အားကစား

ဘောလုံးပွဲ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ နစ်နာရမှုများ

This article has been converted from Zawgyi One to Unicode

ယခုတကြိမ်တွင်လည်း နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပမည့် ပြေးခုန်ပစ် အားကစားအတွက် မြန်မာ ပြေးခုန်ပစ်သမားများ အကြောင်း သုံးသပ်သည့် ဆောင်းပါး မရေးနိုင်သေးပါ။ သြဂုတ်လ ၄ ရက်နေ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အရေးအခင် သတင်းဆောင်းပါးကိုသာ ဆက်လက်တင်ပြပါမည်။

မြန်မာ အမျိုးသားလိဂ် အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံးပွဲအဖြစ် အမှတ်အများဆုံးဖြင့် ပထမရပြီးသည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဒုတိယနေရာ ရထားပြီး ဖြစ်သည့် နေပြည်တော် ဘောလုံးအသင်းတို့ ကစားကြပြီး မလိုအပ်သော ဆူပူမှုများ ဖြစ်ပွားခဲ့ရပုံကို ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်း အရေးအခင်း ပထမပိုင်းအဖြစ် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

ဤဆောင်းပါးတွင် ယင်းဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စစ်ဆေး အရေးယူခဲ့ပုံများကို အသေးစိတ် တင်ပြလိုက်ပါသည်။

နေပြည်တော်တွင် အရှေ့တောင်အာရှ အားကစားပွဲ ဖွင့်ပွဲ ပိတ်ပွဲ ကျင်းပရန် လျာထားသည့် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းတွင် သြဂုတ်လ ၄ ရက်က နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ၂၀၁၃ ဘောလုံးရာသီ အတွက် ဆုပေးပွဲ ကျင်းပရန် အတွက်ပါ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် မမျှော်လင့်သော အသေးအဖွဲပြဿနာလေးမှ  စကာ ဘောလုံးကစားသူများ အားကစားစိတ်ဓာတ် ကင်းမဲ့စွာ၊ မစဉ်းစား မဆင်ခြင်ဘဲ လုပ်ဆောင်ချက်များကြောင့် ဘောလုံးပွဲ ဆက် မကစားနိုင်ဘဲ ရပ်လိုက်ရသည်အထိ အခြေအနေ ဆိုးရွားသွားခဲ့သည်။

ဘောလုံးပွဲ စတင်ကစားပြီး ၃၅ မိနစ်တွင် နေပြည်တော် အသင်း၏ ပင်နယ်လ်တီ ဧရိယာအတွင်း နေပြည်တော် ကစားသမားများက ရန်ကုန် ကစားသမား ဒေးဗစ်ထန်ကို ဖျက်ဆီးပုံ ကြမ်းသည်ဟု ဆိုကာ ကွင်းလယ် ဒိုင်လူကြီးက နေပြည်တော် အသင်းဘက်သို့ Penalty ပြစ်ဒဏ်ပေးပါသည်။ နေပြည်တော် ဘောလုံးသမား တချို့က စောဒက တက်ကြသည်မှ လွဲ၍ မည်သည့်ပြဿနာမျှ မဖြစ်ပွားခဲ့ပါ။

ဘောလုံးကို ကွင်းလယ်စက်ဝိုင်းတွင် တည်ကာ ဘောပွဲ ပြန်စခဲ့ပါသည်။ ပင်နယ်လ်တီ ပြစ်ဒဏ်ပေးပြီးနောက် ၂ မိနစ် အကြာ၊ ပထမပိုင်း ၃၇ မိနစ်တွင် ရန်ကုန်အသင်းမှ ရန်အောင်ကျော်နှင့် နေပြည်တော် အသင်းမှ ခိုင်ထူးတို့ ဘောလုံး ယှဉ်လုရင်းမှ အချင်းများခဲ့ကြပါသည်။

ဒိုင်က ပွဲရပ်ထားခိုက် နေပြည်တော် အသင်းမှ ခိုင်ထူးက ရန်ကုန်အသင်းမှ ရန်အောင်ကျော်အား ခုန်၍ ကန်လိုက်ရာ ရန်အောင်ကျော် မျက်နှာတွင် ထိခိုက်သွားပါသည်။

ရန်အောင်ကျော်ကို တိုက်ခိုက်သော နေပြည်တော် အသင်းမှ ခိုင်ထူးအား ကြည်လင်း (ရန်ကုန်) က တန်ပြန် တိုက်ခိုက်ဖို့ ကြိုးစားပါသည်။ ခိုင်ထူး ထွက်ပြေးရာနောက် ကြည်လင်းက လိုက်သော်လည်း ကစားဖော်များနှင့် အုပ်ချုပ်သူများက ကြည်လင်းကို ဝိုင်းတားထားရပါသည်။ ခိုင်ထူးနှင့် ကြည်လင်း ထိပ်တိုက် ရင်ဆိုင် မတွေ့ပါ။ သို့ရာတွင် နေပြည်တော် ဝတ်စုံ ဝတ်ဆင်ထားသူ တဦးက ကြည်လင်းကို ဝင်ထိုးပြန်သည်။ ကြည်လင်းက ပြန်ထိုးသည်။ နေပြည်တော် ဘောလုံးအသင်း ဝတ်စုံ ဝတ်ဆင်ထားသူမှာ ပွဲကြည့်ပရိသတ် တဦးဖြစ်ပါသည်။ အထူးတန်း ပွဲကြည့်စင်ဘက်မှ တူညီဝတ်စုံဝတ် ပရိတ်သတ်တချို့  ကွင်းထဲ ခုန်ဆင်းလာရာမှအစ ရန်ပွဲမှာ ကြီးကျယ်သွားပါသည်။ ပွဲကြည့်စင်ပေါ်တွင် ရှိနေသည့် အားပေးသူတချို့ကလည်း ခုံများကို ရိုက်ချိုး ဖျက်ဆီးပြီး ကွင်းထဲသို့ လွှင့်ချကြပါသည်။ ထိုအချိန်မှ စကာ ဘောလုံးကွင်းအတွင်း ဝရုန်းသုံးကား ဖြစ်သွားရပါသည်။ ပုဂ္ဂလိက လုံခြုံရေးများသာ ရှိသဖြင့် မထိန်းနိုင် မသိမ်းနိုင်ခြင်း ဖြစ်သည်။

ယင်း ဖြစ်ရပ်ကို FIFA DISCIPLINARY CODE အရ ဖြစ်ရပ်ကို စတင်လှုံ့ဆော်သူ “Instigator” နှင့် ရောယောင် နောက်လိုက် ကြံရာပါများ “Accomplice” များကို အရေးယူရန် ရှိလာပါသည်။ “Involvement article (9) Serious Infringement and Misconduct Against Opponents. ART 47, 48, Brawl Art 50, TEAM Misconduct Art 52, Provoke General Public Art 5-4 Liability for Spectators Conduct Art 67 စသည့် ပုဒ်မများဖြင့် နေပြည်တော် အသင်းမှ ခိုင်ထူးကို ၂၀၁၄-၁၅ ဘောလုံးရာသီ တခုလုံး ကစားခွင့် ပိတ်ပင်ပြီး၊ ဒဏ်ငွေ အဖြစ် မြန်မာကျပ်ငွေ ၅ သိန်း ကျခံစေရန် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

မောင်ခိုင်ထူး သာမက ကွင်းအတွင်း ဆူပူလှုပ်ရှားမှုတွင် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြသည့် နေပြည်တော်အသင်း ကစားသမားများ ဖြစ်ကြသည့် မောင်ဇော်လင်း၊ ဇော်မိုးဦး၊ ထင်ဇော်မိုးတို့အား ၂၀၁၄/၁၅ MNL အမှတ်ပေးပွဲတွင် ၅ ပွဲစီ ပယ်သည်။ ဒဏ်ငွေ ၅ သိန်းစီ ပေးဆောင်စေသည်။

နေပြည်တော် အသင်းမှ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ အကြံပေး နည်းပြ ဦးမျိုးဝင်းတို့ကလည်း လုံခြုံရေး သမားတချို့နှင့် စကားများခဲ့ကြသဖြင့် ယင်းတို့ ၂ ယောက်အား ၃ ပွဲ နည်းပြခွင့် ပိတ်လိုက်သည်။ ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေသည်။

နေပြည်တော် အသင်းကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်း ပျက်စီးမှုများကို နေပြည်တော် ဘောလုံးအသင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးတွဲလျော်ကြေ ပေးရမည် ဖြစ်သည်။ ပွဲကြည့်စင်မှ ခုံများပျက်စီးမှုမှာ နေပြည်တော် အသင်းကို အားပေးသည့် ပရိသတ်များကြောင့် ဖြစ်သည်။ အသင်းကို အားပေးသူများ၏ ဆိုးကျိုး ကောင်းကျိုးများကို အသင်းက တာဝန်ယူရမည် ဖြစ်သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပျက်စီးရာတွင် အဆိုးရွားဆုံးမှာ ဘောလုံးသမားများ နားနေခန်း ဖျက်ဆီးခံရခြင်းပင် ဖြစ်သည်။ ဘောလုံးသမားများ နားနေခန်း တခန်း၏အတွင်းပိုင်း အဖျက်ခံရသည်ဟု ဆိုသည်။

ပွဲကြည့်စင်မှ ထိုင်ခုံများ ဖျက်ဆီးကြသူ ၁၂ ယောက်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်း စစ်ဆေးလျက် ရှိသည်။ စာနယ်ဇင်းများထဲတွင် သတင်းပါလာသည်။ အမှုမှန်ပေါ်ပေါက်လျှင် ပုဒ်မ ၆ (၁) (အများပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု) ဖြင့် အရေးယူမည်ဟုလည်း ကြားသိနေရသည်။

နေပြည်တော် အသင်းသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပျက်စီးမှုများကို ၅၀ ရာခိုင်နှုန်း လျော်ရမည် ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်းကိုမူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျခံမည်ဟုလည်း သိရသည်။

နေပြည်တော် အသင်း၏ ပြစ်ဒဏ်မှာ ဤမျှသာမကသေးပါ။ လာမည့် ၂၀၁၄/၁၅ ဘောလုံးရာသီတွင် အိမ်ကွင်း၌ ကစားရန်ရှိသည့် ဘောလုံးပွဲ ၁၁ ပွဲစလုံးကို အိမ်ကွင်းတွင် မကစားရဟုလည်း အပိတ်ခံရသေးသည်။

ဘောလုံးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို နားမလည်သော ဘောလုံးပွဲ အားပေးသူများ၏ လုပ်ရပ်များကြောင့် ဘောလုံးအသင်း ထိခိုက်နစ်နာခြင်းပင် ဖြစ်သည်။

ဘောလုံးပွဲ အားပေးသူများသည် ဘောလုံးအသင်း တသင်းအတွက် ၁၂ ယောက်မြောက် ကစားသမား ဖြစ်သည်ဟု ပြောနေကြခြင်းမှာ အပြည့်အစုံ မမှန်ပါ။ အားကစား စိတ်ဓာတ်ဖြင့် မှန်မှန်ကန်ကန် အားပေးကြသူများ ကသာ အသင်းအတွက် ၁၂ ယောက်မြောက် အသင်းသား ဖြစ်နိုင်သည်။

ဘောလုံးပွဲကို ကြက်တိုက်ပွဲလို သဘောထားကာ မူးယစ်ရမ်းကားပြီး အကြမ်းဖက်လိုကြသည့် ဘောလုံးပွဲ ပရိတ်သတ်မှာ နည်းပင်နည်းလင့်ကစား အားလုံးအတွက် ရန်ဆူးရန်ငြှောင့် များသဖွယ် ဖြစ်ပွားနိုင်သည်ကို ဤ အရေးအခင်းက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ ဖြစ်ပါသည်။

အားကစား ပြိုင်ပွဲများကို အားကစား ပရိသတ် စစ်စစ်များသာ ကြည့်ရှုကြစေလိုပါသည်။ ဘောလုံး ပြိုင်ပွဲများကိုလည်း ဘောလုံးဝါသနာရှင်များသာ ကြည့်ရှုနိုင်ရန် ဖန်တီးပေးကြစေလိုပါသည်။

မိမိဘောလုံး အသင်းကို အားပေးရန် ဘောလုံးပွဲဝင်ခွင့် လက်မှတ်များ တအိမ်တက်ဆင်း လိုက်လံဝေခြင်း၊ မိမိ အလုပ်ခွင်များထဲမှ ဝန်ထမ်းများ၊ အလုပ်သမားများကို မလိုက်မနေရ သဘော ခေါ်ယူခြင်း၊ ပြင်ပမှ ပရိသတ်များကို ငွေကြေး ပစ္စည်းပေး၍ မိမိအသင်းကို အားပေးရန် စည်းရုံး သိမ်းသွင်းခြင်း စသည်တို့မှာ မလုပ်သင့် မလုပ်ထိုက်ကြောင်း ဤ အရေးအခင်းက ညွှန်းဆိုထားခဲ့ပေပြီ။

လူများတိုင်း ပွဲမစည်ပါ။ လူများလျှင် အပေါက်အရှများ ပိုများတတ်သည်။ ကောင်းသော အားကစား ပရိသတ်သည် သက်ဆိုင်ရာ အားကစားနည်း အတွက် အားဆေးဖြစ်သော်လည်း မကောင်းသော အားပေးသူများသည် သက်ဆိုင်ရာ အားကစားနည်း အတွက် ဘေးဖြစ်နိုင်သည်ကို သတိပြုကြဖို့ လိုပါသည်။     ။

Loading