တာမွေမြို့နယ်အတွင်းရှိ အပြာရောင် နီယွန်မီးများ ထွန်းထားသည့် အရက်ဆိုင်တွင်းက တီဗီဖန်သားပြင်ပေါ်တွင် အာဆင်နယ် အသင်း၏ မန်နေဂျာ အာဆင်ဝင်းဂါး၏ မျက်နှာကြီးက မျှော်လင့်ချက်မဲ့စွာ ဖြင့် ရှုံ့တွနေသည်။ ပါးစပ်ကလည်း တစုံတရာကို လူမကြားအောင် ရေရွတ်နေပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် လက်တဖက်ကို တင်ပါးတွင် ထောက်ထားသည်။
တီဗီဖန်သားပြင်ပေါ်က စိတ်ပျက်နေသော ပြင်သစ်အမျိုးသားကြီးလိုပင် ကိုအောင်ကျော်သည်လည်း အက်စတန်ဗီလာ အသင်းမှ အန်တိုနီယိုလူနာက အာဆင်နယ် အသင်းဘက်ကို ဂိုးသွင်းယူလိုက်ချိန်တွင် မကျေမနပ်နှင့် ညည်းတွား ဆဲရေး လိုက်သည်။ စားပွဲဝိုင်းတွေဆီကနေ ပစ်ကျွေးမည့် စားကြွင်းစားကျန် တွေကို စောင့်မျှော်နေကြသည့် လမ်းဘေးခွေးတွေ လည်း ညနက်လာပြီ ဖြစ်သည့်အတွက် မျှော်လင့်ချက်တွေ လျော့နည်းလာပြီး ပျင်းရိစွာနှင့် သမ်းဝေနေကြသည်။
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ၏ အဖွင့်နေ့တွင် အာဆင်နယ်အသင်းနှင့် ဘာမင်ဂမ်မြို့က အက်စတန်ဗီလာ အသင်းတို့ ယှဉ်ပြိုင်ကြသောပွဲစဉ် အချိန် ၈၅ မိနစ်တွင်ဖြစ်ပါသည်။ ယခုအပတ်ပွဲစဉ်များအတွက် ကိုအောင်ကျော် ကျပ်ငွေ ၃၀၀၀၀ လောင်းခဲ့ရာတွင် အာဆင်နယ် အသင်းအနိုင်ရမည့်ဘက်မှ လောင်းခဲ့မိသည်။ သို့သော်လည်း စပိန်နိုင်ငံသား အန်တိုနီယို လူနာက အာဆင်နယ် ဂိုးသမား လှမ်းမမီနိုင်သည့် ဂိုးတိုင်အောက်ခြေနားသို့ ဘောလုံးကို ကန်သွင်းလိုက်ပြီး ချိန်မှာတော့ အောင်ကျော်၏ ငွေတွေ ဆုံးရှုံးဖို့ နီးစပ်သွားလေပြီ။ အက်စတန်ဗီလာက ၃ ဂိုး ၁ ဂိုး နှင့် ဦးဆောင်နိုင်လိုက်ခြင်းကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူတော့ပါ။
“ဖုန်းထဲက မက်ဆေ့ချ်ကို ဖျက်လိုက်တာကောင်းတယ်” ဟု မျက်မှန်တပ်ထားသော အသက် ၄၀ ဝန်းကျင် အရွယ် ကိုအောင်ကျော်ကပြောသည်။ ညနေ အစောပိုင်းတုန်းက သူ့ဖုန်းထဲကို ဘောလုံးဒိုင်က လောင်ကြေးစာရင်း ပို့ပေးခဲ့ခြင်း ဖြစ်သည်။ ဘောလုံးပွဲလောင်းခြင်းက မြန်မာနိုင်ငံတွင် တရားမဝင်ပါ။ ထို့ကြောင့် သူ့ဖုန်းထဲက မက်ဆေ့ချ်ကို ရဲက မြင်ပြီး အဖမ်းခံရတာမျိုး မဖြစ်ချင်ဟုလည်း ဆိုသည်။
“ဒါပေမယ့် အရင်ကထက် ပိုပြီးကောင်းတော့ ကောင်းလာပါတယ်၊ မိုဘိုင်းဖုန်းတွေ မပေါ်ခင်တုန်းက စာရွက်တွေ သုံးရတယ်။ အဲဒါက ပိုက်ဆံအပေးအယူ ကိစ္စမှာရော၊ လူမမြင်အောင် ဖွက်ရတာတွေရော အခက်အခဲရှိတယ်” ဟု ဘောလုံးပွဲ လောင်းရာတွင် မိုဘိုင်းဖုန်းကို သုံးပြု ခြင်းနှင့် ပတ်သက်၍ သူက ဧရာဝတီသို့ ပြောပြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းလောက်သာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ပါသေးသည်။
လောင်းကြေးနှင့် အလျော်ငွေကို ပွဲပြီးသည့် အခါမှ အပေးအယူ လုပ်ကြသည်။ ဒိုင်က ဖွင့်သည့်လောင်းကြေး နှုန်းထားနှင့် လောင်းသူဖက်က ထိုကြေးအလိုက် အလောင်းအစားပြုခြင်းကို များသောအားဖြင့် ဖုန်းပေါ်မှာသာ လုပ်ကြသည်။ လူဦးရေ သန်း ၅၀ မှ ၆၀ အတွင်းရှိမည်ဟု ခန့်မှန်းရသော မြန်မာနိုင်ငံတွင် လူများစုသည် အင်တာနက် သုံးစွဲနိုင်ခြင်း မရှိသဖြင့် တရားမဝင် အွန်လိုင်းမှ လောင်းကစားသည့် အလေ့အထသည် အခုမှ ဖွံ့ဖြိုးလာစသာ ရှိသေးသည်ဟု ကိုအောင်ကျော်က ပြောသည်။
ကိုအောင်ကျော်၏ မိတ်ဆွေ ကိုဘိုဝင်းသည် ဗလကောင်းကောင်းနှင့် ဆေးမင်ကြောင် ထိုးခြင်းကို နှစ်ချိုက်သူ ဖြစ်ပုံရသည်။ စကားပြောသည့်အခါ ထွက်လာသည့် အသံက စတိုင်ကျကျ ရုပ်ရှင်မင်းသား တယောက်၏ အသွင်မျိုးနှင့် ဆန့်ကျင်စွာ လက်ဝှေ့သမား မိုက်တိုင်ဆန်၏ အသံမျိုး ဖြစ်နေသည်။ အပြင်ဘက်က မိုးရေစိုရွှဲနေသည့် လမ်းပေါ်တွင် အိမ်အပြန်ခရီးကို လှုပ်လီလှုပ်လဲ့ သွားနေကြသည့် မိန်းကလေးတွေကို မြင်သည့်အခါ ဘေးကလူကို တံတောင်နှင့် တွတ်၍ အချက် ပြရင်း စကားဝိုင်းထဲသို့ ဝင်လာသည်။
“တခါတလေ ကျရင် ကျနော်တို့ နိုင်တယ်။ များသောအားဖြင့်တော့ ရှုံးပါတယ်” ဟု သူက ရယ်မောရင်းပြောသည်။
“ကျနော် အပတ်တိုင်းတော့ မလောင်းပါဘူး။ တခါတလေမှပါ။ ဒါပေမယ့် ဒီနေ့က ဘောလုံးရာသီ အစလေ၊ ဒါကြောင့် ဒီတပတ် လောင်းလိုက်တယ်” ဟု သူက ဆက်ပြောသည်။
လောင်းကစားခြင်းသည် ယနေ့ခေတ်အခါတွင် မြန်မာတို့၏ အစိတ်အပိုင်း တခုလို ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ရေပန်းစား နေသော “နှစ်လုံး” ၊ “သုံးလုံး” စသည့် လောင်းကစား နည်းတို့သည် ထိုင်းနိုင်ငံ စတော့အိတ်ချိန်း၏ ညွှန်းကိန်းများနှင့် ထိုင်းထီကို အခြေပြုထားကြခြင်း ဖြစ်သည်။
“တလုံး” ဆိုသည်မှာ မြန်မာ လောင်းကစား လောက၏ အဓိက သုံးခုထဲမှ တခုဖြစ်သည်။ နှစ်စဉ် သြဂုတ်လမှ မေလ အတွင်း ကျင်းပပြုလုပ်သည့် ဥရောပ ဘောလုံး ပွဲစဉ်များနှင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ၊ ဘောလုံးရာသီချိန် ပြင်ပမှ ချစ်ကြည်ရေး ခြေစမ်း ဘောလုံးပွဲများကို လောင်းကြခြင်းဖြစ်သည်။ ထိုအထဲတွင် အင်္ဂလန် ဘောလုံးပြိုင်ပွဲများသည် ရေပန်း အစားဆုံး နှင့် အကျိုးအမြတ် အများဆုံးဖြစ်သည်ဟု ဘောလုံးလက်ခွဲဒိုင် ကိုမင်းမောင်က ဧရာဝတီကို ပြောသည်။ ၎င်း လုပ်ကိုင်နေသည့် လုပ်ငန်း၏ ၇၀ မှ ၇၅ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်သည်ဟုလည်း သိရသည်။
ရန်ကုန် မြောက်ပိုင်း မြောက်ဒဂုံမြို့နယ်ရှိ ဆူညံနေသော လက်ဖက်ရည်ဆိုင်အတွင်းတွင် ရှက်တတ်ပုံရသော အသက် ၃၂ နှစ် အရွယ် ကိုမင်းမောင်က လေသံခပ်တိုးတိုးဖြင့် ဘောလုံးဒိုင်ကိုင်ခြင်းမှ သူ့အတွက် ၁ လလျှင် ကျပ်ငွေ ၂၀၀၀၀၀ ခန့် မြတ်ကြောင်း ပြောပြသည်။ သူက သူယုံကြည်စိတ်ချရသူ ၈ ယောက် မှ ၁၀ ယောက်ကြားခန့် ရှိသော လောင်းကစား သူများနှင့်သာ အလုပ်လုပ်သည် ဟုလည်းသိရသည်။
“ကျနော် ယုံကြည်တဲ့သူတွေနဲ့ပဲ အလုပ်လုပ်တယ်” ဟု သူကပြောသည်။
လောင်းကစားခြင်းသည် တရားဝင်လုပ်ငန်း မဟုတ်သည့်အတွက် အမှားအယွင်း တစုံတရာဖြစ်လျှင် မည်သူ့ထံကမှ ဥပဒေ ကြောင်းအရ အကူအညီတောင်း၍ မရနိုင်ပေ။ အချို့ဒိုင်များသည် ထိုးသားထံမှ လောင်းကြေးငွေများ မရရှိသည့် အခါများ ရှိသလို ထိုးသားများသည်လည်း နိုင်ပါလျက်နှင့် ဒိုင်က အလျော်ငွေ ပြန်မပေးသည့် အခါမျိုးလည်းရှိသည်။
“ကျနော် တခါတုန်းက သုံးသိန်း နိုင်တယ်။ ဒါပေမယ့် ဒိုင်က ပျောက်သွားတယ် ပေါ်မလာတော့ဘူး။ ကျနော် ဘယ်လိုတတ် နိုင်မှာလဲ။ ရဲကို သွားတိုင်ရမှာလား” ဟု ကိုအောင်ကျော်က ရယ်ရင်းပြောသည်။
ကိုမင်းမောင်က သူကောင်းကောင်းသိသည့် ထိုးသားများထံမှ လောင်းကြေးများကိုသာ လက်ခံသကဲ့သို့ပင် ကိုအောင်ကျော် သည်လည်း ယခုအခါတွင် သူသိပြီး ယုံကြည်ရသော ဒိုင်များထံတွင်သာ လောင်းတော့သည်။ “ဒီတယောက်ကို ကျနော် သိတာ ၆ နှစ် ၇ နှစ်လောက်ရှိပြီ” ဟု သူ၏ ဆမ်ဆောင်းဖုန်းထဲမှ အစောလေးတင်ကမှ ယခုတပတ်အတွက် တင်ခဲ့သည့် လောင်းကြေးများကို ကြည့်ရင်း ကိုအောင်ကျော်က ပြောသည်။
ကိုမင်းမောင်သည် လက်ခွဲဒိုင်ငယ်လေးသာ ဖြစ်သော်လည်း ဒိုင်ကြီးတယောက် ဖြစ်သည့် ကိုလင်းညို ကဲ့သို့ပင် လုပ်ငန်း အဆင်ပြေစေရန် အတွက် ရဲကို လိုင်းကြေးပေးရသည်။
“ကျနော် တလကို ၁၀၀၀၀ ပေးရတယ်။ လုံခြုံရေးအတွက်ပေါ့လေ” ဟု သူကဆိုသည်။ ထို့ပြင် သူ့အနေဖြင့် လူသိနည်းအောင် တတ်နိုင်သမျှ ကြိုးစားကြောင်း သို့မှာသာလျှင် နောက်ရဲတယောက်က သိသွားပြီး သူ့ကိုပါ ပိုက်ဆံပေးရမည့် အဖြစ်မျိုးကို ရှောင်နိုင်မည်ဟု ဆက်ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် ကိုလင်းညို အတွက် ဘောလုံးဒိုင်ကိုင်ခြင်းသည် အတော်လေး အကျိုးအမြတ်ရှိသော လုပ်ငန်းဖြစ်သည်။ ပုံမှန်ဘောလုံးရာသီ အချိန်တွင် အပတ်စဉ် အလျော်အစားငွေ လည်ပတ်မှုသည် ကျပ်ငွေ သန်း ၃၀ ခန့် ရှိသည်ဟု ဧရာဝတီကို ပြောပြသည်။
သို့သော် အမြတ်ငွေ တော်တော်များများက ရဲနှင့် ဒေသ ဆိုင်ရာတာဝန်ရှိသူများ လက်သို့ ရောက်သွားသည်ဟု သူက ဆိုသည်။ “ကျနော်တို့က အလှူငွေပေးတယ်လို့ ခေါ်တယ်။ တလကို ၃၀၀၀၀၀ လောက်ပေးရတယ်” ဟု ကိုလင်းညိုက ရယ်ရင်းပြောသည်။
ရဲနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများကို ပေးရသောငွေ ပမာဏကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မည့် နည်းလမ်းများကိုလည်း ကိုလင်းညို ရှာဖွေနေသည်။ “သီတင်းပတ်ကုန် ရက်တွေဆိုရင် ကျနော် အိမ်မှာမနေဘူး၊ တခြား နေရာတွေ သွားနေတယ်။ ဘယ်ကိုသွားမယ်လို့လဲ ကြိုတင်စီစဉ် မထားဘူး” ဟုသူကပြောသည်။ ရန်ကုန်မြို့ထဲက ဟိုတယ်ကြီးတွေသည် ကိုလင်းညိုတို့လို အိမ်မှာ အလုပ်မလုပ်ချင်သည့် ဘောလုံးဒိုင်တွေအတွက် သီတင်းပတ်ကုန်ရက်တွေမှာ အလုပ်လုပ်ကြသည့် နေရာတွေဖြစ်သည်။
တရားဝင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော ယုံကြည် လက်ခံနိုင်လောက်သည့် အချက်အလက်များ ရရှိနိုင်ရန်ပင် မလွယ်ကူသည့် မြန်မာနိုင်ငံတွင် လောင်းကစားစီးပွားရေး၏ အရွယ်အစားကို မသိနိုင်ပါ။ သို့သော်လည်း ယခင်က ခန့်မှန်း တွက်ချက်မှုများ အရဆိုလျှင် လောင်းကစား စီးပွားရေး၏ နေ့စဉ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်း ကြား တွင်ရှိသည်ဟု သိရသည်။ သန်းပေါင်းများစွာသော ပြည်သူများက ဆင်းရဲနွမ်းပါးမှု စံနှုန်းများ အောက်သို့ ရောက်နေချိန်တွင် လောင်းကစား စီးပွားရေးက စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံမျှ ရှိနေသည်။
မြန်မာနိုင်ငံတွင် လောင်းကစားခြင်းသည် ရှည်ကြာသော သမိုင်းအစဉ်အလာလည်း ရှိခဲ့သည်။ ကိုလိုနီခေတ်က မြန်မာနိုင်ငံ တွင် ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ဖူးသော စာရေးဆရာကြီး George Orwell သည် သူ၏ ကျော်ကြားသော Animal Farms နှင့် 1984 ဝတ္ထုများတွင် အကြွင်းမဲ့ အာဏာရှင်စနစ်နှင့် ပြည်သူများကို စောင့်ကြည့်ထိန်းချုပ်သည့် စနစ်ထွန်းကားလာမည် ဖြစ်ကြောင်းကို ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်၍ ဟောကိန်းထုတ် ရေးသားခဲ့သူဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သူ၏ အစောပိုင်း လက်ရာတခုဖြစ်သော An Incident in Rangoon အက်ဆေးတွင် “လောင်းကစားခြင်းသည် သူတို့ (မြန်မာတို့) ၏ ပင်ကိုယ် စိတ်ခံစားမှုဖြစ်သည်။ ကျနော်တို့ (အင်္ဂလိပ်များ) အရက်ကြိုက်တတ်ကြသလိုပင် ဖြစ်သည်” ဟု ရေးသားခဲ့သည်။
၂ လုံး၊ ၃ လုံး စသည့် ဂဏန်းထီများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၀၅ ခုနှစ်တွင် ပေးပို့သည့် ကြေးနန်းသတင်းတွင် “အဆိုပါ ထီလောင်းကစားခြင်းတွင် ပြည်သူ မည်မျှ ပါဝင်နေသည်ကို သိရန် မဖြစ်နိုင်သော်လည်း သတင်းစုဆောင်းပေးသူ တယောက်၏ ခန့်မှန်းမှုအရ အရွယ်ရောက်ပြီးသူတို့၏ ၇၀ ရာခိုင်နှုန်း ( လူ ၁၇.၅ သန်းကျော်) သည် ထီလောင်းကစားခြင်းကို ပုံမှန်ပြုလုပ်ကြသည်ဟု ကျွန်ုပ်တို့ကြားသိရသည်” ဟု ဖော်ပြခဲ့သည်။
အဆိုပါ သတင်းပေးပို့မှုတွင် ယောက်ျားလေးများက ပိုပြီး စိတ်ဝင်စားကြသည့် ဘောလုံးပွဲ လောင်းကစားကို ထည့်သွင်း ရည်ညွှန်းထားခြင်း မရှိပါ။ ၂ လုံး နှင့် ၃ လုံး ထီလောင်းကစားတွင်မူ ကျား၊ မ မရွေး ပါဝင်ကြသည်။
မြန်မာနိုင်ငံတွင် လောင်းကစားခြင်းသည် လူနည်းစုသာ တတ်ကျွမ်းသည့် အခြားသော ကဏ္ဍအချို့နှင့်လည်း ပေါင်းစပ်၍ နေသည်။ ဂဏန်းဗေဒင်သည် မြန်မာများ မည်သို့လောင်းရမည်ကို တွက်ချက်ရာတွင် အသုံးများသည်။ တခါတရံ လက္ခဏာဆရာများ၊ နက္ခတ်ဗေဒင် ပညာရှင်များ နှင့်လည်း တိုင်ပင်ဆွေးနွေးတတ်ကြသည်။
သုတေသီ တဦးဖြစ်သော ဒေါ်မိမိချိုက သူ၏ Female Gambler, Media and Modernity in Myanmar After 1997 စာတမ်းတွင် “ ၂ လုံး၊ ၃ လုံး ဂဏန်းများ ပေးလေ့ရှိသော ကျော်ကြားသည့် နတ်ဝင်သည် တယောက်သည် အသက် ၃၀ ဝန်းကျင်လောက်ရှိမည့် အမျိုးသမီး တယောက်ဖြစ်သည်။ လူတွေက သူ့ထံသို့လာပြီး စီးပွားရေး အခြေအနေများ၊ အခက်အခဲများနှင့် ကျောင်းသား အချို့က စာမေးပွဲကိစ္စနှင့် ပတ်သက်၍ မေးမြန်းတတ်ကြသည်” ဟု ရေးသားခဲ့သည်။ အဆိုပါ နတ်ဝင်သည်က သူသည် ပြည်ဒေသမှ ထင်ရှားသည့် “မြစိမ်းမင်းသမီး” နတ်နှင့် ဝိဉာဉ်ချင်း ဆက်သွယ်ကာ ဟောကြားခြင်းဖြစ်ကြောင်း ဒေါ်မိမိချိုကို ပြောကြားခဲ့သည်။
သို့သော် အနောက်နိုင်ငံများတွင်လည်း လျှို့ဝှက်ဆန်းကျယ်သော ပညာရပ်များကို လောင်းကစားရာတွင် အားကိုးအားထား ပြုခြင်းသည် မြန်မာနိုင်ငံနှင့် တူတူပင်ဖြစ်သည်။ ထိုသို့ ယုံကြည်လက်ခံခြင်းမှာ အငယ်စား လောင်းကစားသမားများသာ မဟုတ်ပေ။ အဓိက ပင်မ စီးပွားရေး နှင့် ဘဏ္ဍာရေး လုပ်ငန်းကြီးများ၏ လောင်းကစားဆန်သည့် လုပ်ငန်းများတွင် အစဉ်အဆက် ပါဝင်ခဲ့သော ရှေ့ဖြစ်နိမိတ် ဟောကိန်းများ၏ အခန်းကဏ္ဍကို လေ့တာတင်ပြထားသည့် “A World of Chance: Betting on Religion, Games, Wall Street” စာအုပ်ကို ပူးတွဲရေးသားခဲ့သူ ကနေဒါနိုင်ငံ McGill တက္ကသိုလ်မှ ပါမောက္ခ Reuven Brenner က အနောက်တိုင်း ဘဏ္ဍာရေးလောကတွင် ဗေဒင်ပညာက အထောက်အကူ တရပ်အနေဖြင့် ရှိနေခဲ့ သည်မှာ ကာလကြာမြင့်ခဲ့ပြီဟု ဧရာဝတီသို့ ပြောသည်။ “ Wall Street မှာ လျှောက်ကြည့်လိုက်ပါ။ ရုံးခန်းတွေ ရှေ့မှာ လက္ခဏာ ဆရာတွေ၊ ဗေဒင်ဆရာတွေ တွေ့လိမ့်မယ်” ဟု သူကဆိုသည်။
သို့သော်လည်း ဘောလုံးလောင်းကစားတွင် ၂ လုံး၊ ၃ လုံး ထီများနှင့် အနောက်တိုင်း Wall Street ဘဏ္ဍာရေး ဌာနများကဲ့သို့ မဟုတ်ဘဲ ဝိဉာဉ်လောကနှင့် ပို၍ကင်းကွာ သကဲ့သို့ ထင်ရသည်။ အသင်း၏ အခြေအနေနှင့် အရည်အသွေးကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး တခါတရံ လောင်းကစား သမားများသည် မိမိတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒ အကြိုက်ကို ဘေးဖယ်၍ စဉ်းစားရခြင်းမျိုးလည်း ရှိသည်။
“ကျနော်တို့က ကျနော်တို့ ကြိုက်တဲ့ အသင်းကို လောင်းတယ်။ ဒါမှမဟုတ်ရင် နိုင်မယ်ထင်တဲ့ အသင်းကိုလောင်းတယ်” ဟု ကိုဘိုမင်း ကပြောသည်။
အားကစားတွင် အလောင်းအစားလုပ်ခြင်း အပါအဝင် လောင်းကစားခြင်းသည် ဥပဒေတွင်း သို့မဟုတ် ဥပဒေပ ဖြစ်သည် ဆိုသည့် အချက်သည် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း အငြင်းပွားဖွယ်ရာ ကိစ္စတခုဖြစ်သည်။ လောင်းကစားခြင်းကို ဆန့်ကျင်သူများက ထိုအလေ့အထကို စွဲလမ်းခြင်းဖြင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ပေါက်ဖွားလာစေလိမ့်မည်ဟု ဆိုကြသည်။ တရားဝင်ဖြစ်ရေးကို ထောက်ခံသူများကမူ တားမြစ်ကန့်သတ် ထားခြင်းသည် မှောင်ခိုစီးပွားရေးကို ဖန်တီးပေးလိမ့်မည်ဖြစ်ပြီး တိုင်းပြည်၏ အခွန်ငွေရရှိမှုကိုလည်း ကျဆင်းလျော့နည်း စေလိမ့်မည်ဟု ပြန်လည်ပြောဆိုခဲ့ကြသည်။
မိဘများကို လုပ်ကျွေးထောက်ပံ့နေသော ကိုမင်းမောင် အတွက်မူ တရားမဝင် ဘောလုံး ဒိုင်ကိုင်ခြင်းသည် သူ လုပ်နိုင်သမျှ၏ အစွမ်းကုန်ဖြစ်သည် ဟု သူကဆိုသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် လူငယ်အလုပ်လက်မဲ့ များပြားမှု ပြဿနာသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆိုခဲ့သလိုပင် လူမှုရေးတည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်။
“ကျနော့်မှာ တခြားလုပ်စရာ အလုပ်မရှိဘူး၊ ကျနော်လည်း ကုန်သည်စီးပွားရေးသမား တယောက်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်မိဘကို ထောက်ပံ့ရဦးမယ်။ ကျနော် ပိုက်ဆံ မစုနိုင်သေးဘူး” ဟု ကိုမင်းမောင်ကပြောသည်။
A World of Chance စာအုပ်တွင် စာရေးသူ Reuven Brenner က အင်္ဂလန်နိုင်ငံမှ Royal Commission on Gambling (1976-78) ၏ သုံးသပ်ချက်နှင့် အမေရိကန်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အရက်ကို ပိတ်ပင်တားမြစ်ထားခြင်း ကို ရုပ်သိမ်းရန်အတွက် လွှတ်တော် အမတ်များ ဆွေးနွေးသုံးသပ်ခဲ့သည်များ နှင့် နှိုင်းယှဉ်ဖော်ပြထားသည်။
အင်္ဂလန် နိုင်ငံ မှ လောင်းကစားခြင်း လေ့လာချက်တွင် “တားမြစ်ပိတ်ပင်ထားခြင်းသည် အလွန်သိသာသော မိုက်မဲမှု ဖြစ်သည်” ဟု ဖော်ပြ ခဲ့သည်။ “ဆင်းရဲ နွမ်းပါးသူများကြားတွင် လောင်းကစားခြင်း တင်းကျပ်စွာ ထိန်းချုပ်ခြင်း၊ ဥပဒေဖြင့် တားမြစ်ခြင်းသည် စိတ်ဓာတ်ပျက်ပြား ထိခိုက်မှုကို ဖြစ်စေပြီး ရဲများကိုလည်း လာဘ်ပေးလာဘ်ယူ ပြုစေနိုင်သည့်အတွက် အာဏာပိုင် များကို အထင်အမြင်သေးခံရခြင်းများ ဖြစ်လာနိုင်သလို လောင်းကစား စီးပွားရေးသည်လည်း ဥပဒေ ပြင်ပသို့ ရောက်ရှိသွား မည့်အပြင် မသမာမှုလုပ်ငန်းများကို ကာကွယ်ရင်း အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်လာလိမ့်မည်” ဟု မှတ်ချက်ပေးခဲ့သည်။
ဗြိတိန်လောင်းကစား လုပ်ငန်းရှင်များအဖွဲ့ (Association of British Bookmakers) ၏ ကိုယ်စား Deloitte စာရင်းစစ်အဖွဲ့ က ၂၀၁၃ခုနှစ် မေလတွင် ပြုလုပ်ပေးခဲ့သော လေ့လာမှုအရ ဗြိတိန်စီးပွားရေးတွင် စတာလင်ပေါင် ၂.၃ ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၃.၆ ဘီလီယံ) ခန့်ပါဝင်နေပြီး အလုပ်အကိုင်နေရာ ၄၀၀၀၀ ကျော် ဖန်တီးပေးထားသည်ဟု သိရသည်။ သို့ သော်လည်း ၂၀၁၀ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတခုတွင်မူ လောင်းကစားခြင်းက လူ့အသိုင်းအဝိုင်းအပေါ်တွင် သက်ရောက်မှု မရှိဟု မဆိုနိုင်ကြောင်း ဝန်ခံခဲ့သည်။
အဆိုပါ ၂၀၁၀ စစ်တမ်း အတွက် မေးမြန်းခံခဲ့ရသူ အများစုက တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်ကြောင်း ဖြေကြားခဲ့ကြသည်။ “တရားဥပဒေ စိုးမိုးမှု မရှိ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့သော မြန်မာနိုင်ငံတွင်မူ လောင်းကစားခြင်းသည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်သည်။ လွှတ်တော်က ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်သည့် အနေဖြင့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဥပဒေ ၆၈ ခု ပြဌာန်းပေးခဲ့ပြီး ဖြစ်သော်လည်း လောင်းကစားကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များ ၏ ဦးစားပေး အကြောင်းအရာ မဟုတ်သဖြင့် လွှတ်တော်တွင် ယခုအချိန်အထိ ပြောဆိုဆွေးနွေးခြင်း မရှိသေးပေ။
“လောင်းကစားဆိုတာ မြန်မာတွေရဲ့ ကိုယ်ကျင့်စရိုက်နဲ့ ဆန့်ကျင်ဖက်လို့ ထင်ကြတယ်။ ဒါကြောင့် ဥပဒေကို ပြောင်းဖို့ ဆိုတာမျိုး ထုတ်ပြောဖို့ ဘယ်သူမှ အဆင်သင့် မဖြစ်သေးဘူးလို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများသည် သာမန်ပြည်သူများနှင့် ကင်းကွာနေသလို ဖြစ်နေပါမည်။
မြန်မာနိုင်ငံတွင် လောင်းကစားခြင်းကို ပိတ်ပင်ထားသည့် အပေါ် ၎င်း၏ အမြင်ကို မေးကြည့်သည့် အခါ “တခြားနိုင်ငံတွေမှာလိုမျိုး တရားဝင် ဖြစ်သင့်တာပေါ့” ဟု ကိုအောင်ကျော်က ပြောသည်။
သံဗူးထဲက အားဖြည့်အချိုရည်ကို နည်းနည်းချင်း စုပ်သောက်နေသည့် ကိုဘိုမင်းကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ် ပြသည်။ သူခေါင်းကို မလှုပ်မီ အချိန်လေးတွင် အာဆင်နယ်အသင်းမှ ချက်လူမျိုး အလယ်တန်းလူ သောမတ်စ်ရိုဆစ်စကီး ၏ အားပါသည့် ကန်ချက်က အက်စတန်ဗီလာ ဂိုးပေါက်နှင့် ကိုက်အနည်းငယ်အကွာမှ လိမ့်ထွက်သွားသည်။ ကိုဘိုမင်း နှင့် ကိုအောင်ကျော်တို့၏ နောက်ဆုံး မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့ရလေပြီ။
(လောင်းကစားဒိုင်များ၊ ထိုးသားများ နှင့် တွေ့ဆုံမေးမြန်းမှုတွင် နာမည်များလွှဲပြောင်းထားပါသည်။)
(Simon Roughneen ၏ As English Football Season Starts, Burma’s Gamblers Play the Odds ကို နိုင်မင်းသွင် ဘာသာပြန်သည်)