုတ်လပါ ထည့်သွင်းရေတွက်ပါမှ လေးလ တိတိသာ လိုတော့သည်။ ရက်ဖြင့် တွက်လျှင် ရက်ပေါင်း ၁၀၀ ကျော်သာ လိုတော့သည်။
စာရေးသူသည် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် အားကစား နည်းများ၏ ဖြစ်နိုင်ခြေများကို သုံးသပ်ဝေဖန်ခဲ့သည်။ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော နှင့် ဟော်ကီ အားကစားနည်းများကို သုံးသပ်ပြခဲ့သည်။
ယခုတပတ်တွင် မြန်မာ အားကစားလောကတွင် အအောင်မြင်ဆုံး ဖြစ်သည့် ပြေးခုန်ပစ် အားကစားနည်းကို အတိတ်မှ အောင်မြင်မှု၊ ပစ္စုပ္ပန်တွင် ဖြစ်ပေါ်နေမှုနှင့် မဝေးတော့သည့် အနာဂတ်တွင် မည်ကဲ့သို့ ဖြစ်နိုင်ချေ ရှိသည်ကို သုံးသပ်ဝေဖန်ပြရန် ပြင်ဆင်ထားသည်။
သို့သော် မျှော်လင့်မထားသော ပြဿနာကြီး တရပ်က မြန်မာ ဘောလုံးလောကတွင် ဖြစ်ပေါ်ခဲ့သည်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းကြီးတွင် ဖြစ်ပွားခဲ့သည့် ရတနာပုံ ဘောလုံးအသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်း ကစားသည့် ဘောလုံးပွဲ ဖြစ်သည်။ နေပြည်တော် အသင်းနှင့် ရန်ကုန် အသင်း ပြိုင်ပွဲ ပွဲစဉ် ၂၀ အထိ MNL မြန်မာ ၂၀၁၃ အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးနိုင်ရေး အတွက် အပြိုင်အဆိုင် ဖြစ်နေသည်။ နေပြည်တော် အသင်းက ရန်ကုန် အသင်းအောက် ၂ မှတ်အကွာဖြင့် ဒုတိယနေရာမှ ရန်ကုန်အသင်းကို ဖိအားပေးလျက်ရှိသည်။
ပွဲစဉ် ၂၁ အဖြစ် ဇူလိုင် ၂၉ ရက်တွင် နေပြည်တော် အသင်းသည် ဇေယျာရွှေမြေ အသင်းနှင့် မုံရွာတွင် ကစားရသည်။ တဂိုးစီ သရေကျသည်။ ယင်း တနေ့ထဲမှာပင် ရန်ကုန် ယူနိုက်တက် အသင်းက မကွေး အသင်းနှင့် ရန်ကုန်ယူနိုက်တက် ကွင်းတွင် ကစားရသည်။ ၂ ဂိုး ၁ ဂိုးဖြင့် နိုင်သည်။ ဒုတိယနေရာမှ လိုက်နေသည့် နေပြည်တော် အသင်းနှင့် ၄ မှတ်ကွာသွားသည်။
ပွဲကစားရန် တပွဲအလိုတွင် ရန်ကုန် ယူနိုက်တက် အသင်းက ၂၀၁၃ က MNL အမှတ်ပေး ချန်ပီယံ ဆုကြီးကို ဆွတ်ခူးသည်။ သို့သော် ဘောလုံးပွဲ ပွဲစဉ်အရ ပွဲစဉ် ၂၂ လက်ကျန် တပွဲ ကစားရမည် ဖြစ်သည်။ ကစားရမည့် အသင်းက နေပြည်တော် အသင်းဖြစ်သည်။ ယခုပွဲ အရှုံးအနိုင်သည် ၂ သင်းစလုံးအတွက် နေရာ မပြောင်းတော့ပါ။ ပွဲစဉ်တခုလုံးတွင်လည်း မနောမြေနှင့် ဇွဲကပင် အသင်းတို့တွင် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် မနောမြေက အဆင့် ၉၊ ဇွဲကပင်က အဆင့် ၁၀ ဖြစ်ရာ၊ အရှုံးအနိုင်ရလာဒ်သည် နေရာ အတက်အကျ ဖြစ်နိုင်သည်။ ဇွဲကပင် အသင်းက မနောမြေ အသင်းကို ၅း၁ ဖြင့် နိုင်ပြီး၊ အဆင့် ၉ တက်သည်။ မနောမြေက အဆင့်ကျသွားသည်။
သို့ရာတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရတနာပုံနှင့် ရန်ကုန်တို့၏ လက်ကျန်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းတွင် ကစားရန် စီစဉ်ခဲ့သည်။ ဘောလုံးပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲကို ခမ်းနားကြီးကျယ်စွာ ပြုလုပ်ရန် ပြင်ဆင်ထားခဲ့သည်။ ပထမရ အသင်း ဘောလုံးကွင်းထဲ ဝင်ရာတွင် အိမ်ရှင်အသင်းက တန်းစီ ကြိုဆိုပြီး ဂုဏ်ပြုလက်ဆွဲ နှုတ်ဆက်ရာက အစ၊ နိုင်ငံတကာ ထုံးတမ်းစဉ်လာအရ ဆောင်ရွက်ခဲ့သည်။ MNL တွင်ပါဝင် ယှဉ်ပြိုင်နေကြသည့် အသင်းများမှ ပိုင်ရှင်များ ဥက္ကဋ္ဌများ၊ အသင်း အုပ်ချုပ်သူများမှ အစ နေပြည်တော်မှ အာဏာပိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်ထောင်စု ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။
ပထမရသည့် ရန်ကုန်ယူနိုက်တက် အသင်း၊ ဒုတိယ ရသည့် နေပြည်တော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး မိတ်ဆက်ပွဲ အဖြစ် ကစားသွားကြလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် ဂုဏ်သိက္ခာ အတွက် ဒီပွဲကို အနိုင်ကစားမည် ဟု ကြုံးဝါးသံများ ထွက်လာသည်။
ဘောလုံးအသင်း နိုင်မှ ဂုဏ်သိက္ခာတက်မည် ဟူသော အတွေးအခေါ်မှာ တိမ်လွန်းအားကြီးသည်။ ဘောလုံးပွဲ ရှုံးလျှင် ဂုဏ်သိက္ခာ ကျစမြဲဆိုလျှင် ဖာဂူဆန်လွန် မန်ချက်စတာယူနိုက်တက် အသင်း ဂုဏ်သိက္ခာဟူ၍ ရှိနိုင်တော့မည် မဟုတ်ပါ။ ထိုင်း လက်ရွေးစင်အသင်း ဂျပန်ကလပ်အသင်းများကို ရှုံးသည်။ သို့သော် မန်ယူ၏ ဂုဏ်သိက္ခာ ကျမသွားပါ။ ဘောလုံးပွဲ ရှုံးလျှင် ဂုဏ်သိက္ခာကျသည် ဆိုလျှင် အင်္ဂလန်ဘောလုံး ခေါင်းဆောင်များ မျက်နှာကို ဓားဖြင့် လှီးပစ်ကြဖို့သာ ရှိတော့မည်။ ယခု ရက်ပိုင်းအတွင်း ဥရောပဖလား ယူ ၂၁ ပြိုင်ပွဲ၊ ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲ များတွင် အင်္ဂလန်အသင်းများ ခရီးတဝက်မှပင် လန်ဒန်ပြန်ကြရသည်။
အားကစား အရှုံး/အနိုင်သည် ဂုဏ်သိက္ခာနှင့် မဆိုင်ပါ။ အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင် အားကစားခြင်း၊ တရားမျှတ ယှဉ်ပြိုင်ကစားခြင်း၊ စည်းမျဉ်း စည်းကမ်း ဥပဒေများကို လိုက်နာခြင်း တို့ကသာ ဘောလုံးအသင်းကို ဂုဏ်တက်စေပါသည်။
ဂုဏ်သိက္ခာ တခုတည်းဖြင့်သာ အားကစား မယှဉ်ပြိုင်သင့်ပါ။ တရားမျှတစွာ ယှဉ်ပြိုင် ကစားပြီး အားလုံးကို စာနာထောက်ထားစိတ် “Fair Play, Respect” ထားကာ အားကစားကို အားကစားစိတ်ဖြင့် ယှဉ်ပြိုင်ကစားကြလျှင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းမှာ ဖြစ်ပွားခဲ့သည့် နှစ်မြို့စရာ မကောင်းသော၊ လက်ခံနိုင်စရာ မရှိသော၊ မကြားဝံ့မနာသာ ရှိသော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်မျိုး လုံး၀ ပေါ်ပေါက်စရာ အကြောင်းမရှိပါ။
မိမိတို့ သိက္ခာ မကျစေရန် အတွက် လုပ်ဆောင်ခဲ့ခြင်းများသည် ယခုတော့ သိက္ခာကျစရာ ဖြစ်လာသည်။ မျက်နှာပျက် စရာ ဖြစ်လာသည်။
ကြီးကျယ်ခမ်းနား ကျင်းပရန်ရှိသည့် ဆုပေးပွဲကြီး ပျက်သွားရသည်။ အားကစားပြိုင်ဝင်း အတွင်းရှိ ထိုင်ခုံများ ပျက်စီးသွားခဲ့ရသည်။ ယင်းသို့သော ရုပ်ဝတ္ထု ပစ္စည်းများ ပျက်စီးရခြင်းထက် စိတ်ဓာတ်ပျက်ပြားရခြင်းက တန်ဖိုးမဖြတ်နိုင်လောက်အောင် နစ်နာဆုံးရှုံးသွားရသည်။
မြန်မာ အမျိုးသား လိဂ် ပြိုင်ပွဲများမျာ ကြေးစား (Professional) စနစ်ဖြင့် ကစားနေခြင်း ဖြစ်သည်။ ယင်းစနစ် ကျင့်သုံးနိုင်ရန် အတွက် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ လုပ်ဆောင်ကြရာတွင် PRO လိဂ် ပြိုင်ပွဲဝင် အသင်းများတိုင်းတွင် ကိုယ်ပိုင်ဘောလုံးကွင်းများ ရှိရမည် ဟူသည့် အချက်လည်း ပါဝင်သည်။ ကလပ်အသင်းတိုင်း တွင် ကိုယ်ပိုင်ရှိပြီးသော အခါ ဘောလုံးပွဲများကို အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ကစားကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်ယူနိုက်တက်၊ နေပြည်တော်၊ ရတနာပုံ၊ ဇေယျာရွှေမြေနှင့် ကမ္ဘောဇအသင်းတို့သာ ကိုယ်ပိုင်ကွင်း ရှိကြသည်။ ကျန်အသင်းများမှာ သုဝဏ္ဏကွင်းနှင့် အောင်ဆန်း အားကစားပြိုင်ဝင်းတို့ကိုသာ အိမ်ကွင်းအဖြစ် သတ်မှတ်အသုံးပြုနေရသည်။
ယခုကဲ့သို့သာ အိမ်ခံအသင်းကို အားပေးသည့် ပရိတ်သတ်များထဲမှ ဆူပူသောင်းကျန်း ရမ်းကားသူ လူနည်းနည်းလေးက ဧည့်သည် အသင်းကို ရန်မူ၊ ရန်လို နေကြလျှင် ခံရသည့် အသင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အခါတွင် ကလဲ့စားချေ၊ လက်တုန့်ပြန်လာခဲ့လျှင် ပြဿနာများမှာ မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေပေလိမ့်မည်။
ဂုဏ်တု ဂုဏ်ပြိုင်နှင့် အာဃာတစိတ်ဓာတ်များ စစ်မှန်သော အားကစားလောကတွင် လုံး၀ မရှိသင့်ပါ။ အားကစား ဟူသည်မှာ တော်သူ နိုင်ပါသည်။ ညံ့သူ ရှုံးပါသည်။ နိုင်သူကလည်း တဒင်္ဂ အနိုင်ရမှုသာ ဖြစ်၍ မဝင့်ဝါ မမောက်မာ သင့်သလို ရှုံးနိမ့်သည့် ဘက်ကလည်း ရန်ငြိုး မထားနိုင်ကြဖို့ လိုသည်။
ကျဆုံးသွားလေပြီ ဖြစ်သော အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာများ၏ စိတ်ဓာတ်ကို အားကစားပွဲနှင့် နှိုင်းယှဉ်၍ မိန့်ကြားခဲ့ဖူးသည်။ ဘောလုံးနှင့် ပတ်သက်၍ ပြောကြားရာတွင် ပွဲစပြီး တဂိုး၊ နှစ်ဂိုး သွင်းထားနိုင်လျှင် ဂိုးသွင်းသည့် ဘက်က ဆောင့်ကြွားကြွားနှင့် တဖက်အသင်းကို မထေမဲ့မြင်ပြု ကစားတတ် ကြသည်။ ဘောလုံးပွဲ အရှိန်ရ၍ ရှုံးဂိုးများ ပြန်လည် ချေပသည့် အခါတွင်လည်း ဂိုးသွင်းဖို့ထက် “လူချ” လာကြသည် ဟု မိန့်ကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားမှာ ယနေ့အထိ မှန်နေသည်။ နေပြည်တော်နှင့် ရန်ကုန်ပွဲကိုပင် ကြည့်ပါလေ။ ဒိုင်လူကြီးက ပင်နယ်လ်တီ ပြစ်ဒဏ်ပေးသဖြင့် နေပြည်တော် အသင်းဘက် ဂိုးသွင်းခံရသေးသည်။ ဘောလုံး မကစားကြတော့ဘဲ ဒိုင်လူကြီးကို တွန်းလားထိုးလား လုပ်လာကြသည်။ တဖက် အသင်းသားများကို ရန်မူလာကြသည်။ ဘောလုံး လူရမ်းကားများကလည်း ပွဲကြည့်စင်များပေါ်မှ ခုန်ချကာ ကွင်းထဲဝင်လာပြီး ဒိုင်လူကြီးကို ရန်မူရန် ကြိုးစားလာကြသည်။ ပွဲကြည့်စင်မှ ထိုင်ခုံများကို ရိုက်ချိုးဖျက်ဆီးကြသည်။ ယင်းလုပ်ရပ်မှ မည်သို့မျှ ခွင့်လွှတ်စရာ မကောင်းသော လုပ်ရပ်များ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရန် လပိုင်းမျှသာ လိုတော့သည်။ ဘောလုံးပွဲများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပမည်ဖြစ်သည်။ ယခုကဲ့သို့ ဘောလုံးပွဲကို ပျက်လိုဖျက်ဆီး လုပ်သူများကိုသာ လွှတ်ပေးထားလျှင် ဆီးဂိမ်းဘောလုံးပွဲများတွင် မျက်နှာပျက်စရာ အဖြစ်မျိုး မကြုံတွေ့ဟု မည်သူက အာမခံနိုင်ကြပါမည်နည်း။
လက်တဆုပ်စာသာ ရှိသော လူယမ်းကားများကြောင့် ဘောလုံးပွဲများ ပျက်စီးနိုင်သည်။ ဘောလုံးလောက ရှက်စရာ ဖြစ်လာနိုင်သည်။ နိုင်ငံမျက်နှာ ပျက်စရာ ဖြစ်လာနိုင်သည်။
ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းတွင် ဖြစ်ပွားခဲ့မှုများကို ဖုံးချင် ဖိချင်သူများလည်း ရှိနေသည်။ ဘာကြောင့်ဖုံးဖိနေချင်ကြ သည်ကို မသိရပါ။ ပွဲကြည့်စင်ပေါ်မှ ခေတ်မီ ထိုင်ခုံများ ရိုက်ချိုးဖျက်ဆီးခြင်း ကိုပင်လျှင် မဖြစ်စလောက်ဟု ပြောသူက ပြောနေသည်မှာ အံ့သြစရာ ကောင်းသည်။
မီးဆိုသည်မှာ မလောင်ခင်က တားရပါသည်။ မကောင်းမှု ဒုစရိုက်ကို ကြိုတင်ကာကွယ်ကြရပါမည်။ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ပြဿနာကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်ကို ပြည်သူများ စိတ်ဝင်စားနေကြသည်။
ဘောလုံး တာဝန်ရှိသူ အချို့၏ ပြောစကားများ လက်သင့်ခံစရာ အကြောင်း မရှိပါ။ မီဒီယာများက ပုံကြီးချဲ့ လွှင့်ချင်သလို လွှင့်နေကြတာပဲ ဆိုသည့် ပြောစကား အတွက် ပြောဆိုသူက တာဝန်ယူရပါလိမ့်မည်။
ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းအတွင်းမှ အရေးအခင်းသည် ဟိုလိုလို ဒီလိုလိုဖြင့် ပြီးသွားလိမ့်မည် မဟုတ်ဟု စာရေးသူက တော့ ယုံကြည်နေပါသည်။ ။