မြန်မာနေရှင်နယ်လိဂ် (MNL) နောက်ဆုံးပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီကနေ့မှာပဲ ပြစ်ဒဏ် အသီးသီးချမှတ်ပြီး အရေးယူလိုက်ပြီလို့ သိရပါတယ်။
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာ ဒီလ ၄ ရက်နေ့က MNL ပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန် ယူနိုက်တက် (YUFC) အသင်းနဲ့ နေပြည်တော် (NPTFC) အသင်းတို့ကစားခဲ့ကြရာမှာ နှစ်ဖက်အသင်း ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ ကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တဲ့ အတွက် ပွဲပယ် ပြစ်ဒဏ်နဲ့ ပူးတွဲဒဏ်ငွေ တွေကို အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ အစီရင်ခံစာ၊ ရုပ်သံနဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို ကြည့်ရှု စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်ခဲ့တဲ့ ကစားသမားတွေ၊ အသင်း၊ အသင်း အုပ်ချုပ်သူ တာဝန်ရှိသူတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။
“ဒီတစ်ခေါက် အရေးယူတာ ပြင်းတယ်၊ ဖြစ်တာလည်း များတော့ ပြစ်ဒဏ်တွေလည်း ပြင်းတာပေါ့၊ လူချင်းတော့ ခင်ကြပေမယ့် ဥပဒေက သက်ညှာလို့မရဘူး၊ ဒီဥပဒေက ကျနော်တို့ မြန်မာပြည်က ချမှတ်ထားတဲ့ ဥပဒေတွေ မဟုတ်ဘူး၊ FIFA က ချမှတ် ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေ၊ ဒီအတိုင်းပဲ အရေးယူတယ်”လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ဧရာဝတီကို ပြောပါတယ်။
ပြစ်ဒဏ်တွေထဲမှာ အိမ်ရှင် နေပြည်တော် အသင်းအနေနဲ့ ဝဏ္ဏသိဒ္ဓိ ကွင်းအတွင်း ပျက်စီးဆုံးရှုံးမှု ကုန်ကျ စရိတ်တွေကို တစ်ဝက် ပေးလျော်ရန်နဲ့ လာမယ့် ၂၀၁၄ MNL အမှတ်ပေး ပြိုင်ပွဲရဲ့ ပထမ အကျော့ ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် မပြုဖို့ အသင်းကို ပြစ်ဒဏ်ချမှတ်ပါတယ်။
ကစားသမားတွေထဲမှာတော့ နေပြည်တော် အသင်း ရဲ့ ကျောနံပါတ် ၁၂ ခိုင်ထူး ကို တဖက် အသင်း ကစားသမားအား ဥပဒေ မဲ့ ရန်ပြုခဲ့တာကြောင့် ၂၀၁၄ MNL ပြိုင်ပွဲ ပွဲစဉ် တရာသီလုံးကို ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဒါဟာ ကစားသမားတွေ ထဲက အပြင်းထန်ဆုံး အဖြစ် အရေးယူခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခိုက်ရန်ဖြစ်ပွားမှုမှာပါဝင်ခဲ့တဲ့ နေပြည်တော် အသင်းသားတွေဖြစ်တဲ့ ကျောနံပါတ် (၄) ဇော်လင်း ၅ ပွဲပယ်၊ ဒဏ်ကြေး ကျပ် ၅ သိန်း ချမှတ်ခဲ့ပြီး ကျောနံပါတ် (၁၆) တင်ဇော်မိုးနဲ့ ကျော်နံပါတ် (၂၉) အရန်ဂိုးသမား ဇော်မျိုးဦး တို့ကို ၅ ပွဲစီ ပွဲပယ်နဲ့ ဒဏ်ကြေး ကျပ် ၂ သိန်းစီ ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ကစားသမားတွေအပြင် နေပြည်တော် အသင်းရဲ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနဲ့ နည်းစနစ် အကြံပေး ဦးမျိုးဝင်း တို့နှစ်ဦးကိုလည်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ပွဲစဉ် (၃) ပွဲ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် ပိတ်ပင်တာနဲ့ ဒဏ်ကြေး ကျပ် ၅ သိန်းစီ ချမှတ်ခဲ့ ပါတယ်။ ပွဲပယ် ပြစ်ဒဏ်တွေ အားလုံးမှာ လာမယ့် ၂၀၁၄ MNL ပြိုင်ပွဲ ပထမ ပွဲစဉ်တွေမှာ ကျခံရမှာ ဖြစ်ပါတယ်။
နေပြည်တော်အသင်းဟာ ဒီတကြီမ် အပါအဝင် အရေးယူခံရတာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး အရင်ကလည်း တခြားအသင်း ပရိသတ်တွေ၊ အားကစားသမားတွေကို တုတ်၊ ခဲ အပါအဝင် အရာဝတ္ထုတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ က ၃ ကြိမ်အရေးယူတာ ခံခဲ့ရဖူးတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
ဧည့်သည်အသင်း အဖြစ် လာရောက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်အသင်း မှာလည်း ပြစ်ဒဏ် ပေးခံရသူ ၂ ဦးရှိပြီး လက်ထောက်နည်းပြ ဦးတင်မောင်ထွန်း ကွင်းတွင်းဝင်ရောက် ကြီးကြပ်ခွင့် (၃) ပွဲ ပိတ်ပင်နဲ့ ဒဏ်ကြေး ကျပ် ၅ သိန်း၊ ကျောနံပါတ် (၈) ကြည်လင်း ၃ ပွဲ ကစားခွင့်ပိတ်နဲ့ ဒဏ်ကြေး ကျပ် ၅ သိန်း ချမှတ်ခဲ့ပါတယ်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းကြီးဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ပြုလုပ်ထားတဲ့ ကစားကွင်း ဖြစ်ပြီး နေပြည်တော်အသင်း ပရိသတ်တွေ အကြမ်းဖက်မှုတွေကြောင့် ထိုင်ခုံ အလုံးပေါင်း ၁၅၀ (ကာလတန်ကျေး ကျပ် သိန်း ၂၀၀) ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က နှစ်ဖက်ကစားသမားတွေ ကြားမှာ ထိုးကြိတ်၊ ကန်ကျောက်မှုတွေ၊ အိမ်ရှင်ပရိသတ်တွေက ပွဲကြည့်စဉ် ပေါ်က ထိုင်ခုံတွေ၊ လက်ရန်းတွေ၊ ဆိုင်းဘုတ်တွေကို ဖျက်ဆီးမှုတွေ၊ ဒိုင်နဲ့ တဖက်အသင်း ကစားသမားတွေကို ရန်မူဖို့ ကွင်းအတွင်း ဝင်ရောက် အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။
ကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်တဲ့ ဘောလုံးသမားတွေ၊ နည်းပြတွေနဲ့ ဘောလုံးအသင်းတွေကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့သလို ကွင်းအတွင်း ခုံတွေ၊ လက်ရန်းတန်း တွေ၊ ဆိုင်းဘုတ်တွေကိုဖျက်ဆီးသူတွေ၊ ကစားကွင်းအတွင်းဝင်ရောက်လာပြီး အကြမ်းဖက်သူပရိသတ်တွေကို လည်း ပြည်ထဲရေး ဝန်ကြီးဌာန က အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဒီအကြမ်းဖက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ နေပြည်တော် အမှတ် (၅) ရဲစခန်းကနေ တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်နေပြီး လောလောဆယ်မှာတော့ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းမိထားပြီး နောက်ထပ်သံသယ ရှိသူတွေကို ထပ်မံဖမ်းဆီးသွားဖို့ရှိတယ်လို့ သိရပါတယ်။
နေပြည်တော် အမှတ် (၅) ရဲစခန်းက ရဲအရာရှိတဦးက “ကျနော်တို့က သတင်းရုပ်သံအဖွဲ့တွေ၊ ဓာတ်ပုံတွေ၊ CCTV တွေ၊ မျက်မြင် တွေကရတဲ့ အထောက်အထားတွေအရ ဖမ်းဆီးထားတာပါ၊ မိထားတဲ့လူအများစုက ပျဉ်းမနားသားတွေပါ၊ မှတ်တမ်းတွေ အရတော့ အရေးယူရမယ့်လူတွေကျန်ပါသေးတယ်”လို့ သူက ဧရာဝတီကိုပြောပါတယ်။
ဖမ်းမိထားတဲ့သူတွေကိုတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲက ပြောပါတယ်။
ဒီဘောလုံးပွဲ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ မြန်မာ သတင်းဌာနတွေက ဖော်ပြခဲ့ကြသလို နိုင်ငံတကာ သတင်းဌာနတွေကလည်း စိတ်ဝင်တစား ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရ သတင်း မီဒီယာတွေမှာတော့ မတွေ့ရပါဘူး။
ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဘောလုံးအသင်း ၂ သင်းက နေပြည်တော် (NPTFC) အသင်း ရဲ့ ဥက္ကဋ္ဌမှာ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် (YUFC) အသင်းရဲ့ ဥက္ကဋ္ဌ ကတော့ ဦးပြည့်ဖြိုးတေဇ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဟာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ရဲ့ သားဖြစ်ပြီး ဦးပြည့်ဖြိုးတေဇ ကတော့ မြန်မာနိုင်ငံရဲ့ ခရိုနီ သူဌေးကြီး ဦးတေဇ ရဲ့ သားဖြစ်ပါတယ်။