အားကစား

မြန်မာ့ ပြေးခုန်ပစ် ဆီးဂိမ်းမှာ ဟန်ပါ့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးများ ကျင်းပလျှင် ရေကူးနှင့် ပြေးခုန်ပစ် အားကစားနည်းတို့ကို မဖြစ်မနေ ထည့်သွင်း ကျင်းပရသည်။ အဘယ်ကြောင့် ဆိုသော်  သမိုင်းဦး ဘုံမြေခေတ်မှ စတင်ပေါ်ပေါက် လာခဲ့သောကြောင့် ဖြစ်သည်။

ခရစ်တော် မပေါ်မီ ၇၇၆ ခုနှစ်တွင် စတင် ကျင်းပသည့် အိုလံပစ် အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းများ ဖြစ်ကြသည့် တာတိုပြေးပွဲနှင့် သံပြားဝိုင်းပစ် ပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ပြေးခုန်ပစ် အားကစားနည်းမျိုးမှာ ပုဂံခေတ်ကပင် ရှိခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ အားကစား နည်းများမှာမူ ၁၉၀၀ ပြည့်လွန်နှစ်များကျမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

အင်္ဂလိပ်စစ်တပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ရန်ကုန်ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများကို မြို့မကျောင်းရှေ့ရှိ မြင်းပြိုင်ကွင်း အတွင်းတွင် ၁၉၀၀ ပြည့်လွန် နှစ်လောက်ကတည်းက ကျင်းပပေးခဲ့သည်။

ယင်းနောက် ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း) ကို ၁၉၀၈ ခုနှစ်လောက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊ ၁၉၁၀ ခုနှစ်တွင်ပြီးစီးခဲ့သည်။ ဘောလုံးကွင်းနှင့် အတူ ကိုက် ၄၄၀ (မီတာ ၄၀၀) ပြေးလမ်းကိုမူ ၁၉၃၅ ခုနှစ်ကျမှ ဖောက်လုပ် ပေးခဲ့သည်။

ဒုတိယကမ္ဘာစစ် မတိုင်မီကမူ မြန်မာ ပြေးခုန်ပစ် အားကစား သမားများ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မှု အနည်းငယ်သာ ရှိခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တားမြို့၌ ကျင်းပသည့် ဘင်္ဂလား ပြည်နယ် တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တော်မီဘာတန်နှင့် စိန်လွင်တို့ နှစ်ဦးပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသည်။

နောင် နှစ်အနည်းငယ် ကြာသောအခါ အိန္ဒိယပြည် ကိုလ်ကတ္တား မြို့မှာပင် ကျင်းပသည့် တက္ကသိုလ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ စိန့်ဂျွန်းကောလိပ်မှ ဘအုန်းသည် အမြင့်ခုန်ပြိုင်ပွဲ၌ ဝင်ပြိုင်ရာ ၅ ပေ ၁၁ လက်မ ခုန်ပြီး ပထမဆု ရသည်။ ထိုစဉ်က ကျောင်းသားတန်းတွင် ကမ္ဘာ့စံချိန်ဟု အသိအမှတ်ပြုကြသည်။

မြန်မာနိုင်ငံတွင် ပြေးခုန်ပစ် အားကစားနည်း ဖြစ်ပေါ်တိုးတက်မှုမှာ ဒုတိယကမ္ဘာစစ်ကြီး အပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အကြိုကာလကျမှ စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခဲ့ပါသည်။ တဆက်ထဲ မှာပင် နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ချုပ်နှင့် တရားဝင် ဆက်သွယ်ခဲ့သည်။

မြန်မာနိုင်ငံ အိုလံပစ် အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်နှင့် မြန်မာ နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ နိုင်ငံတကာ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များနှင့် တရားဝင် ဆက်သွယ်သည့် အထိမ်းအမှတ် အဖြစ် ၁၉၄၇ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ဂုဏ်ပြု လက်ဖက်ရည်ပွဲ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက် နိုင်ငံတကာ အားကစား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ပြေးခုန်ပစ် သမားတဦးကို စေလွှတ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ၁၉၄၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပွဲသို့ တာတို (မီတာ ၁၀၀၊ မီတာ ၂၀၀) အပြေးသမား စိန်ဖေကို စေလွှတ်ယှဉ်ပြိုင်စေခဲ့သည်။

စိန်ဖေသည် လွတ်လပ်သော မြန်မာနိုင်ငံမှ ကမ္ဘာ့အိုလံပစ်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အပြေးသမား တဦးပင် ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူဒေလီမြို့တွင် ကျင်းပသည့် အာရှ အားကစားပွဲ တွင်လည်း မြန်မာ ပြေးခုန်ပစ် သမား များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြေခုန်ပစ် သမားများအနက် ကွန်ဂတ် (အလျားနှင့် သုံးဆင့်ခုန်၊ စတုတ္ထ)၊ အန်ထော်နီ ဒတ်စ် (မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀၊ ပဉ္စမ)၊ မောင်ရွှေ (မာရသွန်၊ စတုတ္ထ) နှင့် ဘဆွေ (မာရသွန်၊ ပဉ္စမ) တို့သည် အဆင့် ၆ အတွင်း ဝင်သဖြင့် ဂုဏ်ထူးဆောင် လက်မှတ်များ ရရှိခဲ့ကြသည်။

အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ထဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည်။ မြန်မာ ပြေးခုန်ပစ် သမားများ ရွှေတံဆိပ် ၅ ဆု၊ ငွေ တံဆိပ် ၆ ဆုနှင့် ကြေးတံဆိပ် ၈ ခု၊ ဆွတ်ခူးနိုင်ခဲ့သည်။

ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးခဲ့သူများမှာ ဂရေစီကား (မီတာ ၈၀၊ တန်းကျော်ပြေး)၊ မခင်ထွေး (သံလုံးပစ်)၊ အာဖူး (မီတာ ၅၀၀၀) နှင့် နော်ဖားဟာ (သံပြားပစ်) တို့ ဖြစ်ကြသည်။

ပထမ အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ပြေးခုန်ပစ်၌ ငွေတံဆိပ် ဆွတ်ခူးသူများမှာ အာဖူး (မီတာ ၁၅၀၀)၊ အက်ဒီပေါလ်စတင် (သုံးဆင့်ခုန်)၊ စိုးမရ (ဝါးလုံးထောက်)၊ နော်ဖားဟာ (သံလုံးပစ်)၊ မခင်ဌေး (သံလုံးပစ်) တို့ဖြစ်သည်။

ပြေးခုန်ပစ် ကြေးတံဆိပ်ရှင်များမှာ အောင်မောင်း (မီတာ ၄၀၀)၊ အေးဆိုင် (မီတာ ၈၀၀နှင့် မီတာ ၁၅၀၀)၊ ရှင်ဗွေဂန်း (မီတာ ၅၀၀၀)၊ ကျော်ညွန့် (ထောက်လှမ်းခုန်)၊ မြစံ (လှံတံပစ်)၊ ခင်ထွေး (သံလုံးပစ်)၊ မီတာ ၁၀၀ x ၄ ယောက် လက်ဆင့်ကမ်း အသင်း (စိုးအောင်၊ ထွန်းနောင်၊ ကျော်မြင့်နှင့် ထွန်းမရ)တို့ ဖြစ်သည်။

အထက်ပါ ရွှေငွေကြေး တံဆိပ်ဆုရှင်များမှာ မြန်မာ ပြေးခုန်ပစ် လောကကို နိုင်ငံတကာ အဆင့်သို့ စတင်ပို့ဆောင်ပေးခဲ့ကြ သူများဟု ဆိုနိုင်ပါသည်။

၁၉၆၉ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှာ အအောင်မြင်ဆုံးပင် ဖြစ်သည်။ ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၃ ဆုနှင့် ကြေးတံဆိပ် ၉ ဆုနှင့် အမျိုးသမီးများက ၁၁ ဆု ဆွတ်ခူးနိုင်ခဲ့ကြသည်။

အမျိုးသမီး ရွှေဆုရှင်များမျာ မခင်ပု (မီတာ ၁၀၀၊ မီတာ ၂၀၀၊ လှံတံပစ်)၊ နိုရင်းပိန်း (မီတာ ၄၀၀)၊ နုနုရီ (မီတာ ၈၀၀)၊ ဘာဘရာကျော်ဘွား (အမြင့်ခုန်)၊ မတင်ပု ( ၅ မျိုးစုံ)၊ ဂျနီဖာတင်လေး (သံလုံးပစ်)၊ မပေါ်ရွှေ (သံပြားဝိုင်းပစ်) နှင့် မီတာ ၁၀၀ x ၄ ယောက် လက်ဆင့်ကမ်း ပြေးပွဲ အသင်း (မခင်ပု၊ နိုရင်းပိန်း၊ ဖြူဖြူခင်နှင့် မေရီအန်း) တို့ ဖြစ်ကြသည်။

၁၉၆၉ ခုနှစ် ကျွန်းဆွယ် ပြေးခုန်ပစ် ပြိုင်ပွဲ၌ အမျိုးသား အသင်းက ရွှေတံဆိပ် ၉ ခု ဆွတ်ခူး ရရှိခဲ့သည်။ ဆုရရှိသူများမှာ စိုးဝင်း (ကသာ)က မီတာ ၄၀၀၊ ဂျင်မီကရင်တန်က မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၅၀၀၀၊ ရှင်ဗွေဂမ်က မီတာ ၁၀၀၀၀ နှင့် မာရသွန်၊ ကျောင်းအောင်က အလျားခုန်၊ ဇော်ဝိတ်က သံပြားဝိုင်း၊ ကျော်ညွန့်က ၁၀ မျိုးစုံ တို့ ဖြစ်သည်။

အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ၁၉၅၉ မှ ၁၉၇၅ အထိ ၈ ကြိမ်ကျင်းပခဲ့သည်။ ကျွန်းဆွယ် အားကစား ကောင်စီမှ ထွက်သွားသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ နေရာတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း နိုင်ငံတို့ ဝင်လာပြီး ကျွန်းဆွယ်အမည်ကို ဖြုတ်လိုက်ပြီး အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Games) ဆီးဂိမ်း အမည်ဖြင့် ၁၉၇၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရ် မြို့တွင် (ကျွန်းဆွယ်အနေနှင့်) ၉ ကြိမ်မြောက် သို့မဟုတ် ပထမဆုံးအကြိမ်မြောက် SEA Games ကျင်းပခဲ့သည်။ မြန်မာ ပြေးခုန်ပစ် အဖွဲ့သည် အမျိုးသား ရွှေတံဆိပ် ၇ ဆု၊ အမျိုးသမီး ရွှေတံဆိပ် ၉ ဆု ဆွတ်ခူးပြီး၊ ပြေးခုန်ပစ် အားကစားနည်းတွင် ပထမဆု ရရှိခဲ့သည်။

မြန်မာပြေးခုန်ပစ် အားကစားနည်း၏ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲတို့တွင် အောင်မြင်မှု ရရှိပုံများမှာ ယခုအခါ အတိတ်၏ အရိပ်သဖွယ်သာ ရှိနေတော့သည်။

ဆီးဂိမ်း အစောပိုင်းနှစ်များတွင် မြန်မာ ပြေးခုန်ပစ်သမားများသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများနှင့် သူနိုင်ကိုယ်နိုင် အပြိုင် ရှိခဲ့ကြသော်လည်း တဖြည်းဖြည်းဖြင့် ရှုံးနိမ့်လာခဲ့သည်။

၁၉၈၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် ဆီးဂိမ်းမှစကာ မြန်မာ ပြေးခုန်ပစ် အားကစား ကျဆင်းသွားခဲ့ရ သည်။ ယင်း ဆီးဂိမ်းတွင် အမျိုးသား ပြိုင်ပွဲတွင် စိုးမြင့်အောင် (တုတ်ထောက်ခုန်) တဦးတည်းသာ ရွှေတံဆိပ် ၁ ခု ဆွတ်ခူး နိုင်ခဲ့သည်။

အမျိုးသမီး ပြိုင်ပွဲတွင် ခင်ခင်ထွေး (မီတာ ၃၀၀၀)၊ ဝိပ္ပံ (မာရသွန်) နှင့် စမ်းစမ်းအေး (တန်းမြင့်ခုန်) တို့က ရွှေတံဆိပ် ၃ ဆု ရရှိပြီး၊ စုစုပေါင်း ပြေးခုန်ပစ်မှ ရွှေတံဆိပ် ၄ ဆုသာ ဆွတ်ခူးခဲ့သည်။ ယင်းမှာ ကျဆင်းမှု အစသာ ရှိသေးသည်။ ၁၉၉၃ ခုနှစ်တွင် ရွှေ ၂ ခု၊ (အမျိုးသား ၁၊ အမျိုးသမီး ၁)၊ ၁၉၉၅ ခုနှစ်တွင်ရွှေ ၂ ခုသာ ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၉၇ ခုနှစ် ဂျာကာတာ ဆီးဂိမ်းစကာ မြန်မာ ပြေးခုန်ပစ် အားကစားသမားများ ရွှေတံဆိပ် မရတော့ပါ။ ၁၉ ကြိမ်မြောက် ဂျာကာတာ ဆီးဂိမ်းတွင် ငွေတံဆိပ် ၂ ဆု၊ ကြေးတံဆိပ် ၅ ဆုသာ ရရှိခဲ့ကြသည်။ ၁၉၉၉ ဆီးဂိမ်းတွင် ရွှေလည်းမရ၊ ကြေးလည်း မရပါ။ ၂၀၀၁ ကွာလာလမ်ပူ ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် ၁ ဆုကို အောင်သူရ (မီတာ ၁၀၀၀၀) ကသာ ရရှိခဲ့သည်။ အမျိုးသမီးများ ရွှေရောင် ပျောက်သည့် နှစ်ပင်ဖြစ်သည်။ ၂၀၀၃ ဗီယက်နမ်ဆီးဂိမ်းတွင်မူ ငွေ ၂ ခု၊ ကြေး ၄ ခု သာ ရသည်။

၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် ၄ ဆု ပြန်ရသည်။ အောင်သီဟ (မီတာ ၁၀၀၀၀)၊ ကေသီလွင် (မီတာ ၂၀၀)၊ ယဉ်ယဉ်ခိုင် (မီတာ ၄၀၀)၊ အမျိုးသမီး ၄x၄၀၀ လက်ဆင့်ကမ်း အသင်းတို့ ဖြစ်သည်။

သို့ရာတွင် ဘန်ကောက်မြို့၌ ၂၀၀၇ ခုနှစ်တွင် ကျင်းပသည့် ၂၄ ကြိမ်မြောက် ဆီးဂိမ်းတွင် ရွှေတံဆိပ် မရပြန်ပါ။

၂၀၀၉ ခုနှစ် လာအို ဆီးဂိမ်းတွင်မူ အမျိုးသား ၁၊ အမျိုးသမီး ၁ ဖြင့် ရွှေတံဆိပ် ၂ ဆု ရသည်။ သို့သော် အငှားချထားသည့် နိုင်ငံခြားသား ၂ ဦးဖြစ်သည်ဟု ဆိုသည်။ ပြည်တွင်း မီဒီယာများတွင် ဖော်ပြခဲ့သော်လည်း သက်ဆိုင်ရာ တို့က ငြင်းဆန်ခြင်း (သို့) ဝန်ခံခြင်း တစုံတရာမပြုခဲ့ပါ။

၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင်လည်း ပြေးခုန်ပစ်က ရွှေ မရခဲ့ပါ။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ ပြေးခုန်ပစ် အားကစားနည်းက အမျိုးသား၊ အမျိုးသမီး ၂ ရပ်ပေါင်း ရွှေတံဆိပ် ၄၈ ဆု ပေးရန် လျာထားသည်ဟု သိရသည်။

ပြေးခုန်ပစ် အားကစားနည်းက အစဉ်အလာကိုပင် ဆက်လက်ထိန်းမည်လား၊ သို့မဟုတ် အစဉ်အလာမှ ဖောက်ထွက်ကာ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ကြမည်လား ဆိုသည်ကိုမူ ပွဲပြီးမှပင် သိနိုင်ကြပေလိမ့်မည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading